လမ်းပိုင်းမြေပြိုမှုကြောင့် ရေဘေးသင့်ချီဖွေဒေသမှာကုန်စည်ပြတ်လပ်နိုင်

ကချင်ပြည်နယ်အထက်ပိုင်း မေခမြစ်ရှိရာဒေသတစ်ဝှိုက် မိုးသည်းထန်စွာရွာသွန်းနေလို့ ချီဖွေ–ဝိုင်းမော် လမ်းပိုင်းမြေပြိုမှု တွေဖြစ်နေပြီး ရေဘေးဒဏ်ကြုံထားရတဲ့ချီဖွေဒေသခံတွေ ကုန်ပစ္စည်းပြတ်လပ်မှာကိုစိုးရိမ်နေကြပါတယ်။
ပြီးခဲ့တဲ့ မေလ ၂၃ ရက်နေ့ကစလို့ ချီဖွေ၊ ပန်ဝါ၊ ဆော့လော်၊ လန်ဆယ် ဒေသတို့မှာ မိုးသည်းထန်စွာရွာသွန်းခဲ့တာကြောင့် စစ်ရှောင်စခန်း၊ ဒေသခံတွေနေအိမ်တစ်ချို့အပါအဝင် လူသေဆုံးမှုတွေရှိခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် နောက်ဆက်တွဲကတော့ ချီဖွေ–ဝိုင်းမော် လမ်းပိုင်း ၃ နေရာလောက်မြေပြိုခဲ့တာကြောင့် ယာဥ်ငယ်တွေသာ အဲ့ဒီလမ်းကိုအသုံးပြုလို့ရတဲ့အခြေနေလို့ ဒေသခံတွေကပြောပါတယ်။
“ဝိုင်းမော်လမ်းပိုင်းမှာ မိုးကြီးလို့ ချီဖွေ–ဝိုင်းမော်ကြား လမ်းမြေပြိုတယ်။ လမ်းမြေပြိုတဲ့နေရာမှာ ကုန်ကားတွေက သွားလို့မရရပ်တန့်နေရတယ်။ ဆိုင်ကယ်သမားတွေက ဝါးဖောင်လုပ်ပြီးကူးပေးနေကြတယ်။ အရမ်းလည်းခက်တယ်။ လမ်းလည်းအခြေနေဆိုးတယ်။ မြေပြိုတဲ့နေရာကလည်းများတယ်။ “လို့ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။
ဒါ့အပြင် ချီဖွေ–ပန်ဝါလမ်းပိုင်းမှာဆိုရင် လမ်းပိုင်းမြေပြိုလို့ မည်သည့်ယာဥ်မှဖြတ်သန်းသွားလာလို့မရဘဲ တစ်ချို့သော ကုန်စည်တွေလည်းစတင်ပြတ်လပ်နေပြီလို့ သိရပါတယ်။
လက်ရှိ ချီဖွေ–ဝိုင်းမော်လမ်းပိုင်းမှာတော့ ဝါးဖောင်သုံးပြီးဖြတ်သန်းလို့ရနေပြီး လူတစ်ဦးကိုဖြတ်သန်းခ ကျပ် ၅ ထောင် နဲ့ ဆိုင်ကယ်တစ်စီးကိုတော့ ကျပ် ၁ သောင်းနဲ့ဖြတ်သန်းသွားလာနေကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒါ့အပြင် ချီဖွေဒေသမှာ ပြီးခဲ့တဲ့နှစ်ကထက် မိုးကြီးပြီးမေခမြစ်ရေမြင့်တက်မှုက အရှိန်ပိုမြန်တာကြောင့် ရေဘေးသင့်ဒေသခံ တွေ အစားအသောက်နဲ့အရေးပေါ်အကူညီများစွာလိုအပ်နေကြတယ်လို့ဆိုပါတယ်။
“အရင်နှစ်ကလည်းရေကြီးထားတာဆိုတော့ ဒီနှစ်အဲ့လောက်ရေကြီးမယ်မထင်လို့ နှစ်ရက်သုံးရက်စာလောက်ပဲ ရိက္ခာသယ် ကြတယ်။ အများပိုင်းကတော့ စစ်ရှောင်စခန်းရဲ့အပေါ်ထပ်မှာကျပ်ခိုးစင်လိုနေရာမှာတင်ထားခဲ့ကြတာ။ မနှစ်ကရေအရမ်း ကြီးတာတောင် ခေါင်မိုးပေါ်ထိမရောက်ဘူး သူတို့ကလည်းအဲ့လိုထင်တော့ အခုကစခန်းတွေအားလုံးမျှောပြီး ဘာမှရစရာ မရှိတော့ဘူး အခုက အခြေခံစားသောက်ကုန်တွေကလိုအပ်နေတယ်”လို့ချီဖွေဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။
တစ်ဖက်မှာ ကချင်ပြည်နယ်အထက်ပိုင်း မေခ၊ မလိခမြစ်စီးဆင်းရာဒေသမှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် မြစ်ကြီးနားမြို့ရဲ့ဧရာဝတီမြစ်ရေမြင့်တက်လာခဲ့ပြီး ဒီနေ့မနက်ပိုင်းအထိ စိုးရိမ်ရေအမှတ်ထက် ၂လက်မအထိကျော်လွန် ရောက်ရှိခဲ့တာပါ။
ဒါပေမဲ့ လွန်ခဲ့တဲ့ ၂ ရက်လောက်စပြီးတရွေ့ရွေ့နဲ့တက်လာတဲ့ မြစ်ကြီးနားမြို့ရဲ့ ဧရာဝတီမြစ်ရေဟာ ဒီနေ့နေ့လည် ၁၁ နာရီ ဝန်းကျင် က စလို့ နာရီဝက်အတွင်း ၂ လက်မခန့်နှုန်းနဲ့ မြစ်ရေစကျနေပြီလို့ ကချင်ပြည်နယ်မိုးဇလရဲ့ ဦးစီးမှူး ဦးနိုင်လင်းထွေး က သူ့ရဲ့ ဖေ့ဘုတ်စ်ကတစ်ဆင့် ကြေညာခဲ့ပါတယ်။
မြစ်ကြီးနားမြို့ရဲ့မြေနိမ့်ပိုင်းရပ်ကွက်တွေဖြစ်တဲ့ ကချင်စု၊ ကြက်ပေါင်ခြံ၊ ပေါ်ဦး၊ လယ်ကုန်း၊ ရမ်ပူ၊ မြို့သစ်ကြီး တို့က ဒေသခံတွေက တော့ မနေ့ကစလို့ရေဘေးစရှောင်ခဲ့ကြပြီး မနောကွင်းရှိရာ စီတာပူတစ်ဝှိုက်ကတော့ မနေ့ကမနက်ပိုင်းကစလို့ ရေတွေစတင် ဝင်ရောက်ခဲ့ပါတယ်။
ကချင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဧရာဝတီမြစ်ရေဟာ စိုးရိမ်ရေအမှတ် ၁၄၀၀ cm ကျော်အထိရောက်ရှိခဲ့ပြီး ဒီရက်ပိုင်း မြင့်တက်လာတဲ့ ဧရာဝတီမြစ်ရေကတော့ စိုးရိမ်ရေအမှတ်ထက်ကျော်လွန်ပြီး ၁၂၀၅ cm ထိရောက်ရှိခဲ့ရာ လက်ရှိတော့ စိုးရိမ်ရေအမှတ်အောက် ၁ပေကျော်လောက်ကျဆင်းသွားပြီလို့ ပြည်နယ်မိုးဇလကထုတ်ပြန်ထားပါတယ်။
By – အမိုး