သတင်း

လိုင်ဇာမှာ Positive Vibe Zone လူငယ်အဖွဲ့ဦးဆောင်ပြီး ငလျင်ဘေးနဲ့ စစ်ဘေးသင့်ပြည်သူတွေအတွက် ရံပုံငွေရှာ

ကချင်ပြည်နယ် လိုင်ဇာမြို့မှာ ငလျင်ဘေးနဲ့ စစ်ဘေးသင့် ပြည်သူတွေအတွက် Positive Vibe Zone လူငယ်အဖွဲ့ကနေ ဦးဆောင်ပြီး ရံပုံငွေရှာဖွေတဲ့ လှုပ်ရှားမှုပြုလုပ်ခဲ့တယ်လို့ တာဝန်ခံအမျိုးသမီးတစ်ဦးက KNG ကိုပြောပါတယ်။

အဓိကအားဖြင့် Positive Vibe Zone လူငယ်အဖွဲ့အစည်းကနေ ဦးဆောင်ပြီး လိုင်ဇာမြို့က လူငယ်တွေအပါအဝင် စစ်ရှောင်လူငယ်တွေ ကနေပြီးတော့ အဆို၊ အက‌ဖျော်ဖြေပြီး အလှူကောက်ခံမှုတွေ ပြုလုပ်ခဲ့သလို ကချင်အဆိုတော် မိုင်မိုင်ဆိုင်းနဲ့ ကချင်အနုပညာရှင်တစ်ချို့လည်း ပါဝင်အားဖြည့်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒီအစီအစဉ်ကိုတော့ ဧပြီလ ၂ ရက်နေ့ကနေ စတင်ခဲ့တာဖြစ်ပြီး မတ်လ၂ ရက်နေ့မှာ အလှူငွေ ၃,၂၃၁,၄၀၀ ကျပ်နဲ့ တရုတ်ယွမ် ၁၅၃၀၊ ဧပြီလ ၃ ရက်နေ့မှာတော့ ၂,၈၆၃,၀၀၀ကျပ်နဲ့ ယွမ်၁၇၀၀ ကောက်ခံရရှိခဲ့တယ်လို့ Positive Vibe Zone ရဲ့ ဖေ့စဘုတ်ပေ့စ် ဖော်ပြချက်အရ သိရပါတယ်။

ကချင်ပြည်နယ်မှာက ငလျင်ကြောင့် ထိခိုက်ပျက်စီးတာ မရှိပေမယ့် စစ်ရေးပြင်းထန်နေတဲ့အတွက် ဗန်းမော်ကနေ ရှောင်လာတဲ့သူတွေမှာ အခက်အခဲတွေရှိတယ်။ ငလျင်ဘေးအတွက်ကတော့ ပိုလိုအပ်တဲ့နေရာတွေမှာ မြေပြင်မှာလှုပ်ရှားနေတဲ့ ယုံကြည်ရတဲ့သူတွေနဲ့ ကူညီသွားမှာ ဖြစ်ပါတယ်လို့ လူငယ်တာဝန်ခံ အမျိုးသမီးက ပြောပါတယ်။

ရရှိလာတဲ့ အလှူငွေတွေကို စစ်ဘေးသင့်ပြည်သူတွေနဲ့ ငလျင်ဒဏ်သင့် ပြည်သူတွေဆီကို တစ်ဝက်စီ အညီအမျှ ခွဲဝေပေးသွားမှာဖြစ်တယ်လို့ သူမက ခုလို ဆက်ပြောပါတယ်။

အဓိကကတော့ ကချင်ပြည်မှာ လက်ရှိ စစ်ဒဏ်ကို ဆိုးဆိုးဝါးဝါး ခံနေရပေမယ့် လူငယ်တွေကနေပြီးတော့ ငလျင်ဒဏ်သင့်တဲ့ ပြည်သူတွေကို ချစ်ခြင်းမေတ္တာပြသပြီး မြန်မာ နိုင်ငံမှာ ဖြစ်နေတဲ့ အရာတွေ အပေါ်မှာလည်း ထပ်တူခံစားရပြီး တက်နိုင်သလောက်ပါဝင်တာ ဖြစ်ပါတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံအလည်ပိုင်း စစ်ကိုင်း၊ မန္တလေးနေရာမျိုးမှာ ငလျင်ဒဏ်ကြောင့်ထိခိုက်ရှုံးဆုံးမှုကြုံရချိန်မြန်မာနိုင်ငံအထက်ပိုင်း ကချင် ပြည်နယ်က ဘာသာရေးအဖွဲ့အစည်းတွေ၊ လူမှုကယ်ဆယ်ရေးအဖွဲ့အစည်းတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ လူငယ်တွေနဲ့ ပြည်သူလူထုအားလုံးတက်နိုင်တဲ့ဘက်ကနေ ကူညီဆောင်ရွက်မှုတွေ ပြုလုပ်နေဆဲဘဲ ဖြစ်ပါတယ်။

မတ်လ ၂၈ ရက်နေ့ စစ်ကိုင်းနဲ့မန္တလေးမြို့တွေကို အဓိကဗဟိုပြုပြီးလှုပ်ခတ်သွားတဲ့ ၇ဒဿမ ၇ ပြင်းအားရှိတဲ့ ငလျင်ဒဏ်ကြောင့် မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်က နေအိမ်အဆောက်အဦးတွေအပါအဝင် စစ်ကိုင်းတံတား၊ သမိုင်းဝင်အဆောက်အဦးများ ပြိုကျ ပျက်စီးခဲ့ရတာဘဲ ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ ဧပြီလ ၃ရက်နေ့ ထုတ်ပြန်ချက်မှာတော့ သေဆုံးသူ ၃၀၀၀ ကျော် ရှိလာပြီး ပြည်တွင်းပြည်ပ လူမှုကယ်ဆယ်ရေးအသင်းတွေနဲ့ အရပ်ဘက်ဘက်အဖွဲ့အစည်းတွေကငလျင်ဒဏ်သင့်ပြည်သူတွေကို ကူညီဆောင်ရွက်မှုတွေ ပြုလုပ်နေဆဲ ဖြစ်ပါတယ်။

By – Hope

Show More

Related Articles

Back to top button