သတင်း

ရေမဆေးကျောက်ရှာပြီး ငလျင်ဒဏ်သင့်စစ်ကိုင်းမြို့အတွက် ကျပ်သိန်း ၁၀၀ နီးပါးလှူဒါန်း

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းအုပ်စု ငြိမ်းချမ်းသာယာရွာက ရေမဆေးသမားများ ရေမဆေးကျောက်ရှာပြီး ကျပ်သိန်း ၁၀၀ နီးပါးလှူဒါန်းနိုင်ခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ငလျင်ဒဏ်သင့် စစ်ကိုင်းမြို့ကဒေသခံတွေအတွက် လုံးခင်းဆရာတော်ကနေတစ်ဆင့် အဓိကလှူဒါန်းခဲ့ကြတာဖြစ်ပြီး ရေးမဆေးကျောက်ရှာလို့ရတဲ့ ငွေကြေး ၃ ပုံမှာ ၂ ပုံကိုအလှူငွေအဖြစ်သတ်မှတ်လှူဒါန်းခဲ့ကြတာလို့ ဒေသခံတစ်ဦးကပြောပါတယ်။

စစ်ကိုင်းငလျင်ဘေး ဒဏ်ထိတဲ့ ပြည်သူတွေအတွက် အကူအညီပေးချင်တာကြောင့် သူတို့ ရေမဆေးသူငယ်ချင်းတွေစုပြီး တစ်ပတ်မှာ တစ်ရက် လူစုပြီးရေမဆေးရှာမယ်။အဲဒီနေ့ ကျောက်ရခဲ့ရင် ကျောက်ရခဲ့သူကပဲ ၃ ပုံ ၁ ယူပြီး ကျန်တဲ့ငွေကို ငလျင်ဘေးအတွက် အလှူထည့်ကြတာလို့ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့က ရာစုနှစ်တစ်ခုကျော်အတွင်းမှာလှုပ်ခတ်ခဲ့တဲ့ ၇ ဒဿမ ၇ အထိပြင်းအားရှိတဲ့ ငလျင်ကြောင့် သေဆုံးသူ ၃၇၀၀ ကျော်အထိရှိခဲ့ပြီး ငလျင်ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ မန္တလေးမြို့နဲ့စစ်ကိုင်းမြို့က ဒေသခံတွေအများဆုံးသေဆုံးခဲ့ ကြရတာ ဖြစ်ပါတယ်။

ဒါ့အပြင် စစ်ကိုင်းတံတား၊ အထပ်မြင့်အဆောက်အဦးတွေအပါအဝင် ရှေးဟောင်းဘုရား၊ သမိုင်းဝင်အဆောက်အဦးများစွာ ပျက်ဆီးဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။

ဒါ့ကြောင့် ဖားကန့်မြို့နယ်က ရေမဆေးကျောက်ရှာသူတွေအနေနဲ့လည်း ငလျင်ဒဏ်သင့်ပြည်သူတွေအတွက် ရေမဆေး ကျောက်ရှာရတဲ့ ငွေတွေကို လှူဒါန်းခဲ့ကြပြီး ၄ ကြိမ်မြောက်အထိကို အလှူငွေကျပ်သိန်း ၁၀၀ နီးပါးအထိလှူဒါန်းနိုင်ခဲ့တာလို့ သိရပါတယ်။

ကျောက်ရောင်းရငွေ ကို လက်ရှိ ကျောက်စိမ်းတာဝန်ရှိသူတွေ ရဲ့ အခွန်အတုပ် ကင်းလွတ်အောင် အထက်လူကြီးတွေ ဆီမှာလည်း တောင်းပန်ထားကြတယ်။ အဲဒီ ငြိမ်းချမ်းသာယာကစတဲ့ ရေမဆေးကိုကိုရဲ့ စီမံချက်ကို လုံးခင်းအုပ်စုက ရေမဆေးသမားတွေ လက်တွေ့အကောင်အထည်ဖေါ် လှူဒါန်းခဲ့တာ အခု ဆို ၄ ကြိမ်မြှောက်ခဲ့ပြီလို့ အထက်ပါ ဒေသခံတစ်ဦးကဆက်ပြောပါတယ်။

စစ်ကိုင်းနဲ့မန္တလေးမြို့တွေကို အဓိကဗဟိုပြုပြီးလှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် ပျက်ဆီးဆုံးရှုံးမှုတွေအတွက် ပြန်လည်ထူထောင် ရေးလုပ်ငန်း၊ ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ နိုင်ငံတစ်ဝှမ်းကပြည်သူတွေဟာ တတ်နိုင်တဲ့ဘက်ကနေပါဝင်နေကြတာဖြစ်ပါ တယ်။

အဲ့ဒီထဲမှာ ကချင်ပြည်နယ်က လူမှုကူညီရေးအသင်းအဖွဲ့တွေအပါအဝင် နိုင်ငံတစ်ဝှမ်းကလူမှုကူညီရေးအသင်းအဖွဲ့တွေ အားလုံးစုပေါင်းပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေဒီနေ့အထိလုပ်ဆောင်နေရတာဖြစ်ပါတယ်။

ငလျင်ဒဏ်သင့်ခဲ့တာ တစ်လကျော်ရှိလာပေမဲ့လည်း ငလျင်ဗဟိုပြုလှုပ်ခတ်ခဲ့ရာစစ်ကိုင်းနဲ့မန္တလေးအပါအဝင် နေပြည်တော် နဲ့ တစ်ခြားသောဒေသတွေမှာ အာဏာသိမ်းစစ်ကောင်စီအနေနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကိုထိထိရောက်ရောက်လုပ် ဆောင်ပေးနိုင်တာမရှိသလို ဒေသခံတွေဟာ အမျိုးမျိုးသောအကျပ်အတည်းတွေကိုရင်ဆိုင်နေကြရပါတယ်။

ဒါ့ကြောင့် ရေရှည်မှာတော့ သောင်းနဲ့ချီရှိတဲ့ငလျင်ဒဏ်သင့်ဒေသခံတွေအတွက် စားဝတ်နေရေးတွေပိုပြီးကြပ်တည်းလာနိုင် တယ်လို့ အကူညီပေးရေးဆောင်ရွက်နေသူတွေကဆိုကြပါတယ်။

ဒါ့အပြင် နောက်ဆက်တွဲငလျင်ငယ်တွေကလည်း ဆက်တိုက်ရှိနေပြီး ပြီးခဲ့တဲ့ မေလ ၆ ရက်နေ့ကဆိုရင် ရန်ကုန်မြို့မှာလှုပ် ခတ်ခဲ့တဲ့ ငလျင်ကြောင့် ရန်ကုန်မြို့ခံတွေစိုးရိမ်မြင့်တက်ခဲ့ကြရပါသေးတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံးရဲ့အချက်အလက်တွေအရ မတ်လ ၂၈ ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလျင်ကြောင့် မြန်မာနိုင်ငံတစ်ဝှမ်း မြို့နယ်ပေါင်း ၅၈ မြို့ကိုသက်ရောက်ခဲ့သလို အဲ့ဒီထဲက လူဦးရေ ၁၇ သန်းကျော်က ငလျင်ဒဏ်ကြောင့် ထိခိုက်မှုတွေရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button