တိုက်ပွဲသတင်း

တိုက်ပွဲဖြစ်နေတဲ့ ကပ်မှော်နဲ့ ဆိုင်းဖရာကျေးရွာမှာ စစ်တပ်က လေကြောင်းပစ်ကူနေ

ဖားကန့်ဘက်ကိုဦးတည်ပြီးတက်လာတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းတွေဟာ ဆိုင်းဖရာကျေးရွာ အရောက်မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေရဲ့ ခုခံတိုက်ခိုက်ခံရတဲ့အတွက် ဆက်မတက်နိုင်ဘဲ လေကြောင်းနဲ့ ပြင်းပြင်းထန်ထန် ခုခံတိုက်ခိုက်နေတယ်လို့ သိရပါတယ်။

ကားမိုင်းမအူပင် ကားလမ်းမကြီးတစ်လျှောက် စစ်ကြောင်းထိုးတက်လာတဲ့ စစ်ကောင်စီတပ်တွေက လမ်းကြောင်းတစ်လျှောက်မှာ တိုက်ခိုက်ခံရပေမယ့် လေကြောင်းပစ်အကူနဲ့ မေလ ၇ ရက်နေ့မှာပဲ ဆိုင်းဖရာကျေးရွာကို ရောက်ရှိသွားခဲ့ပြီး လက်ရှိ ဆိုင်းဖရာကျေးရွာမှာ ပိတ်ဆို့တိုက်ခိုက်ခံရဆဲဖြစ်တယ်လို့ KIA စစ်ရေးသတင်းအရင်းအမြစ်တွေ ပြောပါတယ်။

လက်ရှိ ကပ်မှော်နဲ့ ဆိုင်းဖရာကျေးရွာ နှစ်ခုကြားမှာ ဖြစ်နေတဲ့ တိုက်ပွဲအခြေအနေကို KIA နဲ့ နီးစပ်တဲ့ ဖားကန့် ဒေသခံတစ်ဦးက KNG ကိုပြောပါတယ်။

ကပ်မှော်မှာ ရောက်နေတဲ့ စစ်ကြောင်းတွေနဲ့ KIA က ၇ ရက်နေ့ ညနေပိုင်းမှာ တိုက်ပွဲဖြစ်ခဲ့တယ်။ အဲ့ဒီနေ့မှာပဲ ညနေပိုင်း ၃ နာရီဝန်းကျင်လောက်မှာ စစ်ကောင်စီတပ်တွေက ဆိုင်းဖရာကျေးရွာကို ပြန်ရောက်သွားကြတယ်။ အဲ့မှာလည်း ပြန်ဖြစ်တယ်။ အဲ့မှာဆိုရင် လေကြောင်းနဲ့ လာပစ်လို့ အရပ်သားနေအိမ်တွေ တော်တော်ထိခိုက်ပျက်စီးသွားတယ်။ ဝင်ရောက်လာခဲ့ကြတယ်။ အဲ့ကြောင့် အဲ ညနေပိုင်းမှာပဲ ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်ခဲ့တယ်။ ရွာထဲက ဒေသခံပြည်သူတွေရဲ့ လူနေအိမ်တွေ လေယာဉ်ဗုံးကြောင့် မီးလောင်ပျက်စီးသွားတာတွေရှိတယ်လို့ပြောပါတယ်။

မေလ ၈ ရက်နေ့မှာ ကပ်မှော်ကျေးရွာ ကက်သလစ်အသင်းတော်ရဲ့ ဆုတောင်းကုန်းနဲ့ ဘုန်ကြီးကျောင်းဝင်းထဲ နေရာယူထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို KIA တပ်မဟာ () လက်အောက်ခံ ပူးပေါင်းတပ်တွေက သွားရောက်တိုက်ခိုက်ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။ 

ဒါ့အပြင် ဒီကနေ့ မနက်ပိုင်း အချိန် နမ်တိန့် နဲ့ ဆိုင်းဖရာကျေးရွာတွေမှာ တစ်ဆက်တည်း စစ်ကောင်စီတပ်တွေ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေလ ၆ ရက်နေ့မှာ စစ်ကောင်စီတပ်တွေ ကပ်မှော်ကျေးရွာအတွင်း ဝင်ရောက်လာတဲ့အချိန် KIA ပူးပေါင်းတ်ပတွေရဲ့ ပိတ်ဆို့တိုက်ခိုက်ခံရမှုမှာ စစ်ကောင်စီတပ်တွေ ထိခိုက်သေဆုံးမှုရှိခဲ့သလို တပ်သားတစ်ချို့ ဖမ်းဆီးခံခဲ့ရတယ်လို့ KIA စစ်ရေးသတင်းအရင်းအမြစ်တွေကပြောပါတယ်။

လက်ရှိ စစ်ကောင်စီတပ်တွေ ဆိုင်းဖရာကျေးရွာအထိ ရောက်ရှိခဲ့ပေမယ့် KIA ရဲ့ ပိတ်ဆို့တိုက်ခိုက်ခံရတာကြောင့် ကပ်မှော်ကျေးရွာဘက်ကို တပ်ဆုတ်ထားတယ်လို့လည်း KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူလည်း အခုလို ဆက်ပြောပါတယ်။

ဖားကန့်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်တွေက နန့်ယား၊ ကပ်မှော်၊ ဆိုင်ဖရာအထိ ရောက်သွားတယ်လို့ သတင်းကြားရပါတယ်။ အဲ့အဖွဲ့တွေကို ခုခံတိုက်ခိုက်လို့ မနေ့ကလည်း တစ်ရက်လုံးတိုက်ပွဲဖြစ်တယ်လို့ကြားရပါတယ်။ တိုက်ခိုက်ခံရလို့လည်း ဆိုင်းဖရာရောက်နေတဲ့ စစ်ကြောင်းတွေက ပြန်ဆုတ်သွားတယ်လို့ပြောပါတယ်။ ပြီးရင် မနေ့ကဖြစ်တဲ့ တိုက်ပွဲမှာ စစ်တပ်က အထိများတယ်လို့ ကြားရပါတယ်။ ကျနော်တို့ဘက်ကလည်း သိမ်းပိုက်ရရှိတာတွေရှိခဲ့ပါတယ်။ လက်ရှိအခြေအနေက တိုက်ပွဲပြင်းထန်နေတဲ့အခြေအနေပါလို့ပြောပါတယ်။

ဖားကန့်ဒေသဘက်ကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းတွေဟာ ရန်နိုင်စစ်ဆင်ရေး ခေါင်းစဉ်နေတဲ့ စစ်ကြောင်းထိုး တိုက်ခိုက်နေတာဖြစ်ပြီး အထက်အမိန့်အရ KIA သိမ်းပိုက်ထားတဲ့ နေရာတွေကို ပြန်လည်သိမ်းပိုက်ဖို့ စစ်ကြောင်းထိုး ဝင်ရောက် လာတာဖြစ်ပေမယ့် ဖားကန့်အထိ တက်နိုင်ဖို့က ခဲယဉ်းနိုင်ပါသေးတယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၅ ရက်နေ့ နောက်ပိုင်း စစ်အင်အား ၅၀၀ ခန့်ပါရှိတဲ့ စစ်ကောင်စီစစ်ကြောင်းထိုး ဝင်ရောက်လာတဲ့အတွက် ဖားကန့် လမ်းတစ်လျှောက် တိုက်ပွဲဖြစ်နေတာ နှစ်ပတ်ခန့် ကြာမြင့်လာပြီဖြစ်ပါတယ်။

ဒေသခံပြည်သူတွေရဲ့ ပြောဆိုချက်အရ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ထဲမှာ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တွေ အများအပြားပါဝင်တယ်လို့ သိရပါတယ်။

ဖားကန့်ဒေသကို ကားမိုင်းလမ်း၊ အင်းတော်ကြီးနဲ့ ဆယ်ဇင်းလမ်း စတဲ့ ကားလမ်းမကြီး ၃ နေရာစလုံးကနေ ဝင်ရောက်နိုင်ပေမယ့် အဲဒီလမ်းကြောင်းတွေကို KIA ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် စစ်ဆင်ရေးမှာ အပြီးသတ်ထိန်းချုပ်ထားတာဖြစ်ပါတယ်။

ဒါကြောင့် လက်ရှိမှာ ကားမိုင်းလမ်းကို အသုံးပြုပြီး စစ်အင်အားအလုံးအရင်းနဲ့ ယခင်က လက်လွတ်လိုက်ရတဲ့ နန့်ယား၊ နန့်တိန့် စတဲ့ ကျေးရွာ နှစ်ခုအပါဝင် ဖားကန့်သွား လမ်းမပေါ်မှာရှိတဲ့ ကျေးရွာ ၁၁ ခုလုံးကို ပြန်လည်သိမ်းယူဖို့ ကြိုးစားနေတာလည်းဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button