သတင်း

မြစ်ကြီးနားဧရာဝတီမြစ်ရေကျဆင်းလာပေမဲ့ မြစ်ဖျားပိုင်းမှာမိုးကြီးနေ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရဲ့ဧရာဝတီမြစ်ရေကျဆင်းလာပေမဲ့ မြစ်ဖျာပိုင်းဒေသဖြစ်တဲ့ ချီဖွေမြို့နယ်ဘက်မှာ မိုးကြီးနေဆဲ ဖြစ်တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ပြီးခဲ့တဲ့ မေလ ၃၁ ရက်နေ့ကစပြီးတရွေ့ရွေ့နဲ့တက်လာတဲ့ မြစ်ကြီးနားမြို့ရဲ့ ဧရာဝတီမြစ်ရေဟာ ဒီနေ့ ဇွန်လ ၂ ရက်နေ့ နေ့လည် ၁၁ နာရီ ဝန်းကျင်ကစလို့ နာရီဝက်အတွင်း  လက်မခန့်နှုန်းနဲ့ မြစ်ရေစကျနေပြီလို့ ကချင်ပြည်နယ်မိုးဇလရဲ့ ဦးစီးမှူး ဦးနိုင်လင်းထွေးက သူ့ရဲ့ ဖေ့ဘုတ်စ်ကတစ်ဆင့် ကြေညာလိုက်ပါတယ်။

တိုင်ကိုကြည့်လိုက်ပါ။ ရေလည်းငြိမ်သွားပါပြီ။ မနက် နာရီခွဲကနေစပြီးမှ အတက်အကျမရှိငြိမ်ခဲ့တဲ့‌ရေ အခု 5cm လောက်စကျပါပြီ။ ရေစကျပြီလို့ပြောလို့ရပါတယ်။ ဝမ်းသာတယ်နော်။ ဝမ်းသာစရာကြီးပေါ့။ အကျတော့ စကျတဲ့အချိန် နည်းနည်းတော့နှေးမှာဖြစ်ပါတယ်လို့သူက ဖေ့ဘုတ်စ်ကတစ်ဆင့်ဒေသခံတွေကိုအသိပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၃ ရက်နေ့ကစလို့ ကချင်ပြည်နယ်အထက်ပိုင်း မေခ၊ မလိခမြစ်စီးဆင်းရာဒေသမှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် မြစ်ကြီးနားမြို့ရဲ့ဧရာဝတီမြစ်ရေမြင့်တက်လာခဲ့ပြီး ဒီနေ့မနက်ပိုင်းအထိ စိုးရိမ်ရေအမှတ်ထက် ၂လက်မအထိ ကျော်လွန်ရောက်ရှိခဲ့တာပါ။

ဒါ့ကြောင့် မြို့ရဲ့မြေနိမ့်ပိုင်းရပ်ကွက်တွေဖြစ်တဲ့ ကချင်စု၊ ကြက်ပေါင်ခြံ၊ ပေါ်ဦး၊ လယ်ကုန်း၊ ရမ်ပူ၊ မြို့သစ်ကြီး တို့က ဒေသခံ တွေကတော့ မနေ့ကစလို့ရေဘေးစရှောင်ခဲ့ကြပြီး မနောကွင်းရှိရာ စီတာပူတစ်ဝှိုက်ကတော့ မနေ့ကမနက်ပိုင်းကစလို့  ရေတွေစတင်ဝင်ရောက်ခဲ့ပါတယ်။

တစ်ဖက်မှာ မြစ်ကြီးနားမြို့ရဲ့ ဧရာဝတီမြစ်ရေစကျနေပြီလို့သိရပေမဲ့လည်း ဧရာဝတီမြစ်ရဲ့မြစ်ဖျားခံရာ မေခမြစ်စီးဆင်းတဲ့ ချီဖွေဒေသဘက်မှာတော့ ဒီနေ့အထိမိုးကြီးနေပြီး လက်ရှိအဲ့ဒီဒေသရဲ့ရာသီဥတုအခြေနေနဲ့ပတ်သက်လို့ဒေသခံအမျိုးသမီး တစ်ဦးက အခုလိုပြောပါတယ်။

မိုးကတော့ရွာနေတာ ၂၃ ရက်နေ့ကတည်းကရွာလိုက်နားလိုက်ဖြစ်နေတာ အခုဆို တစ်ပတ် ဆယ်ရက်ဖြစ်လာပြီ။ မနေ့က စပြီးတော့ ပိုပြီးမိုးကရွာတယ်။ မနားတမ်းရွာတယ်။ မိုးကတော်တော်ပြင်းထန်တယ်။ အခုချိန် ထိမိုးကရွာတယ်။ တောင်ကျချောင်းရေ ဒီမနက်မိုးလင်းချိန်ကစလို့ ဧရာဝတီမြစ်ထဲဆင်းဝင်နေတယ်လို့ဆိုပါတယ်။

ချီဖွေမြို့နယ်တစ်ဝှိုက်ပြီးခဲ့တဲ့ မေလ ၂၃ ရက်နေ့ကစလို့ မိုးကြီးပြီး ရေကြီး၊ မြေပြိုမှုတွေဖြစ်ခဲ့တာကြောင့် စစ်ရှောင်စခန်းတွေ အပါအဝင်၊ ဒေသခံတွေရဲ့နေအိမ်တစ်ချို့ပါမျှောပါသွားခဲ့ရတယ်လို့ သိရပါတယ်။

ဒါ့အပြင် ချီဖွေဒေသမှာ ပြီးခဲ့တဲ့နှစ်ကထက် မိုးကြီးပြီးမေခမြစ်ရေမြင့်တက်မှုက အရှိန်ပိုမြန်တာကြောင့် ရေဘေးသင့်ဒေသခံ တွေ အစားအသောက်နဲ့အရေးပေါ်အကူညီများစွာလိုအပ်နေကြတယ်လို့ဆိုပါတယ်။

ဧရာဝတီမြစ်ကိုစီးဝင်တဲ့ နောက်ထပ်မြစ်တစ်ခုဖြစ်တဲ့ မလိခမြစ်စီးဆင်းရာ ပူတာအိုဒေသဘက်မှာတော့ မနေ့ကအထိတစ်ပတ် နီးပါး မိုးကြီးခဲ့ပေမဲ့ ဒီကနေ့မှာတော့ မိုးတိတ်သွားပြီ လို့ ဒေသခံတွေကပြောပါတယ်။

ကချင်ပြည်နယ်ရဲ့အထက်ဘက် မေခ၊ မလိခ မြစ်စီးဆင်းရာဒေသဘက် မိုးရွာသွန်းမှုဟာ တကျော့ပြန်စံချိန်တင်ရေကြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် မနှစ်ကထက် မိုးပိုကြီးခဲ့သလို အချိန်အားဖြင့်လည်းပိုစောခဲ့တာကြောင့် မမျှော်လင့်ထားတဲ့ အခြေနေ တစ်ခုကြုံခဲ့ ရတာလို့‌ ဒေသခံတွေကဆိုကြပါတယ်။

ကချင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဧရာဝတီမြစ်ရေဟာ စိုးရိမ်ရေအမှတ် ၁၄၀၀ ကျော်အထိရောက်ရှိခဲ့ပြီး အချိန်အားဖြင့် ဇွန်လနောက်ဆုံးအပတ် ဇူလိုင်လအစအထိ ဒေသခံတွေရေကြီးရေလျှံမှုကိုခံစားခဲ့ကြရတာဖြစ်ပါတယ်။

By – အမိုး

Show More

Related Articles

Back to top button