စစ်ပြေးဒုက္ခသည်များသတင်း

နေရပ်စွန့်ခွာစစ်ရှောင်တွေအတွက် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်းမှ အလှူခံ

မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်း (ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့) အဖွဲ့က ကချင်ပြည်နယ်အတွင်း တိုက်ပွဲကြောင့် ယာယီနေရပ်စွန့်ခွာနေတဲ့ စစ်ရှောင်တွေအတွက် လိုအပ်တဲ့နေရာတွေမှာ အသုံးပြုနိုင်ဖို့ အလှူခံနေတာ ဖြစ်တယ်လို့ KNG ကို ပြောပါတယ်။

အလှူငွေကောက်ခံမှုကိုတော့ မေလ ၇ ရက် မြစ်ကြီးနားမြို့ မနောကွင်းရှေ့မှာ စတင်‌ကောက်ခံပြီး မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်းအပါအဝင် S.O.M လူငယ်သီချင်းဆိုအဖွဲ့ကလည်း သီချင်းဆိုခြင်းဖြင့် ပါဝင်ကူညီခဲ့တယ်လို့ သိရပါတယ်။

ကျွန်တော်တို့ လူမှုကယ်ဆယ်ရေး အလုပ်မှာတော့ ဘာဘဲဖြစ်ဖြစ် ဒုက္ခရောက်နေကြတဲ့ ဘာသာ‌မခွဲ၊ လူမျိုးမခွဲဘဲ ကူညီဖို့ အမြဲရှိနေပါတယ်။ ကျွန်တော်တို့အားလုံးကတော့ တစ်ထောင့်တစ်နေရာက ဖြစ်ဖြစ် ပါဝင်ကူညီနေကြတာပေါ့လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့အဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ရရှိလာတဲ့ အလှူငွေတွေကိုတော့ ကချင်ပြည်နယ် တနိုင်းလီဒိုလမ်းမပေါ်ရှိ ဝါရာဇွပ် နဲ့ လဝါးကျေးရွာအနီး တိုက်ပွဲကြောင့်တိမ်းရှောင်နေတဲ့ စစ်ရှောင်တွေကို အဓိကလှူဒါန်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိချိန်ထိ အလှူငွေစာရင်းမပြုစုရသေးတဲ့အတွက် ငွေပမာဏာကိုတော့ သေချာမသိရသေးဘူးလို့လည်း သိရပါတယ်။

ဒါပေမယ့်လည်း အလှူငွေကောက်ခံမှုကိုတော့ အခြေအနေပေါ် မူတည်ပြီး ၅ရက်ဝန်းကျင်ခန့် ကောက်ခံသွားမယ်လို့ ခုလိုဆက်ပြောပါတယ်။

ရလာမယ့် အလှူငွေတွေပေါ်မှုတည်ပြီးမှတော့ ကူညီနိုင်သလောက် ကူညီရတာပေါ့ ရုတ်တရက်စစ်ရှောင်လာရတော့ သူတို့အနေနဲ့ အိမ်သာတွေ သွားရခက်သလို ရေတွေလည်း ခက်တော့ တတ်နိုင်သလောက် ကူညီပေးနိုင်အောင်ဆိုပြီး လုပ်တာပေါ့လို့ ဆိုပါတယ်။

တနိုင်းလီဒိုလမ်းမပေါ် KIA နဲ့ စစ်တပ်လက်အောက်ခံမင်းဇေသန့်ပြည်သူ့စစ်တို့အကြား ပြီးခဲ့တဲ့ ဇန်နဝါရီလမှ စတင်လာတဲ့ တိုက်ပွဲကြောင့် ဝါရာဇွပ်၊ ကွမ်စိုင်ယန်၊ ဒွမ်ဘန်၊ လဝါးစတဲ့ကျေးရွာတွေထဲက ဒေသခံပြည်သူအများပိုင်း တောမှာ ကတုတ်ကျင်းတူးပြီး မိုးကာတဲတွေနဲ့ တိမ်းရှောင်နေသူတွေရှိသလို နမ္မတီးမြို့ပေါ် ရှိ လမ်းခွ၊ ကံလှ၊ ဝအောင် ကျေးရွာ တိမ်းရှောင်ခိုလှုံနေကြသူတွေလည်း ရှိတယ်လို့ သိရပါတယ်။

အဲဒီ‌စစ်ရှောင်တွေဟာ နေ‌ရာထိုင်ခင်း၊ စားနပ်ရိက္ခာအခက်ကြုံနေကြတယ်လို့ စစ်ဘေးရှောင်ကူညီနေသူတွေထံကနေ သိရပါတယ်။ 

KNG ကရရှိထားတဲ့အချက်လက်အရ နမ္မတီးမြို့ RC ဘုရားကျောင်းဝင်းထဲ လဝါးကျေးရွာက ထွက်ပြေးလာတဲ့ အိမ်ခြေ ၁၃၀ ကျော်၊ လူဦးရေ ၅၀၀ ကျော်ရှိပြီး လီဒိုလမ်းမတစ်လျှောက်မှာတော့စစ်ဘေးရှောင်ထောင်ဂဏန်းရှိတယ်လို့ သိရပါတယ်။ 

By – Hope

Show More

Related Articles

Back to top button