သတင်း

KIO ဥက္ကဋ္ဌ ဟောင်း ဦးလညော် ဇောင်းဟရား ကွယ်လွန်

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဥက္ကဋ္ဌဟောင်း ဦးလညော်ဇောင်းဟရား (Salang Kaba Lanyaw Zawng Hra) မှာ ဒီကနေ့ မေလ ၁၅ ရက်နေ့ နံနက် ၇ နာရီခွဲအချိန် ကွယ်လွန်သွားပြီလို့ သိရပါတယ်။

ဦးလညော် ဇောင်းဟရား ကွန်လွန်ချိန် အသက် ၈၇ နှစ်ရှိပြီလို့ သိရပြီး ၂၀၁၈ ခုနှစ်မှာ ကျန်းမာရေးကြောင့် KIO ဥက္ကဋ္ဌ တာဝန်ကနေ အနားယူလိုက်ပြီးတော့ ဥက္ကဋ္ဌတာဝန်ကို လက်ရှိ ဗိုလ်ချုပ်ကြီး အင်ဘန်လ ကို လွဲပြောင်းပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

ဦးလညော်ဇောင်းဟရား မှာ ၂၀၀၆ ခုနှစ် ဇွန်လ KIO ဥက္ကဋ္ဌဟောင်း ဦးလမုန်တူးဂျိုင် ကွန်လွန်သွားပြီးနောက် KIO ဥက္ကဋ္ဌတာဝန်ကို စတင်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့တွင် အနားယူခဲ့သည်။

KIO ဥက္ကဋ္ဌ တာဝန်ကို မထမ်းဆောင်မှီ ယခင် ၁၉၆၄ ခုနှစ်မှာ KIA တပ်ထဲကို စတင်ဝင်ရောက်ခဲ့ပြီး စစ်မှုထမ်းတဲ့ နှစ်ပေါင်း ၅၄ အတွင်းမှာ KIO အထွေထွေ အတွင်းရေးမှူး နဲ့ KIO ရဲ့ နိုင်ငံရေးပေါ်လစီ လုပ်ငန်းတွေကို ကျွမ်းကျွမ်းကျင်ကျင် လုပ်ဆောင်နိုင်သူဖြစ်ခဲ့တယ်လို့ သိရှိရပါတယ်။

ဦးလညော် ဇောင်းဟရားဟာ ပေါင်းသင်းဆက်ဆံနယ်ပယ်မှာ ဖော်ရွယ်ပြီး စိတ်သဘောထားကောင်းမွန်တဲ့အပြင် နိုင်ငံ့တာဝန်တွေကိုလည်း ကျေပွန်စွာထမ်းဆောင်ခဲ့သူ တစ်ဦးဖြစ်တဲ့အတွက် အခုလို ကွယ်လွန်သွားတဲ့အပါ်မှာ အလွန်စိတ်မကောင်းဖြစ်ရတယ်လို့ မြောက်ပိုင်း ABSDF ကျောင်းသားတပ်မတော်မှ သူနဲ့ သိရှိသူတစ်ဦးက အခုလိုပြောဆိုထားပါတယ်။

ကျနော်တို့နဲ့ အတူရှိခဲ့တဲ့အချိန် KIO မှာအထွေထွေ အတွင်းရေးမှူးဖြစ်နေတယ်။ ဦးဘရန်ဆိုင်းက ဥက္ကဋ္ဌ ။ အဲ့ချိန်မှာက ဥက္ကဋ္ဌ ကြီးက ခရီးလွန်နေတာတွေများတော့ များတော့အားဖြင့် ဗိုလ်ချုပ်ဇော်မိုင်နဲ့ အခုကွယ်လွန်သွားတဲ့ ဦးဇောင်းဟရားတို့နဲ့ ဆက်ဆံရတာများတယ်။ သူကတော့ အမြဲတမ်းပြုံးပြုံးနဲ့ သဘောကောင်း။ သူက KIO ရဲ့ နိုင်ငံရေးဆိုင်ရာ ပေါ်လစီတွေ တော်တော်ကောင်းတယ်။ အဲ့အချိန်တုန်းက သူတို့က တော်တော်လေးအတွဲညီကြတယ်။ တကယ်လို့ ဗိုလ်ချုပ်ဇော်မိုင် ခရီးတွေဘာတွေ ထွက်သွားရင်တောင် နောက်တန်းမှာ စစ်ရေးတာဝန်တွေ လွှဲပေးထားတာလို့ အပြန်အလှန် လေးစားကြတယ်။ ပြီးရင် သူက အာဏာပြတာတွေ သိပ်မရှိဘူး တာဝန်တွေကို ထမ်းဆောင်ခဲ့ရတာတွေ့ရတယ်။ အခုလို ဖြစ်သွားတော့ စိတ်မကောင်းဘူးပေါ့နော်။ ကျနော်တို့နဲ့လည်း မိသားစုဝင်တွေလိုရင်းနှီးခဲ့ကြတော့လေ အမှတ်တရတွေလည်း အများကြီးရှိခဲ့တယ်။ ဒါကြောင့်မိသားစုနဲ့ ထပ်တူဝမ်းနည်းရပါတယ် လို့ ပြောပါတယ်။

သူ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထမ်းဆောင်ခဲ့တဲ့ ၁၂ နှစ်တာ ကာလအတွင်း စစ်ကောင်စီတပ်က ၂၀၀၈ ဖွဲ့စည်းပုံအရ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ကို နယ်ခြားစောင့်တပ်အဖြစ်ပြောင်းလဲဖို့ ဖိအားပေးမှု၊ ၂၀၁၁ ကချင်တကျာ့ပြန်တိုက်ပွဲ ပြန်လည် စတင်ဖြစ်ပွားလာမှု နဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ကို KIO က ဦးဆောင်ခဲ့ရမှု စတဲ့ သမိုင်းအချိုးအကွေ့တချို့ကို ဖြတ်သန်းခဲ့ရပါတယ်။

ဒါ့အပြင် နှစ်ပေါင်း ၅၄ နှစ် ခန့်အထိ နိုင်ငံ့တာဝန်ကို ထမ်းဆောင်ခဲ့တဲ့ ဥက္ကဋ္ဌဟောင်း ဦးလညော် ဇောင်းဟရား ကွယ်လွန်သွားတဲ့အပေါ်မှာ ကချင်ပြည်သူလူထုကြားမှာလည်း စိတ်မကောင်း ဝမ်းနည်းကြောင်း လူမှုကွန်ယက်စာမျက်နှာပေါ်တွေမှာ အမှတ်တရရေးသား ဖော်ပြ နေကြပါတယ်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ကို ၁၉၆၀ ခုနှစ် အောက်တိုဘာလမှာ ဖွဲ့စည်းခဲ့ပြီး ၁၉၆၁ ဖေဖော်ဝါရီလမှာတော့ လက်နက်ကိုင်တပ်ဖြစ်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ကို ဖွဲ့စည်းခဲ့ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button