ဗလမင်းထင်တံတားအောက် ရွှေတူးဖော်မှု ဆိုးဆိုးရွားရွားလုပ်ဆောင်နေ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ဗလမင်းထင်တံတားအောက်မှာ ကုမ္ပဏီကြီးတွေအပါအဝင် လက်လုပ် လက်စားရွှေတူးဖော်မှု ဆိုးဆိုးရွားရွားမြင်တွေ့နေရတယ်လို့ ဒေသခံတွေပြောပါတယ်။
ကချင်ပြည်နယ် စစ်ကောင်စီအစိုးရက တရားဝင်ခွင့်ပြုထားတဲ့ ကုမ္မဏီကြီးတွေအပြင် တစ်ဖက်မှာလည်း ဝင်ငွေအကြပ်အတည်းနဲ့ အလုပ်အကိုင်ရှားပါးမှုပြဿနာတွေကြောင့် မြစ်ကြီးနားမြို့ ပြည်သူတွေက စက်အသေးစားအပြင်လက်လုပ်လက်စားလာရောက်ရွှေတူးဖော်တာတွေ၊ ရွှေကျင်တာတွေ ရှိနေတာကြောင့် ဗလမင်းထင်တစ်ဝိုက်ဟာ ရွှေမှော်ကြီးတစ်ခုလို မြင်တွေ့နေရတယ်လို့ ဆိုပါတယ်။
“ဟေ့ ဗလမင်းထင်တံတားအောက်မှာ သွားကြည့်လိုက်အုံး၊ ပုရွက်ဆိတ်တွေဝိုင်းအုံနေသလိုပဲဆိုပြီး ကျမသူငယ်ချင်းပြောတော့ ကျမကိုယ်တိုင် သွားကြည့်တော့ တကယ်ပဲ ဖားကန့်မြေမှာ မြေစာချလိုက်ရင် ရေမဆေးတွေ ဝိုင်းလုဝိုင်းအုံကြသလိုပဲ။ သဲကျောက်ကားရော၊ ရွှေတူးဖော်တာတွေရော ဝိုင်းအုံနေတာပဲ။ ကျမအသက် ၂၅ နှစ်အထိ အဲဒီနေရာမှာ အဲလိုရွှေတူးတာ တစ်ခါမှ မတွေ့ဖူးဘူး။ တံတားလုပ်သူကလုပ်၊ သဲကျောက်သယ်တဲ့ကားကတစ်မောက်၊ ရွှေတူးဖော်တာကတစ်မောက် ပွတ်လောရိုက်နေတာပဲ” လို့ ဝိုင်းမော်ဒေသခံလူငယ်အမျိုးသမီးတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း မြစ်ကြီးနားမှာ မြစ်ရေကြီးချိန် ရွှေတူးဖော်မှုတွေ ယာယီရပ်နားတာတွေတွေ့ရပေမဲ့ မြစ်ရေကျသွားပြီးနောက် ရွှေတူးဖော်မှုတွေ အများအပြား တွေ့ရတယ်လို့ ပြောပါတယ်။
လက်ရှိ ဗလမင်းထင်တံတားနားမှာ ဧရာ၀တီမြစ်ကူးတံတားသစ် တည်ဆောက်နေတာဖြစ်ပြီး အဲဒီတံတားသစ်အတွက် သဲကျောက်ထုတ်ယူတာတွေအပြင် ကုမ္ပဏီကြီးတွေကလည်း စက်ယန္တရားကြီးတွေနဲ့ ရွှေတူးဖော်နေတာ တွေ့ရတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။
ဗလမင်းထင်တံတားအနီးတစ်ဝိုက် ဧရာ၀တီမြစ်ကမ်းဘေးတစ်လျှောက်မှာ ကချင်ပြည်နယ် စစ်ကောင်စီအစိုးရအဖွဲ့က ခွင့်ပြုထားတဲ့ ကုမ္ပဏီ ၂၀ ခန့် ရှိတယ်လို့ သိရပါတယ်။
အဲဒီကုမ္ပဏီဆိုဒ်တွေက သဲကျောက်ထုတ်ယူရောင်းချနေသလို တစ်ဖက်မှာရွှေလည်းတူးဖော်နေကြတယ်လို့ ကချင်ပြည်နယ် သဘာ၀ပတ်ဝန်းကျင်စောင့်ကြည့်ရေးအဖွဲ့(KEG)က စုံစမ်းသိရှိထားတယ်လို့ ဆိုပါတယ်။
“သူများနိုင်ငံတွေက သဘာ၀ပတ်ဝန်းကျင်ကို အရမ်းတန်ဖိုးထားတယ်။ ဒီနေ့ ကျမတို့နိုင်ငံမှာက ဒီလိုမျိုး ကိုယ့်မှာရှိတဲ့ အာဏာပါဝါတွေကို အသုံးချပြီး ကိုယ်ကျိုးကိုပဲကြည့်ပြီး သဘာ၀ပတ်ဝန်းကျင်ကို ဖျက်ဆီးလိုဖျက်ဆီးနေကြတာ။ ကြိုက်သလို လုပ်စားနေကြတာ။ ဒီလို လုပ်တဲ့ ဆိုးကျိုးတွေက နောက်နောင်မျိုးဆက်တွေ ခံစားရလိမ့်မယ်။ သဘာ၀ဘေးအန္တရယ်တွေက ပိုမိုဆိုးရွားလာဖို့ပဲရှိတယ်လို့ မြင်တယ်။” လို့ Kachin Environmental Group KEG က တာဝန်ရှိသူ မခေါန်ထွယ်က ပြောပါတယ်။

မြစ်ကြီးနားမြို့ကနေ ဝိုင်းမော်မြို့ကို ဆက်သွယ်ထားတဲ့ ဗလမင်းထင်တံတားအနီးတစ်ဝိုက်အပြင် မြစ်ကြီးနားမြို့နယ်အတွင်း ဧရာ၀တီမြစ်ကမ်းဘေးတစ်လျှောက်မှာ ရွှေကျင်၊ ရွှေတူးဖော်မှုတွေကို အရင်အစိုးရခေတ်အဆက်ဆက်က တားမြစ်ပိတ်ပင်ထားတာဖြစ်ပါတယ်။
စစ်တပ်အာဏာသိမ်းပြီး ၃ နှစ်အကြာ ၂၀၂၄ နှစ်ကုန်ပိုင်းလောက်ကစပြီး အဲဒီနေရာတွေမှာ ရွှေတူးဖော်တာတွေ တဖြည်းဖြည်းနဲ့ များပြားခဲ့တာဖြစ်ပါတယ်။ သက်ဆိုင်ရာအာဏာပိုင်တွေကလည်း အခွန်ကောက်ယူတာတွေကလွဲပြီး တားဆီးပိတ်ပင်တာမျိုးတွေ တစ်စုံတစ်ရာ မတွေ့ရဘူးလို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိ ဆိုးရွားစွာ ရွှေတူးဖော်နေတဲ့နေရာတွေထဲမှာ မြစ်ကြီးနားအပြင် ပူတာအိုဘက် မချမ်းဘောမြို့နယ်ထဲက နမ့်စဘွမ်ရွာ နမ့်စဘွမ်ချောင်းတစ်လျှောက်လည်း ပြည်သူ့စစ်အာဏာပိုင်တွေက ကျေးရွာအတွင်းထိ ဆိုးရွားစွာရွှေတူးဖော်နေတာဖြစ်ပါတယ်။
အဲဒါအပြင် မြစ်ကြီးနား – ဗန်းမော်ကားလမ်းမပေါ် ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA ထိန်ချူပ်လိုက်နိုင်ပြီဖြစ်တဲ့ ကန်တော်ယန်ဘက်မှာလည်း ဒီနှစ်ကစပြီး ရွှေတူးဖော်မှုတွေ ရှိနေတာကြောင့် ဒေသခံလူထုတွေကြား ဝေဖန်ပြောဆိုမှုတွေ ရှိနေပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်မှာ သယံဇာတတူးဖော်မှုနဲ့ တရားမဝင်သစ်ထုတ်လုပ်မှုတွေ ပိုမိုဆိုးရွားလာခဲ့တယ်လို့ သဘာ၀ပတ်ဝန်းကျင်အရေးစောင့်ကြည့်လေ့လာနေသူတွေက ထောက်ပြပါတယ်။
By – ဂျာဘောက်ရာ