ကသာနယ်မှာ ကူးတို့ဆိပ်လေလံဈေးနှုန်း ပြန်စီစစ်ပေးဖို့ဒေသခံတွေတောင်းဆို

စစ်ကိုင်းနဲ့ကချင်အစပ် ကသာမြို့နယ်မှာ ကူးတို့ဆိပ်လေလံဈေးနှုန်းတွေမြင့်တက်လို့ ကူးတို့ဖြတ်သန်းအသုံးပြုနေတဲ့ ဒေသခံတွေသွားလာရေးအခက်ကြုံနေရပြီး ကူးတို့ဆိပ်လေလံနှုန်းထားတွေကိုပြန်လည်စီစစ်ပေးဖို့ဒေသခံတွေကတောင်းဆိုနေကြပါတယ်။
ကသာမြို့နယ် အင်းရွာတိုက်နယ်အတွင်းရှိတဲ့ ကူးတို့ဆိပ်တွေကို လေလံဈေးနှုန်း ကျပ်သိန်း ၈၀ ကစဖွင့်ပေးပြီး ကျပ်သိန်း ၄၀၀ ကနေ ကျပ်သိန်း ၁၇၀၀ အထိ လေလံပေးဝယ်တဲ့သူတွေရှိနေတာလို့ ဒေသခံတွေကဆိုပါတယ်။
“မတန်မဆဈေးတွေနဲ့လေလံပစ်တဲ့အခါကျတော့ ပြည်သူတွေမှာပဲအဓိကသွားထိတာပေါ့။ လိုင်းတွေဆို သိန်း ၁ ထောင်ကျော်ပေးလို့ လုံးဝမတန်တဲ့လိုင်းတွေဗျာ။ လေလံပစ်တာကို ဆွဲတဲ့သူကတော့ဘယ်လောက်နေနေဆွဲမှာပဲ။ ဒါကိုသူတို့က တန်လားမတန်ဘူးလားမစီစစ်ဘူး။ တကယ်တမ်းသူတို့သတ်မှတ်ထားတဲ့ဈေးနှုန်းမရှိဘူး။ မော်တော်ကူးတဲ့ပြည်သူတွေပေါ်မှာပဲ ဒီဟာတွေကလာပြီးထိခိုက်တာ”လို့ပြောပါတယ်။
ဒီလေလံဈေးနှုန်းသတ်မှတ်တဲ့ နောက်ဆက်တွဲအနေနဲ့ ကူးတို့ဖြတ်သန်းခတွေမြင့်တက်လာရတယ်လို့ ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကဆိုရင် အင်းရွာတိုက်နယ်မှာရှိတဲ့ ကလုံ၊ သာဂရ၊ ဇက် စတဲ့ကူးတို့ဆိပ် သုံးခုပေါင်းကို သိန်း ၄၀၀ ကျော် လေလံဈေးနှုန်းပေါက်ခဲ့ရာကနေ ဒီနှစ် ၂၀၂၅ ခုနှစ်မှာတော့ ကလုံကူးတို့ဆိပ်တစ်ခုတည်းကို ကျပ်သိန်း ၁၇၀၀ လေလံဈေးနှုန်း ပေါက်လာတာလို့ ဒေသခံတွေကဆိုပါတယ်။
အခုလိုလေလံဈေးနှုန်းမြင့်တက်လာတာနဲ့အတူ ကူးတို့ဖြတ်သန်းခတွေကလည်းမြင့်တက်လာပြီး ဧရာဝတီမြစ်ရဲ့ဟိုဘက်ကမ်း ဒီဘက်ကမ်း အသွားအပြန်ကို အများဆုံး ၈ ထောင်ကျပ်သာရှိခဲ့ရာကနေ အခုတော့ ၁၂၀၀၀ ကျပ် မြင့်တက်လာတဲ့အခြေနေလို့ သိရပါတယ်။
“အခုကစည်ပင်ဆိုပြီးဖွဲ့လိုက်တာ။ ကျနော်တို့ ကသာက PDF အုပ်ချုပ်တဲ့ ခရိုင်ရုံးကိုမေးတော့လည်း စည်ပင်ကသူတို့နဲ့ မဆိုင်ဘူး။ ဟိုကိုမေးပြန်တော့လည်း သူတို့နဲ့မဆိုင်ဘူး။ ဘယ်သူနဲ့ဆိုင်မှန်းလည်းကျနော်တို့ကမသိဘူး။ သူတို့ဘာသာ လုပ်စား နေကြတာလား။ ဒီပိုက်ဆံတွေကလည်း NUG ဆီတကယ်ရောက်တာလား ဘယ်သူ့ကိုမေးလို့မေးရမှန်းမသိဘူး”လို့အထက်ပါဒေသခံအမျိုးသားကဆက်ပြောပါတယ်။
အဆိုပါ စည်ပင်သာယာအဖွဲ့ဟာ အမျိုးသားညီညွှတ်ရေးအစိုးရ NUG ကဖွဲ့စည်းထားတဲ့အဖွဲ့ဖြစ်တယ်လို့ဒေသခံတွေက ပြောနေပေမဲ့ ဒီအခြေနေကို KNG ကအတည်ပြုနိုင်ခြင်းတော့မရှိသေးပါဘူး။
အမျိုးသားညီညွှတ်ရေးအစိုး NUG ကတော့ အရပ်သားဒေသခံတွေဆီကနေ အခွန်ခတွေကောက်ခံတာထက် စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ စီးပွားရေးလုပ်ကွက်တွေပေါ်မှာမူတည်ပြီးသာကောက်ခံတာတွေရှိပြီး မြေပြင်မှာလက်နက်ကိုင်အဖွဲ့အစည်း များတာကြောင့် ဒီအခြေနေတွေကိုထိန်းချုပ်ဖို့အခက်အခဲတွေရှိနေတယ်လို့ NUG ရဲ့ပြောခွင့်ရ ဦးနေဘုန်းလတ် ကဆိုပါတယ်။
“မြေပြင်မှာဘယ်သူတွေလုပ်နေလဲဆိုတာကတော့သေချာသိဖို့လိုပါတယ်။ အခုကာလကလည်းသိတဲ့အတိုင်းပဲ။ NUG စိုးမိုးနယ်မြေမှာဆိုရင်တော့ စနစ်တကျနဲ့တော့လုပ်တယ်။ ရရှိမှုတွေဆိုရင်လည်း ပအဖတွေတစ်ဆင့်ခွဲဝေသုံးစွဲတဲ့ဟာမျိုး ဗဟိုကိုပြန်ပြီးတင်တာ ဒါတွေတော့ရှိတယ်။ NUG စိုးမိုးနယ်မြေမဟုတ်တဲ့နေရာတွေမှာရှိနေတာမျိုး တစ်ခြားသော local အဖွဲ့တွေကလုပ်နေတာမျိုးရှိနိုင်တာပေါ့နော်။ မြေပြင်မှာကတော့အဖွဲ့အစည်းကမျိုးစုံရှိနေနိုင်တဲ့အတွက် ကျနော်တို့တွေ လုပ်ရကိုင်ရအခက်အခဲရှိပါတယ်ဗျ။”လို့ပြောပါတယ်။
ကသာမြို့နယ် ဧရာဝတီမြစ်ဘေးတစ်လျှောက်ရှိတဲ့ကျေးရွာတွေဟာ ပြီးခဲ့တဲ့ ထီးချိုင့်မြို့သိမ်းတိုက်ပွဲတွေကြောင့် ရေလမ်းကို အဓိကထားအသုံးပြုနေရတာ ၂ နှစ်နီးပါးရှိလာပြီးဖြစ်ပြီး ကသာမြို့တွင်းလမ်းကလည်းစစ်ကောင်စီရဲ့ စစ်ဆေးရေးနဲ့ဖမ်းဆီးမှုတွေကြောင့် ဒေသခံတွေအသုံးမပြုရဲကြဘူးလို့ဆိုပါတယ်။
ဒီရေကြောင်းလမ်းတွေကိုအဓိကအသုံးပြုနေကြရသူတွေထဲ ကသာမြို့နယ်အတွင်းနေထိုင်ကြတဲ့ ဈေးသည်အများစုနဲ့ အခြေခံ လူတန်းစားများစွာပါဝင်နေတဲ့အတွက် ကူးတို့လေလံဈေးနှုန်းတွေနဲ့ ကူးတို့ဖြတ်သန်းခတွေကိုပြန်လည်စီစစ်ပေးစေလိုတယ်လို့ ဒေသခံတွေကတောင်းဆိုလိုက်ပါတယ်။
စစ်ကိုင်းနဲ့ကချင်အစပ်မှာရှိတဲ့ စစ်ကိုင်းတိုင်းထဲက NUG စိုးမိုးထားတဲ့နယ်မြေတွေအပါအဝင် တစ်ခြားသောဒေသတွေမှာရှိတဲ့ NUG စိုးမိုးနယ်မြေတွေမှာ အမျိုးသားညီညွှတ်ရေးအစိုးရ NUG ရဲ့ကြားကာလအုပ်ချုပ်ရေးယန္တရားတွေနဲ့လည်ပတ်နေပြီး စိန်ခေါ်မှုတွေလည်းများစွာရှိနေတာဖြစ်ပါတယ်။
By – အမိုး