သတင်း

ဖားကန့် ကျောက်မျက်ကုမ္ပဏီ ပေါက်ကွဲမှု ၂ ဦးသေဆုံး၊ ထိခိုက်ဒဏ်ရာရသူ များပြား

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စုထဲက ကျောက်မျက်ကုမ္ပဏီဝင်းတစ်ခုအတွင်း ပေါက်ကွဲမှုမှာ ဝန်ထမ်း ၂ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြားတယ်လို့ KNG က စုံစမ်း သိရှိရပါတယ်။

ဒီနေ့ ဇွန်လ ၃ ရက်နေ့ နေ့လည် ၁ နာရီဝန်းကျင်မှာ လုံးခင်းကျေးရွာအုပ်စု မှော်စီစာကျေးရွာအပိုင်း ဆောင်းချိန်ကျေးရွာ ဓမ္မာရုံနားက ကျောက်မျက်ကုမ္ပဏီဝန်းအတွင်းဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ဒေသခံတွေကဆိုပါတယ်။

ဒီပေါက်ကွဲမှုဟာ စစ်ကောင်စီက ပစ်ခတ်လိုက်တဲ့လက်နက်ကြီး ကုမ္ပဏီရဲ့ ယမ်းဂိုထောင်အပေါ်ကျရောက်ပေါက်ကွဲမှုလို့ သိရကြောင်း ဒေသခံတစ်ဦးက KNG ကို အခုလိုပြောပါတယ်။

ပေါက်ကွဲမှုအသံကြားတယ်။ လူထိခိုက်တယ်လို့ကြားတယ်။ သေဆုံးသူကတော့နှစ်ယောက်ရှိပြီ။ ကုမ္ပဏီကိုယ်စားလှယ် ကတော့ လက်နက်ကြီးကျတာလို့ပြောတယ်။ ယမ်းဂိုထောင်နား ယမ်းထားတဲ့အဆောင်နားကို လက်နက်ကြီးကျတယ်လို့ ပြောတယ်။ အခြေနေသွားကြည့်တော့ တော်တော်ဆိုးတယ်။ ဒဏ်ရာရတဲ့သူလည်းများတယ်ဗျ လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

ပေါက်ကွဲမှုဖြစ်ပြီး နောက်ပိုင်းမှာတော့ လူမှုကူညီရေးအသင်းတွေ ရောက်ရှိလာပြီး ထိခိုက်ဒဏ်ရာရရှိသူတွေကို နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းတွေကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

ပေါက်ကွဲမှုဖြစ်ခဲ့တဲ့နေရာမှာ အကျယ် ပေ ၄၀ လောက်ရှိတဲ့ကျင်းတစ်ခုဖြစ်သွားကြောင်းသိရပြီး စိုးရိမ်ရတဲ့ဒဏ်ရာရရှိ သူတွေများတယ်လို့ လူမှုကူညီရေးအသင်းတွေကလူမှုကွန်ယက်မှာ ပုံနဲ့တကွထုတ်ပြန်ထားပါတယ်။

တစ်ဖက်မှာတော့ ဒီပေါက်ကွဲမှုကို လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ရာကနေဖြစ်ပွားတဲ့ဖြစ်စဥ်လို့ အဆိုပါကုမ္ပဏီရဲ့ ကိုယ်စားလှယ်ကပြောပေမဲ့ ဒေသခံတစ်ချို့ကတော့ ဘာကြောင့်လည်းဆိုတာ အတည်မပြုနိုင်သေးဘူးလို့ဆိုပါတယ်။

ကျန်တာတော့အတိအကျမသိရသေးဘူး သူက ယမ်းဂိုထောင်ပေါက်ကွဲမှုလား လက်နက်ကြီးကျတာလားဆိုတာ ဝေခွဲလို့ မရသေးဘူးဖြစ်နေတယ်လို့ နောက်ထပ်ဒေသခံတစ်ဦးက ပြောပါတယ်။

ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ ကုမ္ပဏီဟာ အများပိုင်အဖွဲ့အစုလိုက် လုပ်ကိုင်ကြတဲ့ ကျောက်တူးတဲ့ကုမ္ပဏီတစ်ခုလို့သိရပြီး ပေါက်ကွဲ မှုကြောင့် ကုမ္ပဏီအဆောင်တွေ အမိုးပွင့်ထွက်ပျက်ဆီးကုန်တယ်လို့ သိရပါတယ်။

ဖားကန့်မြို့နယ်ကို ပြီးခဲ့တဲ့ မေလ နောက်ဆုံးအပတ်ကစလို့ ကာမိုင်းဖားကန့်လမ်းအတိုင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေရောက်ရှိလာခဲ့ပြီး ဒီရက်ပိုင်းအတွင်းမှာတော့ မြို့တွင်းစစ်ကြောင်းပတ်ထိုးမှုတွေလုပ်နေတာဖြစ်ပါတယ်။

ဒါ့အပြင် ကျောက်စိမ်းတူးဖော်တဲ့ကုမ္ပဏီတွေကို အခွန်ကောက်တာ၊ ကျောက်စိမ်းလုပ်ကွက်ကုမ္ပဏီတွေက စက်ယန္တရား တွေ ကို မီးရှို့ဖျက်ဆီးတာတွေလုပ်နေပြီး ဒီနေ့မနက်ပိုင်းမှာပဲ မှောစီစာရွာနား ၁၁၁ ကုမ္ပဏီလုပ်ကွက်က ဘက်ဟိုးတစ်စီးနဲ့ မြေသယ်ကားနှစ်စီးကို မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။

By – အမိုး

Show More

Related Articles

Back to top button