ဖမ်းဆီးခံရမှုသတင်း

ကုမ္ပဏီဝန်းထမ်း ၃ ဦးကို စစ်တပ်က လူသားဒိုင်းအဖြစ် ဖမ်းဆီးထား

ဖားကန့် မြို့နယ် ဆိုင်းတောင်ကျေးရွာအုပ်စု ယူမာကျေးရွာရှိ အေးဗားကုမ္ပဏီဝင်းအတွင်း တပ်စွဲနေထိုင်နေတဲ့ စစ်ကောင်စီတပ်က ကုမ္ပဏီဝန်ထမ်း ၃ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA က အေးဗားကုမ္ပဏီဝန်ထမ်းများကို ကုမ္ပဏီဝင်းအတွင်းမှ ထွက်ခွာသွားဖို့ သတိပေးပြောဆိုထားပြီးနောက် ဝန်ထမ်းတစ်ချို့က ထွက်ခွာခွင့်ရရှိခဲ့ပေမယ့် ဝန်ထမ်း ၃ ဦးကို စစ်တပ်က ဖမ်းဆီးတယ်လို့ ဖားကန့်ဒေသခံတွေပြောပါတယ်။

ယူမာ အေးဗားကုမ္ပဏီမျောခြံတစ်ခုရှိတယ်။ အဲ့ထဲမှာ ပြီးခဲ့တဲ့ ဆိုင်းတောင် Lucky Man တိုက်ပွဲအတွင်းက တပ်သားတစ်ချို့ကျန်ရစ်နေတယ်။ အဲဒါကြောင့် KIA က ဒီကနေ့ကစပြီး ဝန်ထမ်းတွေကို ထွက်ခွာသွားဖို့ ပြောဆိုထားတယ်။ ကုမ္ပဏီဝန်ထမ်းအများစုက ရုံးချုပ်ကို ထွက်ခွာသွားကြတယ်။ ဝန်ထမ်း ၃ ဦးကိုတော့ မထွက်ခိုင်းပဲ တံခါးစောင့်ကြည့်ထားခိုင်ပြီး ဖမ်းဆီးထားတယ်။ အဲ့ကြောင့် ကုမ္ပဏီဘက်ကလည်း စိုးရိမ်နေကြတယ်လို့ ဖားကန့် ဒေသခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။

လက်ရှိ အေးဗားဝင်ကုမ္ပဏီဝင်းအတွင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေက ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်ကနေ လာရောက်တိုက်ခိုက်လာမှာကို စိုးရိမ်တဲ့အတွက် အခုလို လူသားဒိုင်းဖမ်းဆီးထားတာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဇွန်လ ၁၀ ရက်နေ့ကစပြီး အေးဗားဝင်းကုမ္ပဏီထဲမှာ နေရာယူထားတဲ့ စစ်ကောင်စီတပ်တွေက ကုမ္ပဏီဝင်းထဲကနေ ဆိုင်းတောင်ကျေးရွာပတ်ပတ်လည်ဘက်ကို ဒရုန်းပျံဝဲတာတွေလည်း ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေပြောပါတယ်။

ဖားကန့်ဒေသမှာ ပြီးခဲ့တဲ့ မေလကုန်းပိုင်း လဝါးကားမိုင်း လမ်းကြောင်းကနေ စစ်ကြောင်းတွေ ထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်တွေက ဖားကန့် လုံးခင်းကျေးရွာအုပ်စုထဲမှာ ဝင်ရောက်လာတဲ့နောက်ပိုင်း စစ်ကောင်စီတပ်နဲ့ KIA တပ်တွေကြား စစ်ရေးတစ်ဖန် တင်းမာနေတာဖြစ်ပါတယ်။

လုံးခင်းကျေးရွာအုပ်စုထဲ ဝင်ရောက်နေတဲ့ စစ်ကြောင်းတွေက မှော်ဆီစာ၊ ကဋေမှော်နဲ့ မဇွပ်ယန် စတဲ့ ကျေးရွာရှိ ကုမ္ပဏီလုပ်ကွက်နေရာက ကျောက်စိမ်းတူးဖော်တဲ့ စက်ယန္တရားတွေကို လိုက်လံမီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်နေတာ ၁၀ ရက်ခန့် ကြာမြင့်လာပြီဖြစ်ပါတယ်။

လက်ရှိ လုံးခင်းကျေးအုပ်စုထဲ စစ်ရေးလှုပ်ရှားဝင်ရောက်နေတဲ့ စစ်ကြောင်းတွေက လုံးခင်းကနေ ဆိုင်းတောင်ကျေးရွာဘက်ကို ပြန်ပြီး ဦးတည်လာနိုင်တဲ့အတွက် KIA ဘက်ကနေ စစ်ရေးအရေ လုပ်ဆောင်နေတာလို့ ဒေသခံတွေက သုံးသပ်နေတာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် စက်တင်ဘာလ အတွင်းမှာ ဖားကန့်မြို့နယ် ဆိုင်းတောင် Lucky Man ဟိုတယ်နေရာမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ကြား လကြာရှည်စွာ တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် ဖားကန့်ဒေသမှာ တိုက်ပွဲငြိမ်သက်နေခဲ့တာ ၁၀ လခန့်ကြာမြင့်ခဲ့တာဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button