လားရှိုးမှာ ကိုးကန့်တပ်နောက်ဆုတ်ပြီးနောက် စစ်တပ်က စစ်အင်အားအလုံးအရင်းနဲ့ တပ်ချနေရာယူ

ရှမ်းမြောက် လားရှိုးမြို့ကနေ ကိုးကန့်တပ်ဆုတ်ခွာသွားပြီးနောက် စစ်ကောင်စီတပ်ဘက်က စစ်အင်အားတစ်ထောင်ဝန်းကျင်နဲ့ လားရှိုးတက္ကသိုလ်ဝင်းထဲ ဝင်ရောက်တပ်ချနေရာယူနေတယ်လို့ ဒေသခံတွေ ပြောပါတယ်။
တရုတ်ဖိအားကြောင့် လားရှိုးမြို့ကို ကိုးကန့် MNDAA တပ်ဖွဲ့က စစ်ကောင်စီတပ်ကိုပြန်လွှဲပေးပြီး နောက် ဧပြီလ ၂၂ ရက် မနေ့ကစပြီး စစ်ကောင်စီတပ်ဘက်က ကားအစီး ၂၀၀ ၊ စစ်အင်အား တစ်ထောင်ဝန်းကျင်နဲ့ ရောက်ရှိလာပြီလို့ ဆိုပါတယ်။
“အစကတော့ စစ်ကောင်စီဘက်က အုပ်ချုပ်ရေးပိုင်းပဲဝင်လာမယ်ပြောပေမဲ့ အဲဒီလိုမဟုတ်ပဲ အခုစစ်တပ်အင်အားအလုံးအရင်း ဝင်လာပြီဖြစ်တယ်။ မနေ့ကအထိ ကားအကြီး၊ အသေး အစီး ၂၀၀ နဲ့ သူတို့ပြောတာတော့ လူအင်အား ၇၀၀ ပြောတယ်၊ ကြည့်ရတာတော့ အဲဒီထက်မကဘူး။ လောလောဆယ်တော့ တက္ကသိုလ်ဝင်းထဲနေနေကြတယ်”လို့ လားရှိုးဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
လားရှိုးမြို့ထဲ စစ်ကောင်စီတပ်ဖွဲ့တွေ ပြန်လည်ဝင်ရောက်လာပြီဖြစ်ပေမဲ့ အရင်က အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ)မှာ ပြန်လည်ဝင်ရောက်နေရာယူတာမျိုးမရှိသလို (ရမခ) တိုင်းစစ်ဌာနချုပ်ပြန်လည်ဖြစ်ပေါ်လာမဲ့ အနေအထားမတွေ့ရသေးဘူးလို့ ဒေသခံတွေ ပြောဆိုပါတယ်။
လက်ရှိ လားရှိုးမြို့တွင်း ကိုးကန့်တပ်ဖွဲ့ MNDAA ရဲဝန်ထမ်းတစ်ချို့ ကျန်နေသေးပေမဲ့ ကိုးကန့်တပ်ဖွဲ့အားလုံးနီးပါး မြို့ပြင်ကိုဆုတ်ခွာသွားပြီလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၁၉ ရက်နေ့ တရုတ်နိုင်ငံမှအပစ်ခတ်ရပ်စဲမှုစောင့်ကြည့်ရေးအဖွဲ့နဲ့အတူ တရုတ်ကိုယ်စားလှယ်အရာရှိတို့ပါဝင်ပြီး လားရှိုးမြို့ထဲဝင်လာပြီဖြစ်တဲ့ စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်ဖွဲ့ MNDAA တို့ကြား ဧပြီ ၂၁ ရက်နေ့ထိ တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ကိုးကန့်တပ်ဖွဲ့ MNDAA နဲ့ စစ်ကောင်စီတပ်တို့ကြား အပစ်ရပ်အခြေအနေကို စောင့်ကြည့်ဖို့အတွက် တရုတ်အစိုးရဘက်ကနေ အပစ်ရပ်စဲမှုစောင့်ကြည့်ရေးအဖွဲ့ကို လားရှိုးမြို့ထဲ စေလွှတ်ထားခြင်းဖြစ်တယ်လို့ ဧပြီ ၂၂ ရက်နေ့ မနေ့က ပြုလုပ်တဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။
တရုတ်ကြားဝင်စေ့စပ်မှုနဲ့ လားရှိုးမြို့ထဲပြန်ဝင်လာတဲ့ စစ်ကောင်စီတပ်နဲ့ကိုးကန့်တပ်ဖွဲ့ MNDAA တို့ ဒီရက်ပိုင်းအတွင်း လားရှိုးမှာတွေ့ဆုံညှိနှိုင်းမှု ပြုလုပ်ခဲ့ပြီးနောက် ပြည်ထောင်စုလမ်းမ တစ်လျှောက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ (EAOs) ဆုတ်ပေးရမည်ဖြစ်ကြောင်း၊ လားရှိုးဝန်းကျင်ဖြန့်ခွဲနေရာယူထားတဲ့ PDF တပ်ဖွဲ့တွေစစ်ရေးဖော်ဆောင်ခြင်းမပြုရန်နဲ့ စစ်ကောင်စီအတွက် လုံခြုံရေးကို “၀”တပ်ဖွဲ့ UWSA နဲ့ ကိုးကန့် MMDAA တို့ က ပူးတွဲတာဝန်ယူပေးဖို့ စတဲ့အချက်တွေအပါအဝင် ဆွေးနွေးခဲ့တဲ့ အချက်တချို့ သတင်းထွက်ပေါ်နေတာတွေလည်း ရှိပါတယ်။
၎င်းတို့ ဆွေးနွေးခဲ့တဲ့အချက်တွေထဲမှာ တအာင်းလွတ်မြောက်ရေးအဖွဲ့ TNLA ကိုထိန်းပေးဖို့ ၀ တပ်ဖွဲ့ UWSA ကို တာဝန်ပေးထားတဲ့အပြင် TNLA တပ်ဖွဲ့က ကျောက်မဲမြို့ကနေ ဆုတ်ခွာပေးရမယ်လို့ လည်း ဆိုထားပါတယ်။
လက်ရှိ လားရှိုးမြို့ပြင်ပတ်ပတ်လည် ၃ မိုင်လောက်အကွာမှာ ကိုးကန့်တပ်ဖွဲ့ MNDAA က ဆက်လက်နေရာယူထားတယ်လို့ ဆိုပါတယ်။
“စစ်ကောင်စီတပ်တော့ ဝင်နေပြီ။ ကြည်ရသလောက်တော့ ဟိုအရင်တုန်းက လောက်ကိုင် ပုံစံဖြစ်လာမဲ့ အနေအထားဖြစ်တယ်။ လောလောဆယ် မြို့ပတ်ပတ်လည် ကိုးကန့်ရှိတယ်၊ မြို့တွင်း ဘယ်လိုအုပ်ချုပ်သွားမယ်ဆိုတာတွေ ပြောဖို့ ခက်နေသေးတယ်။”လို့ ကိုးကန့်နဲ့နီးစပ်သူ လားရှိုးဒေသခံတစ်ဦးက ပြောဆိုပါတယ်။
လားရှိုးမြို့တွင်း စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာဝန်ထမ်းတွေအပါအဝင် စစ်တပ်လည်း ရောက်ရှိနေပြီဖြစ်ပြီး လက်ရှိချိန်ထိတော့ မြို့တွင်းဆေးရုံအပါအဝင် အစိုးရဆိုင်ရာဌာနရုံးအားလုံး ပိတ်ထားဆဲဖြစ်တယ်လို့ ဆိုပါတယ်။
လားရှိုမြို့ထဲကနေ ကိုးကန့်တပ် MNDAA ဆုတ်ခွာပြီးနောက် စစ်ကောင်စီတပ်တွေ ပြန်လည်ဝင်ရောက်တာနဲ့တပြိုင်နက် စစ်ရေးအခြေအနေပြန်လည်ဆိုးရွားလာမှာ စိုးရိမ်တဲ့ ဒေသခံတချို့ ထပ်မံတိမ်းရှောင်တာတွေလည်းရှိနေတယ်လို့ ဒေသခံတွေ ပြောပါတယ်။
ဒေသခံတွေပြောဆိုချက်အရ စစ်ကောင်စီဘက်ကလည်း လက်နက်အင်အားအပြည့်အစုံ၊ စစ်အင်အားအလုံးအရင်းနဲ့ ဝင်ရောက်နေပြီဖြစ်သလို ကိုးကန့်တပ်ဖွဲ့ကလည်း မြို့ပြင်ဘက်မှာ ကတုတ်ကျင်းတူးဖော်တာမျိုးတွေ မြင်တွေ့နေရတယ်လို့ ဆိုပါတယ်။
ဒါကြောင့် တွေ့ဆုံညှိနှိုင်းနေတာတွေရှိပေမဲ့ ပြည်သူတွေဘက်ကတော့ အပစ်ခတ်ရပ်စဲမှုအပေါ် အယုံအကြည်မရှိသလို အခြေအနေပြန်ဆိုးလာမှာကိုပဲ စိုးရိမ်နေရတယ်လို့ ပြောဆိုနေကြပါတယ်။
“အခြေအနေကို ကြည့်နေတာက တရုတ်က မလိမ့်တပတ်လုပ်ပြီး စစ်ကောင်စီကို ဆွဲခေါ်လာပုံရတယ်။ ဧပြီ ၂၁ ရက်နေ့အထိ ဆွေးနွေးတာ သိပ်အဆင်မပြေဘူးလို့ပြောတယ်။ အခု ကိုးကန့် ရဲတပ်ဖွဲ့တော့ရှိနေတယ်။ အစကတော့ ဝန်ထမ်းတွေပဲ ဝင်လာမလိုလိုနဲ့ အခုတော့ လက်နက်အပြည့်အစုံ စစ်အင်အားနဲ့ဝင်လာတော့ စိုးရိမ်မှုတော့ ရှိနေတယ်။”လို့ လားရှိုးဒေသခံနောက်ထပ်အမျိုးသားတစ်ဦးကလည်း ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈ ရက်နေ့က ကိုးကန့် MNDAA တပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ကြား တရုတ်အစိုးရကြားဝင်စေ့စပ်မှုနဲ့ တရုတ်နိုင်ငံ ကူမင်းမြို့ ဆွေးနွေးပွဲအပြီး အခုလိုကိုးကန့်တပ်ဖွဲ့က အသက်သွေးတွေနဲ့ရင်းပြီး သိမ်းပိုက်ထားတဲ့ ရှမ်းမြောက်ရဲ့ မြို့တော် လားရှိုးမြို့ကို စစ်ကောင်စီတပ်ထံ ပြန်လည်လွှဲပြောင်းပေးလိုက်ရတာဖြစ်ပါတယ်။
“ပြည်သူအနေနဲ့တော့ လုံး၀မလိုချင်ဘူး။ ဘာလို့ဆို PDF တွေလည်းရှိတယ်။ အခြားတော်လှန်ရေးတပ်ဖွဲ့တွေလည်း ပါဝင်ခဲ့တာကို အနိုင်တိုက်ခဲ့ပြီး အခုလို လွယ်လွယ်ပြန်အပ်လိုက်တဲ့အပေါ် လုံး၀အလိုမရှိဘူး။ ပြီးတော့ စစ်ကောင်စီအတွက် အင်မတန် ရှက်စရာပါ။ အရှက်မရှိပဲ ဝင်လာတယ်လို့ပဲ မြင်ပါတယ်။ ပြည်သူတွေကတော့ အဆင်ပြေရင် ဒီလိုနေနေမှာပဲ။ ဒါပေမဲ့ သူတို့ရဲ့ ဂုဏ်သိက္ခာတွေတော့ ရှက်စရာကောင်းလိုက်တဲ့ လုပ်ရပ်တွေလို့ပဲ ပြောချင်ပါတယ်။”လို့ လားရှိုးဒေသခံတစ်ဦးက ပြောပါတယ်။
လားရှိုးမြို့ကို အသက်သွေးပေါင်းများစွာရင်းခဲ့ပြီးမှ အခုလိုအလွယ်တကူနဲ့ စစ်ကောင်စီထံ ပြန်လည် အပ်ပေးလိုက်တဲ့အပေါ် ဒေသခံပြည်သူလူထုတွေနဲ့အတူ မြောက်ပိုင်းညီနောင်မဟာမိတ်တပ်ဖွဲ့အပေါ် ပြည်သူတွေ ဝေဖန်ပြောဆိုသံများစွာရှိနေတာလည်း ဖြစ်ပါတယ်။
လားရှိုးမြို့ခံပြည်သူအများပိုင်း စစ်ကောင်စီကိုကြိုဆိုတဲ့သူတွေ မရှိသလောက်ဖြစ်ပေမဲ့ ကိုးကန့် MNDAA တပ်ဖွဲ့ လားရှိုးမြို့ကို သိမ်းပိုက်ကာ ယာယီအုပ်ချူပ်ခဲ့စဉ် မြို့တွင်း လောင်းကစားတွေနဲ့ အရင်ကမတွေ့ရတဲ့အပျော်အပျက် စီးပွားရေးလုပ်ကွက်တွေ များပြားလာတာကြောင့် ဝေဖန်သူတွေလည်း ရှိပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဩဂုတ်လ ၃ ရက်နေ့မှာ လားရှိုးမြို့ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချူပ်ကို ကိုးကန့် MNDAA တပ်ဖွဲ့နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ အပြီးသိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။
By – ဂျာဘောက်ရာ