ဖားကန့်မှာ စစ်တပ်က ကျောက်စိမ်းကုမ္ပဏီတွေရဲ့ စက်ယန္တရားတွေကို မီးရှို့ဖျက်ဆီးနေ

ဖားကန့်မြို့ကို ရောက်လာတဲ့ စစ်ကောင်စီတပ်တွေက အာဏာပြန်ရယူဖို့အတွက် ကျောက်စိမ်းကုမ္ပဏီတွေရဲ့ အဆောက်အဦးတွေ၊ ဘက်ဟိုးတွေ၊ မြေသယ်ယာဉ်တွေကို လိုက်လံမီးရှို့ဖျက်ဆီးနေတယ်လို့ ဖားကန့်ဒေသခံတွေက ပြောပါတယ်။
လက်ရှိမှော်ဆီစာကျေးရွာထဲမှာ စစ်ကောင်စီတပ်တွေ စစ်အင်အားပြ စစ်ရေးလှုပ်ရှားနေကြတယ်လို့ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက KNG ကို ပြောပါတယ်။
“မှော်ဆီစာထဲမှာ စစ်တပ်က အခိုင်အမာနဲ့ တပ်ချနေထိုင်ဖို့ ကြိုးစားနေတယ်။ လုပ်ငန်းရှင်ကုမ္ပဏီတွေကို အစည်းအဝေးခေါ်ပြီး ညှိနှိုင်းနေတယ်။ ကုမ္ပဏီလုပ်ကွက်တွေမှာလည်း ဝင်ရောက်စစ်ဆေးတာတွေ လုပ်တယ်။ ဒါတွေက သူတို့ရဲ့ စစ်အာဏာပြတဲ့ ပုံစံပါပဲ။ ပျက်စီးသွားတဲ့ သူတို့ရဲ့ အုပ်ချုပ်ရေးယန္တရားတွေကို အရင်လို ပြန်လည်ပတ်လာအောင် ကြိုးစားနေတာပါ”လို့ သူက ရှင်းပြပါတယ်။
ကျောက်စိမ်းလုပ်ငန်းရှင်တွေကို စစ်ကောင်စီနဲ့ အကျိုးအမြတ်ခွဲဝေဖို့ တိုက်တွန်းနေပြီး၊ သဘောမတူရင် လုပ်ကွက်ရှိ စက်ယန္တရားတွေကို မီးရှို့ဖျက်ဆီးမယ်လို့ ခြိမ်းခြောက်နေတယ်လို့လည်း သိရပါတယ်။
ဒီကနေ့ မနက် ၈ နာရီလောက်မှာ နေမင်းကမ္ဘာကျောက်စိမ်းလုပ်ကွက်ရှိ ဘက်ဟိုးတစ်စီး၊ မြေသယ်ယာဉ်တစ်စီးနဲ့ ကင်းတဲတစ်လုံးကို မီးရှို့ဖျက်ဆီးလိုက်ပါတယ်။ အလားတူပဲ ဒီကနေ့ နေ့လည် ၁ နာရီခွဲမှာလည်း တင်အောင်ကြိုင်ကုမ္ပဏီလုပ်ကွက်မှာ ပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မေလ ၃၁ ရက်နေ့မှာလည်း တစ်သုံးလုံးကျောက်စိမ်းကုမ္ပဏီဝင်းရှိ စားဖိုဆောင်တစ်ခုနဲ့ စက်ယန္တရားတစ်ချို့ကို ၂ ကြိမ် ဝင်ရောက်မီးရှို့ဖျက်ဆီးလိုက်ပါတယ်။
မှော်ဆီစာကျေးရွာထဲမှာ စစ်တပ်က စစ်ရေးလှုပ်ရှားနေတာနဲ့ ပတ်သက်ပြီး KIA ဘက်ကနေ တစ်စုံတစ်ရာ တုန့်ပြန်မှုမရှိဘဲ စောင့်ကြည့်နေတဲ့ အခြေအနေမှာရှိတယ်လို့ ဖားကန့်ဒေသခံက ဆက်ပြောပါတယ်။
“နှစ်ဖက်စစ်တပ် ညှိနှိုင်းမှုတွေ ရှိတယ်လို့ သိရပေမယ့် ဘယ်လို ညှိနှိုင်းထားသလဲတော့ မသိဘူး။ ဒါပေမယ့် KIA ဘက်ကတော့ ကျေးရွာထဲမှာ တိုက်ပွဲမဖြစ်ချင်လို့ ရှောင်နေတဲ့ သဘောလို့ မြင်ပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ ဆိုင်းတောင် Lucky Man တိုက်ပွဲမှာ ပြည်သူတွေ ထိခိုက်တာများသွားတဲ့အတွက် အဲလို မဖြစ်စေချင်လို့ ထင်ပါတယ်။ အဲဒါကြောင့် သတိထားစောင့်ကြည့်နေတဲ့ သဘောလို့ မြင်ပါတယ်“
ဒါ့အပြင် စစ်ကောင်စီတပ်က မှော်ဆီစာ၊ ဆိုင်းတောင်၊ ဂွေခါ စတဲ့ကျေးရွာတွေမှာ KIO/KIA အစိုးရရဲ့ အုပ်ချုပ်ရေးယန္တရား လည်ပတ်နေတဲ့ ရုံးနေရာတွေကို ဖယ်ရှားပေးဖို့ ခြိမ်းခြောက်ပြောဆိုနေတယ်လို့ ဖားကန့်ဒေသခံတွေက ပြောပါတယ်။
အဲဒီအခြေအနေတွေကြောင့် နှစ်ဖက်စစ်တပ်ကြား အချိန်မရွေး တိုက်ပွဲတွေ ဖြစ်လာနိုင်တယ်လို့ ဖားကန့်ဒေသခံတွေက စိုးရိမ်နေကြပါတယ်။
လက်ရှိဖားကန့်မြို့ရှိ ကုမ္ပဏီတွေရဲ့ စက်ယန္တရားတွေကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေတဲ့ လုပ်ရပ်တွေဟာ မြေပြင်မှာ စစ်ရေးဆောင်ရွက်နေတယ်ဆိုတဲ့ အခြေအနေကို ပြသဖို့ လုပ်နေတာဖြစ်တယ်လို့ နောက်ထပ်ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
“အတွင်းသတင်းတွေ ကြားနေရတယ်။ ဘာပဲဖြစ်ဖြစ် စစ်ကြောင်းတွေ ဖားကန့်ထဲ ရောက်လာကြပြီဖြစ်တဲ့အတွက် လုပ်ငန်းတွေ ဝင်လုပ်နေကြောင်း ပြရတဲ့ အနေအထားမှာ လုပ်နေကြတယ်လို့ ကြားတယ်။ သူတို့ အဲလို လုပ်နေခွင့်ရနေတာက အရေးမကြီးဘူး။ မထင်မှတ်ပဲ မဖြစ်သင့်တာတွေ ဖြစ်လာမှာကိုပဲ စိုးရိမ်နေတယ်။ အခု စစ်ရေးလှုပ်ရှားနေတဲ့ နေရာကနေ တခြားနေရာတွေကို ကျော်ပြီး ကျူးကျော်လာနိုင်တယ်။ စစ်ရေးဆိုတာ အချိန်မရွေး ဘာမဆို ဖြစ်လာနိုင်တဲ့အတွက် အချိန်ကြာလာရင် နှစ်ဖက်စလုံးက တင်းမာလိုက် ငြိမ်သွားလိုက်နဲ့ ကြားမှာ ကျနော်တို့ပြည်သူတွေကပဲ ခံစားရမှာ ဖြစ်တယ်” လို့ သူက ပြောပါတယ်။
ဖားကန့် မှော်ဆီစာထဲမှာ တပ်အခိုင်အမာ ပြန်လည်ရယူဖို့ စစ်ရေးလှုပ်ရှားနေတဲ့ စစ်ကောင်စီတပ်တွေကို အတားအဆီးမရှိ တစ်ပတ်ခန့်ကြာအောင် သွားလာနိုင်တာနဲ့ ပတ်သက်ပြီး ပြည်သူတချို့က မေးခွန်းထုတ်နေကြပါတယ်။
လက်ရှိ မှော်ဆီစာကျေးရွာထဲမှာ စစ်ရေးလှုပ်ရှားနေတဲ့ စစ်ကောင်စီတပ် စစ်အင်အား ၂၀၀ ဝန်းကျင်ခန့် ရှိနေပြီး ယခုရက်ပိုင်းအတွင်းမှာ ကံဆီးစစ်တပ်ကုန်းဘက်ကနေ စစ်အင်အား ပြန်လည်ဖြည့်တင်းလာတဲ့ သူတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။
ဖားကန့် မှော်ဆီစာထဲမှာ စစ်ရေးလှုပ်ရှားနေတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းတွေဟာ ပြီးခဲ့တဲ့ မေလ ၂၈ ရက်နေ့ လုံးခင်းကျေးရွာကနေတဆင့် KIA နဲ့ ညှိနှိုင်းပြီး ဖားကန့်မြို့နဲ့ ဗျူဟာကုန်းဘက်ကို ရောက်ရှိသွားတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းတွေ ဖြစ်ပါတယ်။
အဲဒီစစ်ကြောင်းတွေဟာ ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့မှာ လုံးခင်းကျေးရွာထဲ စစ်ကြောင်းထိုးဝင်ရောက်လာပြီး အရပ်သားပြည်သူတွေကို ဖမ်းဆီးပြီး လူသားဒိုင်းအသုံးပြုခဲ့တာကြောင့် အရပ်သားပြည်သူ ၅ ဦး သေဆုံးပြီး ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
မေလ ၂၉ ရက်နေ့မှာ လုံးခင်းကျေးရွာထဲကနေ စစ်ကြောင်း ပြန်လည်ထွက်ခွာလိုတဲ့အတွက် KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ပိတ်ဆို့ထားတဲ့ကြားကနေ ကျေးရွာကို ဗုံးကြဲတိုက်ခိုက်မယ်လို့ ခြိမ်းခြောက်ပြောဆိုပြီး ဖားကန့်မြို့ဘက်ကို စစ်ကြောင်း ထွက်ခွာသွားပါတယ်။
ဖားကန့် လုံးခင်းကျေးရွာ မရောက်ခင် အဲဒီစစ်ကြောင်းတွေ လဝါး – ကားမိုင်းလမ်းအတိုင်း စစ်အင်အား အလုံးအရင်းနဲ့ စစ်ကြောင်းထိုးတက်ခဲ့ရာ ဖားကန့်လမ်းတစ်လျှောက် KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေရဲ့ ခုခံတိုက်ခိုက်ခံရတာကြောင့် ဖားကန့်ရောက်တဲ့အထိ တစ်လခန့် ကြာမြင့်သွားပါတယ်။
By – နော်ထွယ့်(ဟူးကောင့်)