RFA မြန်မာပိုင်းအစီစဥ်များရပ်နား

ရန်ပုံငွေမသေချာမရေရာမှုတွေကြောင့် လွတ်လပ်တဲ့အာရှအသံ RFA မြန်မာပိုင်းအစီစဥ်ထုတ်လွှင့်မှုတွေကို ရပ်နားထားရ တော့မှာဖြစ်ကြောင်း ဒီကနေ့မေလ ၉ ရက်နေ့မနက်ပိုင်းမှာဘဲ RFA Burmese ဖေ့ဘုတ်စ်စာမျက်နှာကတစ်ဆင့်အသိပေးခဲ့ပါတယ်။
နှစ်ပေါင်းများစွာ RFA မြန်မာပိုင်းအစီစဥ်ကိုအားပေးနားဆင်ခဲ့ကြတဲ့ပရိသတ်ရဲ့ ယုံကြည်မှုအတွက် ကျေးဇူးတင်ကြောင်း ဖော်ပြထားပြီး တစ်နေ့နေ့မှာတော့ပရိသတ်တွေဆီပြန်လည်ရောက်ရှိလာမယ်လို့အလေးအနက်မျှော်လင့်ကြောင်းဆိုခဲ့ပါတယ်။
“ပရိသတ်များအားလုံးကိုဝမ်းနည်းစွာနဲ့ပဲနှုတ်ဆက်စကားဆိုရပါတော့မယ်။ RFA ကိုအားပေးတဲ့ မြန်မာပြည်သူပရိသတ်တွေ မရှိဘဲ RFA ဆိုတာဖြစ်တည်လာစရာအကြောင်းမရှိခဲ့ပါဘူး။ ပြည်သူတွေရဲ့ကူညီမှုတွေကြောင့်ပဲ ပြည်သူတွေရဲ့အကြောင်း တွေကို RFA အနေနဲ့ တင်ပြခွင့်ရရှိခဲ့တာဖြစ်ပါတယ်”စတဲ့ Narration ကို RFA ရဲ့ဌာနမှူးဦးကျော်ကျော်အောင်ကရေရွတ်ကာ RFAရဲ့ မြန်မာပိုင်းအစီစဥ်ရပ်နားရတော့မယ့် အကြောင်းအသိပေးခဲ့ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်တက်လာပြီးတဲ့နောက်ပိုင်း ကမ္ဘာ့သတင်းမီဒီယာအေဂျင်စီ (USGAM) ရပ်နားခဲ့ရတာအပါ RFA ကလည်း သတင်းထုတ်လွှင့်မှုတွေကို အကန့်အသတ်နဲ့ထုတ်လွှတ်ခဲ့ရာကနေ ဒီကနေ့မှာတော့အပြီးရပ်နားကြောင်း ကြေညာလာတာဖြစ်ပါတယ်။
“ငယ်ငယ်တုန်းကတည်းကနေ။ နှစ်ပေါင်းများစွာကတည်းကနေပြီးတော့ BBC တို့ VOA၊ RFA တို့ကို နားထောင်ခဲ့ရတာ။ အခုတော့ဘာမှမသိရတော့ဘူး။ ကျနော်မှတ်မိသလောက်ဆိုရင် အသက် ၄၀ ကျော်လောက်တည်းက နားထောင်ခဲ့တာ။ ရင်ထဲမှာဘယ်လိုကောင်းမလဲ။ ကျနော်တို့ဆိုရင် သူတို့ကိုအားကိုးပြီးမှ သတင်းမှန်ကိုသိခဲ့ရတာ ။ ကျနော်တို့နိုင်ငံမှာက သတင်းအမှန်မှမသိခဲ့ရတာ။ သူတို့ကိုပဲအားကိုခဲ့ရတာ”
အသက် ၇၀ ဝန်းကျင်အရွယ် RFA ပရိသတ်တစ်ဦးကဝမ်းနည်းကြောင်း KNG ကိုပြောပါတယ်။
RFA မြန်မာသတင်းဌာနဟာ ၁၉၉၆ ခုနှစ်ကတည်းကလွတ်လပ်တဲ့သတင်းဌာနအဖြစ်ရပ်တည်လာခဲ့တဲ့ သက်တမ်း ၃၀ နီးပါးရှိပြီဖြစ်တဲ့ သတင်းဌာနကြီးတစ်ခုဖြစ်သလို မြန်မာနိုင်ငံလို စစ်အာဏာရှင်ကြီးစိုး သတင်းအမှောင်ချခံခဲ့ရချိန်မှာ မြန်မာပြည်တစ်ဝှမ်း ပြည်သူတွေအတွက်အားကိုးရာသတင်းဌာနတစ်ခုဖြစ်ခဲ့တာအမှန်ပဲဖြစ်ပါတယ်။
တစ်ဖက်မှာတော့ ပြီးခဲ့တဲ့ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်ကျရောက်တဲ့ မေလ ၃ ရက်နေ့မှာဘဲ သက်တမ်း ၁၆ နှစ်ရှိပြီဖြစ်တဲ့ Tachileik News Agency သတင်းဌာနလည်းယာယီရပ်နားကြောင်းကြေညာခဲ့ပါသေးတယ်။
By – အမိုး