တိုက်ပွဲသတင်း

အပစ်ရပ်ကာလထပ်တိုးကြောင်းကြေညာနေတဲ့ စစ်ကောင်စီတပ် အင်းတော်ကြီးဒေသမှာ လေကြောင်းတိုက်ခိုက်နေ

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ နန့်မွန်းမြို့အနီးတဝိုက်မှာ စစ်ကောင်စီတပ်နဲ့ ရှမ်းနီပြည်သူ့စစ်ပူးပေါင်းတပ်က မြေပြင်စစ်အင်အားတိုးချဲ့နေတဲ့အပြင် လေကြောင်းနဲ့ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိပေမယ့် ဧပြီလ ၁၁ ရက်နေ့နောက်ပိုင်း စစ်ကောင်စီတပ်နဲ့ရှမ်းနီအမျိုးသားများတပ်မတော် (SNA)ပူးပေါင်းတပ်ဟာ အင်းတော်ကြီးဒေသ KIA နဲ့ PDF ပူးပေါင်းတပ်ထိန်းချုပ်ထားတဲ့ ဆနွမ်းကုန်း(Sanun Kawng) ဘက်ကို စစ်ကြောင်းထိုးဝင်လာပြီး စစ်ရေးလှုပ်ရှားမှုတွေစတင်လာတာလို့ သိရပါတယ်။

အဲဒီစစ်ကြောင်းကို  KIA ပူးပေါင်းတပ်က စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။အဲဒီနောက် ဧပြီလ ၂၂ ရက်နေ့ ဆနွမ်းကုန်း(Sanun Kawng) ဘက်ကို လေကြောင်းနဲ့ နှစ်ကြိမ်ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ ဒေသခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။

မနေ့က မနက်အစောပိုင်း ၂ နာရီလောက်မှာ နန့်မွန်းမြို့နဲ့ တစ်မိုင်လောက်အကွာမှာရှိတဲ့ ဆနွမ်းကုန်းမှာ လေယာဉ်ဗုံး လာကြဲသွားတယ်။ ပြီးရင် မနေ့ည ၁၁ နာရီလောက်မှာလည်း တစ်ကြိမ် ထပ်လာကြဲသွားတယ်လို့ပြောပါတယ်။

ဒေသခံတွေပြောချက်အရ စစ်ကောင်စီပူးပေါင်းတပ်ဟာ KIA နဲ့ PDF တပ်တွေရှိတဲ့ ဆနွမ်းကုန်းနေရာဘက်ကို လေကြောင်းပစ်ခတ်တာအပြင်  နန့်မွန်းစစ်တပ်ကုန်းကနေလည်း လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေတဲ့အတွက် ဒီကနေ့ ဧပြီလ ၂၃ ရက်နေ့ မနက်ပိုင်းအထိ လက်နက်ကြီးသံတွေ အဆက်မပြတ်ကြားနေရတယ်လို့ ဒေသခံတွေပြောပါတယ်။

ခုလို နန့်မွန်းမြို့အနီးပတ်လည်လက်နက်ကြီးသံတွေ ထွက်ပေါ်နေတဲ့အတွက် နန့်မွန်း၊ ရွှေလက်ပံ၊ မိုင်းနောင် ဒေသခံပြည်သူအများပိုင်းက ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့လည်း သိရပါတယ်။

၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းအထိ တိုက်ပွဲတွေငြိမ်သက်နေတဲ့ အင်းတော်ကြီးဒေသမှာ ဖေဖော်ဝါရီလဆန်းပိုင်းကနေ စစ်ကောင်စီတပ် တပ်မ ၃၃ နဲ့ SNA ပူးပေါင်းတပ်တို့ စစ်ရေးစတင်လှုပ်ရှားတာ၊ ဒီရက်ပိုင်းအတွင်း လေကြောင်းနဲ့ ဆက်တိုက်ခိုက်ဗုံးကြဲတိုက်ခိုက်လာတာနဲ့ပတ်သက်ပြီး ကချင်နိုင်ငံရေး သုံးသပ်သူတစ်ဦးက အခုလိုပြောပါတယ်။

ဒီရက်ပိုင်း စစ်ကောင်စီတပ်နဲ့ ရှမ်းနီပြည်သူ့စစ်တွေ စစ်ကြောင်းထိုးနေသလို လေကြောင်းနဲ့လည်း တိုက်ခိုက်နေတာကိုကြည့်ရင် အင်းတော်ကြီးနဲ့ ဖားကန့်သွားလမ်းက KIA တပ်စခန်းတွေကို ပြန်လည်တိုက်ခိုက်လာတယ်လို့ပဲမြင်ပါတယ်လို့ပြောပါတယ်။

အင်းတော်ကြီးဒေသမှာ စစ်ကောင်စီတပ်နဲ့ ရှမ်းနီပြည်သူ့စစ်တွေဟာ မြေပြင်စစ်ကြောင်းထိုးပြီး လေကြောင်းနဲ့အပါ တိုက်ခိုက်တာအပြင် မိုးညှင်းမြို့ပေါ်ဘက်ကလည်း လက်နက်ကြီး ပစ်ကူပေးတာတွေရှိတယ်လို့လည်း ဟိုပင်ဒေသခံပြည်သူတွေဆီကနေသိရပါတယ်။

အင်းတော်ကြီးဒေသမှာရှိတဲ့ ဝေလုံ၊ ချောင်းဝ၊ ညောင်ပင်စတဲ့ ကျေးရွာတွေကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇွန်လမှာ သိမ်းပိုက်ထားတာဖြစ်ပါတယ်။

အဲဒီနောက်ပိုင်း ရှမ်းပြည်သူ့စစ်အဖွဲ့က အင်းတော်မြို့ဒေသအတွင်း လူမျိုးရေးပဋိပက္ခဖြစ်အောင်ဖန်တီးတာတွေ၊ ရိုင်းစိုင်းပြောဆိုမှုတွေကြောင့် ကချင်ဒေသခံအများပိုင်းက နေရပ်စွန့် ခွာတိမ်းရှောင်နေကြတာ ယနေ့ အချိန်အထိဖြစ်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်က တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ငလျင်ဘေးသင့်ကြုံတွေ့ခဲ့ရတာကြောင့် ဧပြီလ ၂ ရက်နေ့မှ ၂၂ ရက်နေ့အထိ ယာယီပစ်ခတ်တိုက်ခိုက်မှု ရပ်နားထားတဲ့ကာလအဖြစ် ပထမအကြိမ် ကြေညာခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီတပ်ရဲ့ အပစ်ခတ်ရပ်နားထားတဲ့ ကာလကုန်ဆုံးတဲ့ ဧပြီလ ၂၂ ရက်နေ့မှာ နောက်ထပ် ငလျင်နောက်ဆက်တွဲ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်ဖို့ ဧပြီလ ၃၀ ရက်အထိ ယာယီအပစ်ရပ်နားထားကြောင်း ဒုတိယအကြီမ်ထပ်မံကြေညာထားပါတယ်။

ဒါပေမယ့် အပစ်ခတ်ရပ်နားတယ်လို့ကြေညာနေတဲ့ စစ်ကောင်စီတပ်ဟာ ကချင်ပြည်နယ်ထဲမှာတော့ တိုက်ပွဲနေရာဖြစ်နေတဲ့ ဗန်းမော်အပါအဝင် တနိုင်းလီဒိုလမ်းမပေါ် လဝါးကျေးရွာတွေမှာ မြေပြင်စစ်ရေးလှုပ်ရှားမှုအပြင် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button