တိုက်ပွဲသတင်း

ဗန်းမော်မှာ လေကြောင်းတိုက်ခိုက်ခံရပြီး သေဆုံးသွားသူတွေကို သင်္ဂြိုဟ်ပေးနိုင်ခြင်းမရှိပဲ ပစ်ထားခဲ့ရတယ်လို့ စစ်ရှောင်တွေပြော

ကချင်ပြည်နယ် ဗန်းမော်မှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားတဲ့ စစ်ရှောင်ပြည်သူတွေကို သင်္ဂြိုဟ်ပေးနိုင်ခြင်းမရှိဘဲ ပစ်ထားခဲ့ရတယ်လို့ စစ်ရှောင်တွေပြောပါတယ်။

ဒီလေကြောင်း တိုက်ခိုက်မှုဟာ မေလ ၈ ရက်နေ့ ညနေပိုင်း ၅ နာရီဝန်းကျင်ဖြစ်ပြီး လေကြောင်းဗုံးကြဲမှုကြောင့် စစ်ရှောင်ပြည်သူ ၁၅ ဦးသေဆုံးပြီး နောက်ထပ် ၁၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

သေတဲ့သူတွေကို ဒီတိုင်းပဲထားခဲ့ရတာ။ ဒဏ်ရာရတဲ့သူ တော့ ကျောပိုးနိုင်တဲ့သူပိုးပြီးပြေးကြတာလေ။ နောက်ကိုလည်း လှည့်မကြည့်အားဘူး။ ကျနော်လည်း အသက် ၁၀၀ ဝန်းကျင်ရှိတဲ့အဖွားကို ပိုးပြီးပြေးခဲ့ရတယ်”လို့ ဗန်းမော်စစ် ရှောင်အမျိုးသားတစ်ဦး ပြောပါတယ်။

စစ်တပ်က လေကြောင်းတိုက်ခိုက်သွားတဲ့ နေရာဟာ ဗန်း‌မော်စစ်ရှောင်အများစုခိုလှုံနေတဲ့ ဗန်းမော်မြို့၊ ညောင်ပင်ရပ် ရပ်ကွက်ရှိ ကမ်းနားရိပ်သာဘုန်းကြီးကျောင်းမှာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းအတွင်း အဖွားအို ၂ ဦး၊ ကလေးငယ်တစ်ဦး ပွဲချင်းပြီး သေဆုံးသလို ဘုန်းကြီးကျောင်းအပြင်မှာ သေဆုံးထားသူတွေလည်း ဆယ်ဂဏာန်းရှိတယ်လို့ စစ်ရှောင် တွေ ပြောပါတယ်။

သူ့လူကိုယ့်လူတောင် မသိကြတော့ဘူး။ ဗုံးက ၂ လုံးလာကြဲတာလေ အားလုံးငိုတဲ့သူငို အော်တဲ့သူအော်နဲ့ ပြေးကြတာ ဘယ်လိုဖြစ်သွားမှန်းတောင် မသိတော့ဘူး”လို့ နောက်ထပ်စစ် ရှောင်တစ်ဦးကပြောပါတယ်။

ဗုံးကြဲခံရပြီးနောက် ထိခိုက်ဒဏ်ရာရသူနဲ့ကျန်ရှိစစ်ရှောင်တွေကို KIA ပူး ပေါင်းတပ်က ဘေးလွှတ်ရာ ပို့ဆောင်ထားပြီလို့ သိရပါတယ်။

ဒါပေမယ့် ဒီသတင်းနဲ့ပတ်သက်ပြီး စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်မှာတော့ ရန်သူခိုအောင်းရာနေရာကို ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း အကျယ်တဝင့်ဖော်ပြနေကြပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်က ဗန်းမော်မြို့သိမ်းတိုက်ပွဲဖော်ဆောင်နေတာ ၅ လဝန်းကျင်ကြာမြင့်လာပြီးစစ်တပ်ဘက်က စခန်းအများအပြားလက်လွှတ်ထားရသလို KIA ပူးပေါင်းတပ်ရဲ့ပိတ်ဆို့တိုက်ခိုက်မှုကြောင့် လေကြောင်းတစ်ခုသာ အားထားနေရပြီလို့ သိရပါတယ်။

စကခ ၂၁ တွင်း ပိတ်မိနေသူတွေကိုဝောာ့ စစ်တပ်က နေ့တိုင်းလို Y8 လေယာဉ်အမျိုးအစား နဲ့ ရိက္ခာချပေးနေတယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်က ဆိုပါတယ်။

ကချင်ပြည်နယ်ရဲ့သင်္ဘောဆိပ်ကမ်းရှိတဲ့ ဗန်းမော်မြို့ဟာ အစိုးရအဆက်ဆက် ခရိုင်ရုံးစိုက်တဲ့မြို့နယ်ဖြစ်ကာ မြို့ဧရိယာထက် ကျေးလက်ဧရိယာများပြီး ဧရာဝတီမြစ်ကမ်းနံဘေးမှာတည်ရှိတဲ့မြို့နယ်ဖြစ်ပါတယ်။ 

မြစ်ကြီးနားမြို့ရဲ့ တောင်ဘက် မိုင် ၁၁၄ မိုင်အကွာမှာရှိပြီး တရုတ်နယ်စပ်နဲ့ မိုင် ၄၀ အကွာမှာရှိတာလည်း ဖြစ်ပါတယ်။ ပထဝီအနေထားအရ၊ စစ်ရေး၊စီးပွားရေးအချက်ချာကျပြီး ဗန်းမော်မြို့ အရှေ့မြောက်ဘက် မိုင် ၄၀ အကွာမှာတော့ KIO ဌာနချုပ် လိုင်ဇာမြို့ရှိတာလည်းဖြစ်ပါတယ်။ 

သင်္ဘောဆိုက်ရာမြို့နယ်ဖြစ်တာကြောင့် အာဏာသိမ်းပြီးနောက်ပိုင်း မန်းလေးကနေ ဗန်းမော်ဘက်ကို ရေလမ်းကြောင်းကနေ စစ်လက်နက်ရိက္ခာပို့ဆောင်လို့ရတဲ့ အဓိကမြို့ဖြစ်ပါတယ်။

ဗန်းမော်ခရိုင်မှာ မံစီမြို့နယ်၊မိုးမောက်၊ ရွှေကူ၊ ဗန်းမော်စတဲ့မြို့နယ် ၄ ခုပါဝင်ပြီး  ရွှေကူမြို့နယ်နဲ့ ဗန်းမော်မြို့နယ်ကလွဲလို့ ကျန်မြို့နယ်ကို KIA ပူးပေါင်းတပ်ထိန်းချုပ်ထားပါတယ်။

ဒါ့အပြင် ဗန်းမော်မြို့ကို အဓိက ဝင်ထွက်နိုင်တဲ့ လမ်းမကြီးတွေဖြစ်တဲ့ မန္တလေးဗန်းမော်လမ်း၊ ဗန်းမော်မြစ်ကြီးနားလမ်း၊ဗန်းမော်လွယ်ဂျယ်လမ်း စတာအပြင် နောင်ခိုဘက်ကနေ မြစ်ကြီးနားဘက်ကို ထွက်နိုင်တဲ့လမ်းအားလုံးကိုလည်း KIA က ထိန်းချုပ်ထားပါတယ်။

By – Zami

Show More

Related Articles

Back to top button