သတင်း

မြစ်ရေတက်နေတဲ့ ဝိုင်းမော်မြို့နယ် ကျေးရွာတချို့မှာ သွားလာရေးအတွက် ငွေကျပ် ၆ သောင်းထိ ကုန်ကျနေရ

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် အင်ဂန်းကျေးရွာ လမ်းနေရာတချို့မှာဧရာဝတီမြစ်ရေမြင့်တက်နေပြီး လမ်းတစ်ခါ ဖြတ်ကူးနိုင်ဖို့ ငွေကျပ် ၆ သောင်းခန့်အထိ ပေးနေရတယ်လို့ စစ်ရှောင်ပြည်သူတွေဆီကနေ သိရပါတယ်။

လက်ရှိ အင်ဂန်းကျေးရွာကနေ ထွက်နိုင်ဖို့အတွက် ရေကြီးသွားတဲ့ နေရာ ငါးခုလောက်ရှိပြီး ဆိုင်ကယ်နဲ့ ဖြတ်မရတဲ့အတွက် စက်လှေတွေကို အသုံးပြုနေရတယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း အဲဒီနေရာ ၅ခုလုံးကို ဖြတ်နိုင်ဖို့အတွက် ဆိုင်ကယ်တစ်စီးနဲ့ လူတစ်ဦးမှာ စက်လှေဖိုး ကျပ်ငွေ ၅သောင်းကနေ ၆ သောင်းဝန်းကျင်ထိ ပေးဆောင်နေရတယ်လို့ နောင်ဟီး ဒေသခံ အမျိုးသားလူငယ်တစ်ဦးက ခုလိုပြောပါတယ်။

မြစ်ကြီးနားကနေ အင်ဂန်းဘက်ကို ပြန်တက်လာတဲ့လူတွေနဲ့ ဒီကနေ ဟိုဘက်ကို ရောက်သွားတဲ့ လူတွေကို လိုင်းပြန်တက်တဲ့အချိန် မေးကြည့်တဲ့အချိန်မှာ ဈေးနှုန်းက အဲလောက်ထိရှိလို့ မသွားဘဲ နေလိုက်တာပေါ့လို့ ဆိုပါတယ်။

အင်ဂန်းကျေးရွာဟာ မြေနိမ့်ပိုင်းနေရာတွေ များတဲ့အတွက် အခုလို ဖြတ်သန်းသွားလာရတဲ့လမ်းတွေမှာ ရေတွေ ပြည့်လျှံသွားတဲ့ အခြေအနေဖြစ်နေပေမယ့်လည်း ကျေးရွာထဲမှာတော့ စိုးရိမ်ရတဲ့ အနေအထား မရှိဘူးလို့ ဆိုပါတယ်။

အင်ဂန်းကျေးရွာမှာ စစ်ဘေးတိမ်းရှောင်နေတဲ့ နောင်ဟီးကျေးရွာပြည်သူတွေဟာ နေအိမ်ရှိပစ္စည်းတွေကို ရွှေ့ပြောင်းနိုင်ဖို့ ကျေးရွာပြန်ချင်ပေမယ့်လည်း လမ်းဖြတ်ကူးခ မြင့်တက်နေတဲ့အတွက် အခက်ကြုံနေရတယ်လို့ သိရပါတယ်။

ဝိုင်းမော်မြို့နယ် ဧရာဝတီမြစ်ကမ်းတစ်လျောက်ကျေးရွာတွေမှာ မနေ့က မနက်ကတည်းကနေ မြစ်ရေ စတင်ဝင်ရောက်လာတာ ဖြစ်ပေမယ့်လည်း  ဒီနေ့လည် ၁၂ နာရီဝန်းကျင်လောက်ကနေပြီးတော့ မြစ်ရေတွေ ပြန်ကျလာပြီလို့ ဝိုင်းမော်ဒေသခံတွေက ပြောပါတယ်။

By – Hope

Show More

Related Articles

Back to top button