ဟုမ္မလင်းမြို့ပေါ်မှာ အရပ်သားတွေ ဆက်တိုက်ဖမ်းဆီးခံနေရ

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့ပေါ်မှာ စစ်တပ်လက်အောက်ခံပြည်သူ့စစ်ပူးပေါင်းတပ်က အရပ်သားတွေကိုဆက်တိုက်ဖမ်းဆီးနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ မေလ လဆန်းပိုင်းကစလို့ ည ၇ နာရီနောက်ပိုင်းအပြင်ထွက်တဲ့ အရပ်သားအားလုံး ကလေး၊လူကြီးမရွေးဖမ်းဆီးနေတာလို့ ဟုမ္မလင်းမြို့နေအမျိုးသမီးတစ်ဦး KNG ကိုပြောပါတယ်။
“အစကတော့ အသက် ၁၈နှစ်ကနေ ၃၅ ကြားပဲဖမ်းတာ။ အခုကမဟုတ်တာ့ဘူး ညဘက်အပြင်ထွက်တဲ့လူမှန်သမျှဖမ်းတာ ကလေးလူကြီးမရွေးဘူး”လို့ အသက် ၄၀ ကျော်အရွယ် အထက်ဖော်ပြပါ အမျိုးသမီးကပြောပါတယ်။
ဖမ်းဆီးခံရတဲ့သူတွေထဲက အသက်ပြည့်တဲ့သူတွေကို စစ်မှုဖမ်းရန်ဖမ်းခေါ်ထားပြီး အသက်မပြည့်တဲ့ကလေးငယ်တွေကို တစ်ဦးလျှင် ကျပ်သိန်း ၂၀ ဝန်းကျင်နဲ့ရွေးယူရတယ်လို့သိရပါတယ်။
အရပ်သားတွေကိုဖမ်းဆီးရာမှာ စစ်တပ်နဲ့ ပြည်သူ့စစ်အပြင် ထွေအုပ်ဝန်ထမ်းတွေလည်း ပူးပေါင်းဖမ်းဆီးတာမျိုးလုပ်နေတယ်လို့သိရပါတယ်။
“ခုနှစ်နာရီနောက်ပိုင်းပါ့ဖမ်းတာ ခုနှစ်နာရီကနေ ၉နာရီလောက်ထိကို ပြည်သူ့စစ်နဲ့ ထွေအုပ်တွေကဖမ်းတာ၊၁၀ နာရီနောက်ပိုင်းဆိုရင်တော့ စစ်တပ်ကလှည့်ပြီးဖမ်းတယ် အဖမ်းခံရတာကမနည်းတော့ဘူး”လို့ တစ်ခြားဒေသခံအမျိုသားတစ်ဦးကပြောပါတယ်။
မေလကနေ ဒီကနေ့အထိ ဖမ်းဆီးခံရတဲ့အရပ်သားစာရင်းအတိအကျကိုသိရဖို့ခက်ခဲပေမယ့် ဒေသခံတွေခန့်မှန်းပြောဆိုချက် ၁၀၀ ခန့ရှိပြီလို့သိရပါတယ်။
စစ်ကောင်စီတပ်နဲ့ပြည်သူ့စစ်တွေဟာ ဟုမ္မလင်းမြို့ပေါ်မှာသာမက ကျေးရွာတွေဘက်မှာလည်း တစ်ရွာကို နှစ်ဦးနှုန်းအလေ့အကျခေါ်ယူတာအပြင် ခုနောက်ပိုင်း ညဘက်ဖမ်းဆီးတာတွေလည်း ခပ်စိပ်စိပ်လုပ်လာတယ်လို့သိရပါတယ်။
ခုလို ဖမ်းဆီးနေတာကြောင့် ပြည်သူများသွားလာရေးပိုခက်လာတဲ့အတွက်ရွှေ့ပြောင်းသွားတဲ့ မိသားစုတွေလည်း ရှိလာတယ်လို့ ဒေသခံတွေပြောပါတယ်။
By – Zaw Zaw