ချီဖွေမြို့မှာ မေခမြစ်ရေမြင့်တက်နေဆဲဖြစ်ပြီး စစ်ရှောင်စခန်းအများပိုင်း ရေနစ်မြုပ်

ကချင်ပြည်နယ်အထက်ပိုင်း မိုးသည်းထန်စွာရွာသွန်းနေတာကြောင့် မေခမြစ်ရေဆက်မြင့်တက်နေဆဲဖြစ်ပြီး စစ်ရှောင်စခန်းအများပိုင်း ရေနစ်မြုပ်နေပြီဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မေလ ၂၃ ရက်ကစပြီး ချီဖွေ၊ပန်ဝါ၊ဆော့လော်၊လန်ဆယ်၊ခေါင်လန်ဖူး၊ပူတာအိုဘက်မှာ မိုးသည်းထန်စွာရွာသွန်းနေတာ တစ်ပတ်ကျော်ကြာလာချိန် မေခမြစ်ရေကလည်း တဖြည်းဖြည်းမြင့်လာတာဖြစ်ပါတယ်။
မေလ ၃၀ ရက်ညအထိ မြို့ထဲရေဝင်ရောက်တာမရှိသေးပေမယ့် မေလ ၃၁ ရက်နေ့ မနက်ပိုင်း ၅ နာရီဝန်းကျင်ကစပြီးမြစ်ကမ်းနံဘေးရှိ စစ်ရှောင်စခန်းတွေမှာ စတင်ဝင်ရောက်ရာ ညနေ ၄ နာရီဝန်းကျင်မှာတော့ စခန်းအများပိုင်း ရေနစ်မြုပ်သွားပြီဖြစ်ပါတယ်။
“မနှစ်ကထက်ပိုကြီးသွားပြီ ဒီနှစ်က ခုလည်းမိုးရွာတာမပြတ်ဘူး။ ဟိုလန်ဆယ်ဘက်လည်းအခြေနအရမ်းဆိုးတယ်ပြောလာကြတယ်။ဒီပုံစံအတိုင်းဆိုရင် မလွယ်ဘူး”လို့ စစ်ရှောင်ပြည်သူ အမျိုးသားတစ်ဦး KNG ကို ပြောပါတယ်။
စစ်ရှောင်စခန်း ရေစတင်ဝင် ရောက်လာချိန်ကစလို့ စစ်ဘေးရှောင်ပြည်သူတွေဟာ ကုန်းမြင့်ရှိ ဘုရားကျောင်းနေရာ၊အသိမိတ်ဆွေနေအိမ်တွေမှာ ရွေ့ပြောင်းနေထိုင်ကြပြီဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ချီဖွေမြို့ စံချိန်တင်မြင့်တက်ခဲ့တဲ့ မေခမြစ်ရေကြောင့် မြစ်ကမ်းနံဘေးရှိ စစ်ရှောင်စခန်း၊လူနေအိမ်အများအပြားပျက်စီးဆုံးရှုံးမှုထက် ဒီနှစ်အတွင်း ရေကြီးရေလျှံမှုက ပျက်စီးဆုံးရှုံးမှုပိုများနိုင်တယ်လို့ ချီဖွေမြို့ခံအမျိုးသမီးတစ်ဦးကလည်း ခုလိုပြောပါတယ်။
“အရင်နှစ်က ရေမြုပ်ထားတဲ့အိမ်တွေ ဒီနှစ်ရေထက်မြုပ်တော့ နေလို့ရမှာမဟုတ်တော့ဘူး။ အစကတည်းက ဒီဘက်စစ်ရှောင်စခန်းအဆောင်တွေဟောင်းနေပြီလေ။ဒီနှစ်ပိုဆိုးမယ့်သဘောရှိတယ်”လို့ပြောပါတယ်။
ဒေသခံတွေပြောတာက ချီဖွေမြို့မှာ ယခင်က ၁၀ နှစ်မှာ တစ်ကြိမ်ခန့်သာ ခုလိုမြို့တွင်းထိရေဝင်ပေမယ့် ခုနောက်ပိုင်းရေကြီး ရေလျှံမှုက ခပ်စိပ်စိပ်ဖြစ်လာတယ်လို့ ပြောကြပါတယ်။
ကချင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇွန်လထဲမှာ စိုးရိမ်ရေအမှတ်ကျော်လွန်ပြီး ရေကြီးရေလျှံဖြစ်ခဲ့တာကြောင့် မြစ်ကြီးနားမြို့အပါ ဝိုင်းမော်၊ ချီဖွေ၊ ပူတာအိုနဲ့ ဖားကန့် စတဲ့ မြို့ကြီးတွေမှာ ပြည်သူတွေရေဘေးအန္တရာယ်ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။
By – Zami