တိုက်ပွဲသတင်း

စစ်ကိုင်းနဲ့ကချင်အစပ်ကမြို့တွေ လေကြောင်းတိုက်ခိုက်မှုဆက်တိုက်ကြုံနေရ

စစ်ကိုင်းတိုင်းနဲ့ကချင်ပြည်နယ်အစပ်မှာရှိတဲ့ မြို့တွေကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ ဧပြီလဒုတိယအပတ်လောက်ကနေ စတင်ပြီး လေကြောင်းကနေဗုံးကြဲတိုက်ခိုက်မှုတွေဆက်တိုက်လုပ်နေတယ်လို့ အဲ့ဒီဒေသတစ်ဝှိုက်မှာရှိတဲ့ စစ်ရေးသတင်းရင်းမြစ်တွေဆီကသိရပါတယ်။

ပြီးခဲ့တဲ့ဧပြီလ ၇ ရက်နေ့အင်းတော်မြို့နယ်ကိုလက်လွှတ်လိုက်ရတဲ့နောက်မှာ အခုလိုလေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်လုပ်နေတာလည်းဖြစ်ပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA ရဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ ကချင်နဲ့စစ်ကိုင်းအစပ်မှာ လက်တလောတိုက်ပွဲအနည်းအကျဥ်းသာရှိပေမဲ့ လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ရှိနေတယ်လို့ ပြောပါတယ်။

တိုက်ပွဲအခြေနေကိုအသေးစိတ်တော့မသိရဘူး ဒါပေမယ့် လက်ရှိတော့ တိုက်ပွဲတွေအနည်းအကျဥ်းဖြစ်နေမှာပေါ့။ တိုက်ပွဲရှိမရှိဘာမှမဆိုင်ဘူး အချိန်ပြည့်ပစ်နေတယ်။လို့ KIA ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူက စစ်ကိုင်းနဲ့ကချင်အစပ်ကအခြေနေကိုပြောပြပါတယ်။

စစ်ကောင်စီတပ်ဟာ စစ်ကိုင်းနဲ့ကချင်အစပ်မှာရှိတဲ့ ထီးချိုင့်၊ ကောလင်း ၊ဝန်းသို နဲ့ ပင်လည်ဘူးဒေသတွေကို ပြီးခဲ့တဲ့ ဧပြီလ ၁၀ ရက်နေ့က စလို့လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်လုပ်ခဲ့တာဖြစ်ပြီး ဒီနေ့အထိ KNG ကပြုစုထားတဲ့စာရင်းတွေအရ ၂၃ ကြိမ်ထက်မနည်းလေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့တာကိုတွေ့ရပါတယ်။

အထူးသဖြင့် ကောလင်းဒေသကိုပစ်မှတ်ထားတိုက်ခိုက်မှုတွေလုပ်ခဲ့တာဖြစ်ပြီး အမျိုးသမီးနဲ့ကလေးငယ်တွေအပါအဝင် သေဆုံးသူ ၁၀ ဦးထက်မနည်းရှိခဲ့သလို လေကြောင်းတိုက်ခိုက်မှုဟာ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ အရပ်သားနေအိမ် တွေကိုအဓိကပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ဒါ့ကြောင့် တိုက်ပွဲဖြစ်တာမရှိရင်လည်း ကချင်နဲ့စစ်ကိုင်းအစပ်ကဒေသခံတွေအနေနဲ့လေကြောင်းအန္တရာယ်ကိုသတိထားရမယ် လို့ ဗိုလ်မှူးကြီးနော်ဘူကသတိပေးပါတယ်။

စစ်ကောင်စီအတွက်ကတော့ ကချင်စစ်ကိုင်းအစပ်ဒေသကတော့ သူတို့လက်လွတ်လိုက်ရတဲ့ ဒေသတစ်ခု ဟုတ်တယ်။ ဒါကြောင့် အဲဒီဘက်က တိုက်ပွဲရှိတာမရှိတာ ဘာမှမဆိုင်ဘူး တိုက်ပွဲနယ်မြေလို့ သတ်မှတ်ထားပြီ ဖြစ်တဲ့အတွက် ပြည်သူတွေ နေတဲ့နေရာတွေမှာလည်းပစ်တယ်။ရွာတွေမှာလည်း ပစ်တယ်။ ဒါ့ကြောင့် အဲဒီဘက်မှာတော့ တိုက်ပွဲမရှိရင်လည်း လေယာဉ် တွေနဲ့ ပစ်ပစ်နေတာ သတင်းတစ်ခုရတာနဲ့ ပစ်တဲ့အခြေအနေဆိုတော့ အဲဒီနေရာတွေမှာတော့ သတိထားရမယ်။လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ လူသားမျိုးနွယ်တွေအပေါ်ကိုအမျိုးမျိုးသော ရာဇဝတ်မှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကျူးလွန် နေဆဲဖြစ်ကြောင်းနဲ့ ပြီးခဲ့တဲ့ ဧပြီလတစ်လအတွင်းမှာဘဲ အမျိုးသမီး ၇၁ ဦးအထိသေဆုံးခဲ့ရကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ BWU က မေလ ၇ ရက်နေ့ကပဲထုတ်ပြန်ထားပါတယ်။

အဲ့ဒီလေကြောင်းတိုက်ခိုက်မှုတွေကိုဆက်တိုက်ကျူးလွန်နေတဲ့ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့က စစ်ကိုင်းနဲ့မန္တလေးမြို့တွေကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလျင်ကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေလုပ်ဖို့ဆိုကာ မေလကုန်အထိနိုင်ငံတစ်ဝှမ်းအပစ်ရပ်ကြောင်းကြေညာထားပါတယ်။

အပစ်ရပ်ခဲ့တဲ့ကာလအပါအဝင် အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့တဲ့ မတ်လ ၂၈ ရက်နေ့ကနေ မေလ ၂ ရက်နေ့အထိ စစ်ကောင်စီက နိုင်ငံတစ်ဝှမ်းလေကြောင်းတိုက်ခိုက်မှု အကြိမ် ၂၈၀ ကျော်ပြုလုပ်ခဲ့ရာ အရပ်သား ၂၇၆ ဦးသေဆုံးခဲ့ရပြီး ၄၅၆ ဦးဒဏ်ရာရခဲ့တယ် လို့ အမျိုးသားညီညွှတ်ရေးအစိုးရ NUG က ထုတ်ပြန်ထားပါတယ်။

By – အမိုး

Show More

Related Articles

Back to top button