လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

စစ်ကောင်စီလက်ချက်ကြောင့် တစ်လအတွင်းအမျိုးသမီး ၆၆ ဦးသေဆုံး

မြန်မာနိုင်ငံတစ်ဝှမ်း ပြီးခဲ့တဲ့မတ်လ ၁ လအတွင်း စစ်ကောင်စီရဲ့လက်ချက်ကြောင့် အမျိုးသမီး ၆၆ ဦးအထိသေဆုံးခဲ့ရတယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ BWU က ထုတ်ပြန်ပါတယ်။

မတ်လ ၂၈ ရက်နေ့ စစ်ကိုင်းနဲ့မန္တလေးတို့ကို ဦးတည်ပြီးလှုပ်ခတ်ထားတဲ့ အားပြင်းငလျင်ကြောင့် သေဆုံးမှုထောင်နဲ့ချီရှိခဲ့ပေမဲ့လည်း စစ်ကောင်စီတပ်က စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ်အမျိုးမျိုးသော ရာဇဝတ်မှုအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကျူးလွန်နေဆဲလို့ ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။

ဒါ့အပြင် အခုလိုသဘာဝဘေးကြောင့်နိုင်ငံတစ်ဝှမ်းပူဆွေးနေရချိန်မှာလည်း စစ်ကောင်စီက အရင်လတွေထက် လေကြောင်းတိုက်ခိုက်မှုကိုပိုမိုအသုံးပြုနေတာကိုတွေ့ရသလို စစ်ကြောင်းထိုးရင်းအမျိုးသမီးတွေကိုအကြမ်းဖက်သတ်ဖြတ်တာတွေကို တွေ့ရတယ်လို့ BWU ရဲ့တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုအပြင် ဒီလထဲမှာဆိုရင် သေဒဏ်ပေးတာ၊ အမျိုးသမီးတွေကိုစစ်ကြောင်းထိုးရင်း အပြစ်မဲ့သတ်ဖြတ်တာ၊ အကြမ်းဖက်ပြီးတော့ သတ်ဖြတ်တာတွေတွေ့ရတယ်။ အရင်နဲ့မတူတဲ့ထူးခြားတာတွေပြောဆိုရင်ဒါတွေပြောလို့ရတယ်။ ပြီးတော့နောက်ထပ်ထူးခြားမှုက ဘာရှိလဲဆိုရင် လေကြောင်းတိုက်ခိုက်မှုတွေကအရင်လတွေထက်စာရင် အကြိမ် ရေစိပ်လာတာတွေ့ရတယ်လို့ပြောပါတယ်။

သေဆုံးခဲ့ရတဲ့ထဲ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ၅၀ဦး၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် ၅ ဦး၊ မြေမြုပ်မိုင်းကြောင့် ၂ ဦး နဲ့ သတ်ဖြတ်ခံရမှုကြောင့် ၇ ဦး၊ မီးရှို့သတ်ဖြတ်မှုကြောင့် ၁ ဦး နဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကြောင့် ၁ ဦး သေဆုံးခဲ့ရတယ်လို့ ထုတ်ပြန်ချက်အရသိရပါတယ်။

ဒါ့အပြင် သေဆုံးသူ ၆၆ ဦးထဲ အသက် ၁၈ နှစ်အောက်အမျိုးသမီးငယ် ၂၄ ဦးအထိပါဝင်ခဲ့ပြီး စစ်ကောင်စီလက်ချက်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ၈၈ ဦးထိရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒီအချက်အလက်တွေဟာ သတင်းမီဒီယာတွေအပြင် မြေပြင်မှအချက်အလက်ကောက်ယူထားတာကိုပြန်လည်တင်ပြခြင်း ဖြစ်ပြီး မြေပြင်သတင်းတွေကိုလက်လှမ်းမှီဖို့ အမျိုးမျိုးသောအခက်အခဲတွေရှိတာကြောင့် မြေပြင်မှာ သေဆုံးထိခိုက်ဒဏ်ရာ ရရှိသူကိန်းဂဏန်းက ပိုများပြားနိုင်တယ်လို့ ထုတ်ပြန်ချက်မှာရေးသားထားပါတယ်။

ကျမတို့ ဒီလိုအမျိုးသမီးတွေသေဆုံးမှုကို လစဥ်ထုတ်ပြန်နေရတဲ့ရည်ရွယ်ချက်ကတော့ ကျူးလွန်ခံရတဲ့အမျိုးသမီးတွေ အတွက် တရားမျှတမှုရရှိဖို့အတွက် ဦးတည်ပြီးလုပ်ဆောင်နေတာဖြစ်တယ်။ ဒီလိုအချက်လက်တွေက ကျမတို့ စည်းရုံးရေး ခရီးစဥ်မှာဘဲဖြစ်ဖြစ် အကြမ်းဖက်မှုတွေရပ်တန့်ဖို့ပြောနေတာဖြစ်ဖြစ် ဒီလိုအချက်အလက်တွေကိုင်ပြီးတော့မှပြောနိုင်အောင် ဆိုတဲ့ရည်ရွယ်ချက်နဲ့ထုတ်ပြန်ရခြင်းဖြစ်တယ်လို့ BWU တာဝန်ရှိသူက ဆက်ပြောပါတယ်။

သေဆုံးသူ ၆၆ ဦးမှာ ကချင်ပြည်နယ်က ၂ ဦးပါဝင်ပြီး မကွေးတိုင်းက ၁၅ ဦးနဲ့အများဆုံးသေဆုံးခဲ့ရသလို၊ မန္တလေးနဲ့ရှမ်းပြည် နယ်က ၁၂ ဦး၊ စစ်ကိုင်းတိုင်းက ၉ ဦး အပါအဝင် ပဲခူးတိုင်းက ၇ ဦး၊ ကရင်နီ၊ ကရင်၊ တနင်္သာရီ၊ ရခိုင် တို့က ၂ ဦး နဲ့ ဧရာဝတီ တိုင်းက ၁ ဦး သေဆုံးခဲ့ရတာလို့သိရပါတယ်။

ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ တစ်လအတွင်းမှာလည်း နိုင်ငံတစ်ဝှမ်း အမျိုးသမီး ၆၆ ဦးအထိ သေဆုံးခဲ့ရသလို အဲ့ဒီထဲမှာကချင်ပြည်နယ်က အမျိုးသမီး ၆ ဦးအထိသေဆုံးခဲ့ရပါတယ်။

ရာစုနှစ်တစ်ခုကျော်အတွင်း စစ်ကိုင်းနဲ့မန္တလေးမြို့တွေကိုဗဟိုပြုပြီးလှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် အပစ်ရပ်၊ ထိုးစစ်ရပ်ကြောင်း စစ်ကောင်စီတပ်၊ KIA အပါအဝင် လက်နက်ကိုင်တပ်ဖွဲ့တွေကအပြန်အလှန်ထုတ်ပြန်ထားကြပေမဲ့ နိုင်ငံ တစ်ဝှမ်းမှာတော့ နှစ်ဖက်တိုက်ပွဲတွေဆက်ဖြစ်နေဆဲဖြစ်သလို စစ်ကောင်စီတပ်ကလည်းလေကြောင်းတိုက်ခိုက်မှုတွေကို ဆက်လက်ပြုလုပ်နေဆဲဖြစ်ပါတယ်။

By – အမိုး

Show More

Related Articles

Back to top button