တောင်ကျချောင်းရေကြီးမှုကြောင့် ဆဒုံးဒေသခံ ၅ ဦး သေဆုံး၊ အလောင်း ၁ ခုသာ တွေ့ရှိ

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဆဒုံးမြို့အနီးရှိ ကျေးရွာ ၃ ရွာတွင် တောင်ကျချောင်းရေကြီးမှုကြောင့် သေဆုံးခဲ့ရသော ဒေသခံ ၅ ဦးအနက် ၁ ဦး၏ အလောင်းသာ တွေ့ရှိရပြီး ရေဘေးသင့်ပြည်သူများအတွက် ကူညီမှုများ လိုအပ်နေကြောင်း သိရသည်။
ဆဒုံးမြို့အနီး ဆမားဟော်ရွာ (Xenma Haw)၊ လုံထန်ရွာ (Lunghtang) နှင့် ယိန်းနော့ရွာ (Yingnaw) စသော ကျေးရွာများတွင် ဇွန်လ ၂ ရက်နေ့ မနက်ပိုင်း တောင်ကျချောင်းရေကြီးလာမှုကြောင့် ဒေသခံပြည်သူ ၅ ဦး သေဆုံးခဲ့ရပြီး နေအိမ် အမြောက်အများ ထိခိုက်ပျက်စီးသွားကြောင်း ဒေသခံများက ပြောကြားခဲ့သည်။
ဇွန်လ ၃ ရက်နေ့ မနက်ပိုင်းအထိ ရေကြီးမှုတွင် ပါသွားမှုကြောင့် သေဆုံးသွားသော ဒေသခံ ၅ ဦးရှိသည့်အနက် အမျိုးသမီးတစ်ဦး၏ အလောင်းကိုသာ တွေ့ရှိနိုင်ခဲ့ကြောင်း ဆမားဟော်ရွာမှ ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောကြားခဲ့သည်။
“အလောင်းတစ်ခုပဲ တွေ့ရသေးတယ်။ ရေက တောင်ကျချောင်းဖြစ်တာကြောင့် ချက်ချင်းကြီးလာတာဖြစ်တယ်။ အိမ်တွေ ဘယ်လောက်ထိ ထိခိုက်ပျက်စီးသွားပြီဆိုတာ အတိအကျ မသိရသေးဘူး။ အိမ်တွေအားလုံး ရေလွှမ်းသွားတော့ ရေထဲ ပါသွားကြတယ်။ အခုသွားလာရေးတောင် အရမ်းခက်နေသေးတယ်။ လမ်းက ရေလမ်းဖြစ်သွားလို့”ဟု ဆမားဟော်ရွာမှ အမျိုးသားတစ်ဦးက ပြောကြားခဲ့သည်။
ရေကြီးလာချိန် မျောပါသေဆုံးခဲ့ရသော ဒေသခံ ၅ ဦးမှာ ဆမားဟော်ရွာမှ အမျိုးသမီး ၂ ဦးနှင့် ကလေး ၁ ဦး၊ ယိန်းနော့ရွာတွင် အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးတို့ ဖြစ်ကြောင်း သိရသည်။
ယနေ့မနက်ရှာတွေ့ခဲ့သော အလောင်းတစ်ခုမှာ ဆမားဟော်ရွာမှ အသက် ၅၀ ကျော်အရွယ် အသင်းတော်အမှုတော်ဆောင် သင်းထောက် ဒေါ်ခေါင်ညွှယ်၏ အလောင်းဖြစ်ကြောင်း သိရသည်။
ကျန်ရှိသော အလောင်းများကို ယနေ့နေ့လည် ၁ နာရီအထိ မတွေ့ရှိနိုင်သေးကြောင်း ဆိုသည်။
ချောင်းရေကြီးမှုကြောင့် ကျေးရွာ ၃ ခုမှ နေအိမ် အမြောက်အများ ထိခိုက်ပျက်စီးသွားကြောင်း သိရပြီး ထိခိုက်ဆုံးရှုံးသွားသော အိမ်ခြေအရေအတွက် အသေးစိတ်အချက်အလက်ကို မသိရှိရသေးပေ။
ရေဘေးသင့်ဒေသခံများကို လက်ရှိတွင် သက်ဆိုင်ရာ KIO အစိုးရအပါအဝင် အသင်းတော်အဖွဲ့အစည်းက ဦးဆောင်၍ နေရာထိုင်ခင်းပေးထားပြီး တတ်နိုင်သလောက် ကူညီကယ်ဆယ်ပေးနေကြသည်။
တစ်ကိုယ်ရေသုံးပစ္စည်းများဖြစ်သော သွားတိုက်တံ၊ ဆပ်ပြာ၊ ဖိနပ်၊ ထီး၊ ခြင်ဆေးခွေ၊ ခြင်ထောင်နှင့် ကလေးအသုံးအဆောင်ပစ္စည်းများအပါအဝင် အစားအသောက်၊ ဆေးဝါးနှင့် အင်္ကျီအဝတ်အစား၊ စောင်များ လိုအပ်နေကြောင်း ပြောကြားခဲ့သည်။
ဆဒုံးမြို့မှ ၈ မိုင်ခန့်အကွာတွင်ရှိသော ဆမားဟော်ကျေးရွာတွင် အိမ်ခြေ ၃၀ ခန့်ရှိပြီး ထိုရွာအထက်ဘက် လုံထန်ရွာတွင် အိမ်ခြေ ၉၀ ခန့်ရှိကာ ယိန်းနော့ရွာတွင် အိမ်ခြေ ၅၀ ဝန်းကျင်ရှိကြောင်း သိရသည်။
ကျေးရွာ ၃ ခုလုံး ချောင်းရေကြီးလာမှုကြောင့် ရေဘေးဒဏ်ကြုံတွေ့ကြရခြင်းဖြစ်ပြီး ဤဒေသတွင် ယခင်နှစ်များက အနည်းငယ် ရေကြီးရေလျှံမှုများ ဖြစ်ခဲ့သော်လည်း ယခုနှစ်တွင် ပထမဆုံး အဆိုးရွားဆုံးကြုံတွေ့ခြင်းဖြစ်ကြောင်း ဆိုသည်။
“ဒီချောင်းဟာ နှစ်တိုင်း အနည်းငယ်ကြီးလေ့ရှိတယ်။ မိုးရာသီဆို ဒီချောင်းမှာ နွား၊ ကျွဲတွေလည်း မျောသေတာတွေရှိတယ်။ ရေကြီးပြီး ရွာထဲကို နည်းနည်းဝင်တာတွေ ရှိခဲ့တယ်။ ဒါပေမဲ့ ဒီနှစ်လို အကြီးအကျယ်တော့ မကြီးဖူးဘူး။ ရေကြီးတာ ပါသွားတာဆိုတာက ချက်ချင်းဆိုတော့ မီးဖိုချောင်မှာရှိနေတာတောင် ထွက်ပြေးချိန်မရခဲ့လို့။ အဓိက အရင်းအမြစ်ကတော့ သတ္တုတွေတူးတယ်၊ သစ်တွေကို စည်းကမ်းမဲ့ခုတ်ထုတ်တယ်၊ ရွှေတွေတူးတယ်။ ဒါတွေကို အရင်က လုပ်ထားတာ အတကုန်ရှိတယ်။ အခုတော့ ဒါတွေမလုပ်တော့ဘူးဆိုတော့ ဘာကြောင့်ဖြစ်သလဲ အရင်းအမြစ်က ဘာလဲ ပြောဖို့တော့ ခက်တာပေါ့“ ဟု ဆဒုံးဒေသခံ အမျိုးသားတစ်ဦးကလည်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏ အရှေ့မြောက်ပိုင်း ဆဒုံးမြို့ကို လွန်ခဲ့သော ၂၀၂၄ ခုနှစ် ဇွန်လ ၁၁ ရက်နေ့တွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လက်ရှိ KIO/KIA ထိန်းချုပ်ထားခြင်းဖြစ်သည်။
ဆဒုံးဒေသသည် တရုတ်နယ်စပ်အနီး ကုန်သွယ်ရေးလမ်းကြောင်းတွင် အချက်အချာကျသော မြို့တစ်မြို့ဖြစ်သည်။
ဆဒုံးမြို့ နှင့် တဆက်တည်းရှိသော ချီဖွေ၊ ပန်ဝါဒေသများသည် ယခင်စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ်များ အုပ်စိုးခဲ့စဉ်ကတည်းက တရားမဝင် အလွန်အကျွံ သစ်ထုတ်လုပ်မှုများ၊ မြေရှားသတ္တုတူးဖော်မှုအပြင် ရွှေတူးဖော်မှုများ ပြုလုပ်ခဲ့မှုကြောင့် သစ်တောများ ပျက်စီးခြင်း၊ မြစ်ချောင်းများ ပျက်စီးခြင်း၊ ဒေသခံပြည်သူများ၏ အသက်မွေးဝမ်းကျောင်းများ ပျက်စီးခြင်းစသော သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများ ဖြစ်ပေါ်နေကြောင်း ဒေသခံများက ပြောကြားခဲ့သည်။
By – ဂျာဘောက်ရာ