သတင်း

မြစ်ကြီးနားလေဆိပ် စစ်တပ်က လုံခြုံရေးတင်းကြပ်

ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊အများပြည်သူသုံးလေဆိပ်ကို စစ်ကောင်စီတပ်က လုံခြုံရေးတင်းကြပ်ထားကြောင်း မြို့ခံပြည်သူတွေဆီကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၀ရက်ကစပြီးလေဆိပ်အဝင်၊အထွက်‌နေရာတွေနဲ့လေဆိပ်အတွင်းပိုင်းနေရာ တွေမှာ စစ်သားအင်အား ၂၀ ခန့်ချထားပြီးလုံခြုံရေးတင်းကြပ်ထားတယ်လို့ မြစ်ကြီးနားမြို့ခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။

လေဆိပ်ထဲမှာကော မျော်စင်ပေါ်မှာကော စစ်သားတွေချထားတယ် ပြီးတော့ အရှေ့ဝင်ပေါက်မှာလည်းစစ်သားတွေချထားတယ် တပ်ချပြီးစောင့်တယ်လို့မြင်တယ်လို့ အသက် ၄၀ ကျော်အရွယ် အထက်ဖော်ပြပါမျိုးသားကပြောပါတယ်။

မြို့ခံတွေပြောပြချက်အရ လေဆိပ်အရှေ့ဝင်ပေါက်နှစ်ပေါက်၊ လေဆိပ်အနောက်ဘက် ထွက်ပေါက်နှစ်ဖက်စလုံးမှာ လုံခြုံရေးတင်းကြပ်ထားတယ်လို့ သိရပါတယ်။

ဧပြီလ ၁၀ ရက်နေ့မတိုင်မှီအထိ မြစ်ကြီးနားလေဆိပ်ကို ရဲတပ်ဖွဲ့ဝင်တွေနဲ့ရဲတပ်ရင်း (၃၀) ကပဲ လုံခြုံရေးယူလေ့ရှိပေမယ့် ဒီနောက်ပိုင်း လေဆိပ်အနီး လက်နက်ကြီးကျပေါက်ကွဲမှု ခပ်စိပ်စိပ်ဖြစ်လာတာကြောင့် ခုလိုစစ်ကောင်စီစစ်သားတွေနဲ့လုံခြုံရေးတင်းကြပ်ထားတာလို့သိရပါတယ်။

ဒီလထဲ ပြီးခဲ့တဲ့လေးရက်လောက်ကလည်းတစ်လုံးထပ်ကျတယ်။ အ..က ၄ ကျောင်း(လေဆိပ်အနီးရှိကျောင်း) နဲ့ ကွင်းပြင်ကြားမှာကျတာလူတော့မထိဘူး။ ပြီးတော့အရင်လလည်း နှစ်လုံးကျတယ်အဲကြောင့် အချိိန်ပြည့်လုံခြုံရေးချထားတာလို့သိရတယ်လို့ ပြောပါတယ်။

မြစ်ကြီးနားလေဆိပ်ဟာ မြောက်ပိုင်းတိုင်းစစ်စစ်ဌာနချုပ်တပ်နယ်မြေထဲမှာရှိနေတာဖြစ်ပြီး ရှော့တိုက်ဒုံး၊ လက်နက်ကြီးမကြာခနကျရောက်ပေါက်ကွဲလေ့ရှိတယ်လို့သိရပါတယ်။

လေဆိပ်အနီးအခုလိုရှော့တိုက်ဒုံးတွေမကြာခနကျရောက်နေတာကြောင့် လေဆိပ်နဲ့နီးတဲ့ပမ္မတီးရပ်ကွက်နေ ပြည်သူတစ်ချို့လည်း မြို့ထဲကိုရွေ့ပြောင်းနေထိုင်သူတွေရှိနေကြောင်းသိရပါတယ်။

မြစ်ကြီးနားလေဆိပ်ဟာ မြို့သစ်ကြီးနားရပ်ကွက်နဲ့ ပမ္မတီးရပ်ကွက်ချင်းဆက် ပမ္မတီးရပ်ကွက်ထဲမှာတည်ရှိပြီးမြို့ရဲ့ အနောက်ဘက်ခြမ်းမှာရှိတာပါ။

လေဆိပ်ထဲကိုဝင်ရောက်ဖို့ ၃၇ တပ်အဝင်ဂိတ်ကိုဖြတ်ရတာဖြစ်ပြီး စစ်အာဏာသိမ်းနောက်ပိုင်းမှာတော့ အဲ့ဒီဂိတ်မှတ်ပုံတင်စစ်ဆေးတာ၊မေးမြန်းတာတွေလုပ်ဆောင်လာနေကြောင်း သိရပါတယ်။

မြစ်ကြီးနားမြို့ပေါ်မှာတော့ ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းလောက်ကစလို့ မြို့တွင်းလက်နက်ကြီးကျရောက်ပေါက်ကွဲမှုတွေမကြာခနဖြစ်ပွားလျက်ရှိပြီးအရပ်သားထိခိုက်သေဆုံးတာ၊လူနေအိမ်တွေထိခိုက်ပျက်စီးတာတွေရှိခဲ့ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button