ကချင်မှာ နှစ်လအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုအကြိမ်၂၀ ဖြစ်ပွား

ကချင်ပြည်နယ်မှာ စစ်ကောင်စီကနေပြီးတော့ နှစ်လအတွင်းမှာ လူ့အခွင့်အရေးချိုးဖောက်မှု အကြိမ် ၂၀ နှစ်ပြုလုပ်ခဲ့တယ်လို့ KHRW(Kachin Human Rights Watch) အဖွဲ့က KNGကိုပြောပါတယ်။
ဒီလူ့အခွင့်ရေးချိုးဖောက်မှုတွေဟာ မတ်လနဲ့ ဧပြီလနှစ်လအတွင်း မြစ်ကြီးနားမြို့,၊ ဖားကန့်မြို့နယ်၊ ဝိုင်းမော်မြို့နယ်မှာဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
“စစ်ကောင်စီကနေပြီးတော့ တရားဥပဒေချိုးဖောက်မှုတွေကို ကျွန်တော်တို့ ဒေသမှာတင်မက တခြားနေရာတွေမှာလည်း အမြဲလိုလို လုပ်ဆောင်နေတာကို တွေ့ရပါတယ်။ ဒီလုပ်ရပ်တွေကိုပြည်သူလူထုရော ဘယ်အဖွဲ့အအစည်းရောလက်ခံမှာမဟုတ်တဲ့အပြင် တရားမျှတမှုရရှိအောင်လည်း ကျွန်တော်တို့အတူ ကြိုးစားသွားရမှာ ဖြစ်ပါတယ်”လို့ ပြောရေးဆိုခွင့် ရှိသူ ကို Jacobက ပြောပါတယ်။
ဒီဖြစ်စဉ်တွေက ဖားကန့်မြို့မှာသေဆုံး ၃ ဦး၊ မြစ်ကြီးနားမြို့သေဆုံးသူ ၁ ဦးနဲ့ ဖမ်းဆီးခံရသူ ၁ ဦး၊ ဝိုင်းမော်မြို့မှာဖမ်းဆီးခံရသူ ၉ ဦးနဲ့ သေဆုံးသူ ၅ ဦးထိရှိခဲ့တယ်လို့ မေလ ၅ ရက်နေ့ရဲ့ KHRW ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါကြောင့် စုစုပေါင်း ဖမ်းဆီးခံရသူ ၁၀ ဦး၊ သတ်ဖြတ်ခံရမှု ၉ ဦးနဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၁ ဦး ထိရှိခဲ့တာဖြစ်ပါတယ်။
လူ့အခွင့်အရေး ချိုးဖောက်ခံရသူတွေဟာ အများအားဖြင့် အမျိုးသားတွေ ဖြစ်ကြပြီး အသက်၂၀နဲ့ ၃၀ကြားအသက်အရွယ် လူငယ်တွေ ဖြစ်တယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် အရင်ကထက် ပိုမိုထူးခြားလာတာတစ်ခုက စစ်ကောင်စီအနေနဲ့ လူ့အခွင့်အရေးချို့ဖောက်မှုတွေကို စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တွေကို ပိုမိုအသုံးပြုလာတာကို မြင်တွေ့ရတယ်လို့ သူက ဆက်ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ချက်မှာတော့ ၂၀၂၅ ဇန်နဝါရီလကနေ ဧပြီလထိ စစ်ကောင်စီအနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုကို အကြိမ် ၂၈၉၀ထိ ကျူးလွန်ခဲ့တာ ဖြစ်ပြီး ကချင်ဒေသမှာတော့ ၈၉ကြိမ်ထိ ကျူးလွန်ခဲ့တယ်လို့ ဖော်ပြထားတာဘဲ ဖြစ်ပါတယ်။
By – Hope