ဖားကန့်မြို့အဝင် ယမ်းချက်စက်ရုံမှာ ရောက်ရှိနေတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းတွေမှာ ဒီကနေ့ မနက်ပိုင်း ၇ နာရီခွဲဝန်းကျင်အချိန် ဖားကန့် ဗျူဟာကုန်ဘက်ကို ဦးတည်ပြီး စစ်ကြောင်းထွက်ခွာခဲ့ရာ KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ လမ်းကြောင်းပိတ်ဆို့ တိုက်ခိုက်ခဲ့တဲ့အတွက် ၃ နေရာလောက်မှာ တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ် စစ်ကြောင်းထွက်ခွာလာတဲ့ လမ်းကြောင်းအတိုင်း လယ်ပြင်၊ ငြိမ်းချမ်းသာယာနဲ့ လုံးခင်းကျေးရွာထဲမှာ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။
“ယမ်းချက်ကို မနေ့ကရောက်တဲ့ စစ်ကောင်စီတပ် စစ်ကြောင်းတွေက ၁၀၀ ကျော်လောက်ရှိမယ်ထင်တယ်။ မနေ့ည ထပ်ဝင်လားတော့မသိဘူး။ အဲ့ဒီစစ်ကြောင်းတွေက ယမ်းချက်ကနေ ထွက်ပြီး လယ်ပြင်လမ်းကြောင်းအတိုင်းထွက်လာတယ်။ လယ်ပြင်ကနေ ငြိမ်းချမ်းသာယာလမ်းကိုသွားတဲ့လမ်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ဖြစ်တယ်။ နောက် စစ်ကောင်စီတပ်ရှိတဲ့ လုံးခင်းမှာလည်းဖြစ်နေသလို ခွန်ဆာကုန်းရဲစခန်းနဲ့ မျောက်ကုန်းစစ်တပ် နေရာတွေဘက်မှာလည်းဖြစ်နေတယ်”လို့ပြောပါတယ်။
လက်ရှိ စစ်ကြောင်းထွက်လာတဲ့စစ်ကောင်စီတပ်တွေကို KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ပိတ်ဆို့တိုက်ခိုက်ထားတဲ့အတွက် လုံးခင်းကျေးရွာထဲမှာ ဆက်ရှိနေပြီးတော့ စစ်ကြောင်းထွက်လာလို့မရအောင် လုံးခင်းနဲ့ မှော်စီစာ ကျေးရွာနှစ်ခုကြားမှာက KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ပိတ်ထားတယ်လို့ သိရပါတယ်။
ဒီကနေ့ မနက် စစ်ကောင်စီတပ် စစ်ကြောင်းထွက်ခွာလာတဲ့အချိန် ငြိမ်းချမ်းသာယာ(ခွန်ဆာကုန်း)ရဲစခန်းနဲ့ မျောက်ကုန်းစစ်တပ်ကုန်းကနေ လက်နက်ကြီးတွေ ရမ်းသမ်းပစ်ကူခဲ့တဲ့အတွက် လက်ရှိမှာ အဲ့ဒီနေရာတွေမှာလည်း တိုက်ပွဲဖြစ်နေတာဖြစ်တယ်လို့ သိရပါတယ်။
လုံးခင်းကျေးရွာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ တော်လှန်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲစတင်ပြင်းထန်နေပြီဖြစ်တဲ့အတွက် ကျေးရွာတစ်ခုလုံးငြိမ်သက်သွားတဲ့အပြင် ကျေးရွာအဝင်အထွက်တွေကိုလည်း ယာယီပတ်ထားတယ်လို့ သိရပါတယ်။
လက်ရှိ ဖြစ်ပေါ်နေတဲ့ စစ်ရေးအခြေအနေရ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းတွေအနေနဲ့ လုံးခင်းနဲ့ ဆိုင်းတောင်တစ်လျှောက်မှာ ဆက်ရှိနေရင် တိုက်ပွဲက ဆက်လက်ကြာမြင့်သွားမှာဖြစ်သလို ဖားကန့်ပြည်သူတွေအတွက် အသက်အန္တရာယ် စိုးရိမ်ဖွယ်ရာရှိနေတယ်လို့ ဖားကန့်ဒေသခံအမျိုးသားက ဆက်ပြောပါတယ်။
“စစ်တပ်စစ်ကြောင်းက ဒေသခံတွေမျှော်မှန်းသလောက် ဆိုင်းတောင်ကြော အခိုင်အမာရှိတဲ့ အဆောက်အဦးတစ်ခုခုမှာပဲ ဖြစ်ဖြစ် ဆက်ရှိသွားမယ်ဆိုရင် တိုက်ပွဲက ဆက်ကြာအုံးမယ်။ ဒါမှမဟုတ် သူတို့ရဲ့ လိုရာခရီးကို ဆက်သွားနိုင်ပြီးတော့ ဗျူဟာကုန်းဘက်ကို ဆက်တက်မယ်ဆိုရင် တိုက်ပွဲကမကြာနိုင်ဘူးပေါ့။ ဒါမှမဟုတ် ကျေးရွာတစ်လျှောက်မှာ ဆက်ရှိနေရင်တော့ ထိခိုက်နစ်နာမှုတွေ ၊ စစ်ပွဲအရှိုန်ကြာမြင့်လာတာတွေ အများကြီဖြစ်လာလိမ့်မယ်”လို့ပြောပါတယ်။
အခုလို တိုက်ပွဲဖြစ်ပွားနေတာကြောင့် လယ်ပြင်၊ လုံးခင်း၊ ငြိမ်းချမ်းသာယာကုန်း ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေကြသလို ပြည်သူတစ်ချို့က နေအိမ်တွေမှာ ပုန်းရှောင်နေထိုင်နေကြတယ်လို့ သိရပါတယ်။
ဖားကန့်မှာတိုက်ပွဲဖြစ်နေတာနဲ့ပတ်သက်ပြီး “ယမ်းချက်ကနေ ထွက်လာတဲ့ စစ်ကြောင်းတွေက လုံးခင်း ကွန်ကရက်တံတားဘက်ကို ဝင်လာတယ်။ စကော့ရှေ့ပြေး ၄ ၊ ၅ ယောက်ထားပြီး နောက်မှာ စစ်ကြောင်းတွေလိုက်တယ်။ ထွက်လာတာ သိပ်မကြာဘူး လက်နက်ကြီးသံတွေ ဆက်တိုက်ကြားရပြီ။ မျောက်ကုန်းဘုရားဖက်မှာ အသံကြားတယ်။ မလန်တုန်ဘက်မှာလည်း ကြားတယ်။ သေနတ်သံတွေက တစ်ဖက်ကနေပဲ ကြားရသလိုတော့ရှိတယ်။ အဲ့ကြောင့် ဒီမနက် လုံးခင်းပြည်သူတွေက တစ်ကွဲတစ်ပြားစီဖြစ်ကုန်တာပေါ”လို့ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တွေကြား အရပ်သားပြည်သူတွေ နေထိုင်တဲ့ ကျေးရွာအတွင်းမှာတင်တိုက်ပွဲဖြစ်ပွားနေတဲ့အတွက် ဖားကန့်ပြည်သူတွေဟာ အသက်အန္တရာယ်တစ်စုံတစ်ခုဖြစ်လာမှာကိုလည်း စိုးရိမ်နေကြတာဖြစ်ပါတယ်။
လယ်ပြင်၊ လုံးခင်း၊ ဆိုင်းတောင် ကျေးရွာတွေမှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်းမှာလည်း စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုး၊ စစ်ရေးလှုပ်ရှားတာတွေရှိခဲ့တာကြောင့် တိုက်ပွဲမကြာခဏ ဖြစ်ပွားလျက်ရှိခဲ့တဲ့ကျေးရွာတွေဖြစ်ပါတယ်။
By – နော်ထွယ့်(ဟူးကောင့်)



