တိုက်ပွဲမရှိတဲ့ ဝိုင်းမော်မှာ စစ်ကောင်စီ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် လမြန်ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားတာမရှိပေမယ့် စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဒီနေ့ ဧပြီလ ၁ ရက်နေ့ မနက်ပိုင်း ၇ နာရီဝန်းကျင်ခန့်ကနေ လမြန်ကျေးရွာတဝိုက်ကို စစ်တပ်က ဒရုန်းနဲ့ ၅ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဝါရှောင်ဆရာတော်က KNG ကိုပြောပါတယ်။
“ငလျင်ဖြစ်ပြီး နောက်တစ်ရက်အထိ ပြန်ငြိမ်သွားတယ်။ ဒီကနေ့ မနက် ၇ နာရီကနေ ၉ နာရီလောက်အထိ လမြန်ရွာမှာ ဒရုန်းနဲ့ ချတာ။ ဒရုန်းသံတွေတအားကျယ်တော့ ကျောင်းမှာ စာမေးပွဲဖြေမယ့် ကလေးတွေကကြောက်နေကြတာ”လို့ပြောပါတယ်။
ယခုရက်ပိုင်းအတွင်းမှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်တပ်ဘက်ကနေ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေရှိနိုင်တဲ့ နေရာတွေကို ဒရုန်းနဲ့ လာရောက်တိုက်ခိုက်နေတာဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိဖြစ်ပေါ်နေတဲ့ သဘာဝကပ်ဘေးကြောင့် ပြည်သူတွေ ဒုက္ခရောက်နေတဲ့အချိန် ပစ်ခတ်တာတွေမလုပ်ဖို့ ဆက်လက်တောင်းဆိုနေတာလည်းဖြစ်ပါတယ်။
“လူကြီးတွေက ဘယ်လိုညွန်ကြားထားတာလည်းမသိဘူး။ သူတို့ကိုယ်တိုင်ကော အဆက်အသွယ်ရတာလား မရတာလားမသိရဘူးလေ။ ဘာပဲဖြစ်ဖြစ်ပြည်သူတွေက အသံကြားတာနဲ့ ကြောက်လန့်နေရပြီလေ။ စစ်က အတတ်နိုင်ဆုံး မဖြစ်ဖို့ပါပဲ”လို့ပြောပါတယ်။
မြန်မာပြည်အောက်ပိုင်းဒေသတွေမှာ ငလျင်ဘေးကြောင့် ပြည်သူလူထုတွေ ဝမ်းနည်းပူဆွေးနေတဲ့ အချိန် စစ်ကောင်စီတပ်က ကချင်ပြည်နယ်ထဲမှာ လေကြောင်း၊ ဒရုန်း ပစ်ခတ် တိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင်နေတာဖြစ်ပါတယ်။
ဝိုင်းမော်မြို့နယ်ထဲမှာ တိုက်ပွဲငြိမ်းသက်နေတာဖြစ်ပေမယ့် စစ်ကောင်စီတွေက ဝိုင်းမော်ခလရ ၅၈ တပ်ရင်း၊ ဝူယာန်ပြည်သူ့စစ်တပ်စခန်း နဲ့ မြစ်ကြီးနား မြောက်ပိုင်းတိုင်း(မပခ) တပ်နေရာတွေကနေ နေ့စဉ်ဆက်မပြတ် လက်နက်ကြီးပစ်ခတ်နေတယ်လို့ ဒေသခံတွေပြောပါတယ်။
ကချင်ပြည်နယ်ထဲမှာ စစ်ကောင်စီတပ်က ထိုးစစ်ဆင်တိုက်ခိုက်တာတွေ ရပ်နားတာတွေ မရှိတဲ့အတွက် ခုခံတိုက်ပွဲတွေ ဖော်ဆောင်နေရတာဖြစ်တယ်လို့လည်း KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကိုပြောဆိုထားတာလည်းဖြစ်ပါတယ်။
ဒါ့အပြင် မတ်လ ၃၁ ရက်နေ့မှာလည်း မိုးညှင်းခရိုင် KIA တပ်မဟာ ၈ ဒေသထဲကို စစ်ကောင်စီ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားထိခိုက် သေဆုံးမှုရှိခဲ့တယ်လို့ သတင်းတွေထွက်ပေါ်နေပေမယ့် ဖုန်း၊အင်တာနက်လိုင်း ပယအခက်ခဲကြောင့် အသေးစိတ်သိရဖို့ ခက်ခဲနေပါတယ်။
By – နော်ထွယ့်(ဟူးကောင့်)