စစ်ပြေးဒုက္ခသည်များသတင်း

ရေဘေးသင့် ချီဖွေစစ်ရှောင်တွေကို နေရပ်ပြန်နိုင်ရေး ဦးစားပေးဆောင်ရွက်ပေးမယ်လို့ ချီဖွေအုပ်ချုပ်ရေးအဖွဲ့ပြော

ကချင်ပြည်နယ်၊ ချီဖွေမြို့တွင်း ရေဘေးသင့်ခဲ့တဲ့ စစ်ဘေးရှောင်ပြည်သူတွေကို မိမိနေရပ်ပြန်လည်နေထိုင်နိုင်ရေး ဦးစားပေးဆောင်ရွက်ပေးသွားမယ်လို့ ချီဖွေမြို့ KIO အုပ်ချုပ်ရေးအဖွဲ့ကနေ သိရပါတယ်။

ပြီးခဲ့တဲ့ မေလ ၃၁ ရက်နေ့ကစပြီး ဇွန်လ ၂ ရက်နေ့အထိ ချီဖွေမြို့မှာ မေခမြစ်ရေကြီးရေလျှံမှုကြောင့် မြစ်ကမ်းဘေးတစ်လျှောက်ရှိ နေအိမ်တွေနဲ့စစ်ရှောင်စခန်းအားလုံးနီးပါး ရေထဲမျှောပါသွားတဲ့အတွက် စစ်ရှောင်အိမ်ခြေ ၁၇၁ အိမ်နဲ့လူဦးရေစုစုပေါင်း ၈၁၈ ဦးရှိရေဘေးသင့်ခဲ့တယ်လို့ သိရပြီး ဒီစစ်ရှောင်အားလုံးကို နေရပ်ပြန်လည်နေထိုင်နိုင်ရေး အဓိကလုပ်ဆောင်သွားမယ်လို့  ချီဖွေမြို့ KIO တာဝန်ရှိသူတစ်ဦး KNG ကို ပြောပါတယ်။

“နေစရာနဲ့ပတ်သက်ရင်တော့ ဒီဘက်မှာတော့ ဘာပဲဖြစ်ဖြစ် စစ်ရှောင်ဆိုပေမဲ့ အခြားစစ်နဲ့ပတ်သက်တာစိုးရိမ်စရာတွေမရှိတော့တာကြောင့် နဂိုမူလ မိမိနေရပ်ကျေးရွာကို ပြန်လို့ရတဲ့သူတွေများတာကြောင့်အဲဒီဘက်ကိုပဲ အားစိုက်ထောက်ပံ့ပေးသွားဖို့ ပြင်ဆင်ထားတယ်။ ဒီမိုးတွင်းတော့မဟုတ်ဘူး။မိုးတွင်းကုန် သွားလာရေးအဆင်ပြေလာပြီဆိုရင်တော့ မိမိမူလနေရပ်ကို ပြန်သွားကြဖို့ အဓိကအစီအစဉ်ဆွဲနေပါတယ်”လို့ ပြောပါတယ်။

လက်ရှိမှာ ရေဘေးသင့်စစ်ဘေးရှောင်ပြည်သူတွေအတွက် စားနပ်ရိက္ခာကို ချီဖွေမြို့သက်ဆိုင်ရာ KIO ကော်မတီအဖွဲ့က ထောက်ပံ့ပေးနေတယ်လို့သိရပြီး ရေဘေးသင့်စစ်ဘေးရှောင်ပြည်သူတွေအားလုံးက ချီဖွေမြို့ရှိ အသင်းတော်ဘုရားကျောင်းဝင်းတွေနဲ့ ဆွေမျိုးအသိအိမ်တွေမှာ ခိုလှုံနေကြရတယ်လို့ သိရပြီး KBC စစ်ဘေးရှောင်စခန်းနဲ့ လော်ဝေါ်နှစ်ခြင်း စစ်ရှောင်စခန်းထဲက စစ်ဘေးရှောင်ပြည်သူတွေအများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

လတ်တလော ဒီရေဘေးသင့်ပြည်သူတွေကို ချီဖွေမြို့သက်ဆိုင်ရာ KIO အစိုးရက အရင်ဦးဆုံး တစ်ပတ်စာ စားနပ်ရိက္ခာ ထောက်ပံ့ပေးခဲ့ပြီး လက်ရှိမှာတော့ နေရပ်မပြန်သေးခင်ကာလမှာနေဖို့ စစ်ရှောင်တွေအတွက်ယာယီနေရာချထားရေးအတွက် ပြင်ဆင်သွားဖို့ရှိတယ်လို့ပြောပါတယ်။

ဒီနှစ်ရဲ့မေခမြစ်ရေမြင့်တက်မှုဟာ ယခင်နှစ်ထက် စံချိန်တင်မြင့်တက်ခဲ့တာကြောင့် စစ်ရှောင်စခန်းအားလုံးရေထဲမျောပါသွားတဲ့အတွက် စစ်ရှောင်တွေဟာ အခြေခံစားသောက် ကုန်နဲ့အသုံးအဆောင်၊အဝတ်အထည်တွေလည်း အားလုံးဆုံးရှုံးခဲ့ကြရတာလို့ဆိုပါတယ်။

ဒါကြောင့် လတ်တလော သောက်သုံးရေအခက်အခဲလည်းရှိပြီး ဒီရေဘေးသင့်ပြည်သူတွေအတွက်အသုံးအဆောင်ပစ္စည်းတွေလည်း အရေးပေါ် ကူညီထောက်ပံ့မှု လိုအပ်နေတယ်လို့ သိရပါတယ်။

“မြစ်ကမ်းဘေးက စစ်ဘေးရှောင်စခန်းအားလုံး ဘာမှမကျန်တော့တာဖြစ်တယ်။ မနှစ်တုန်းကလည်းဒီစစ်ဘေးရှောင်စခန်းတွေက ရေဘေးသင့်ပြီး ရေလွှမ်းမိုးမှုခံထားရပြီဆိုတော့ ဒီနှစ်ပြန်ပြီး ရေကြီးတော့စစ်ရှောင်စခန်းတွေက မခံနိုင်တော့ဘူးလေ။ အကုန်မျှောပါသွားတာပေါ့။ အဓိကသောက်ရေအရမ်းခက်ကြတယ်။ ဖြစ်နိုင်ရင်တော့လေ တတ်နိုင်တဲ့သူတွေ ရေဘေးသင့်တဲ့စစ်ဘေးရှောင်တွေကို အစားသောက်၊ ဆေးဝါး၊ အသုံးအဆောင်ပစ္စည်းတွေ ကူညီစေချင်တယ်”လို့ချီဖွေက အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ချီဖွေဒေသအားလုံးကို KIO/KIA က ထိန်းချုပ်ထားကာ နယ်မြေတည်ငြိမ်မှုအခြေအနေအရ စစ်ဘေးရှောင်တွေ နေရပ်ပြန်လို့ရတဲ့အနေအထားမှာရှိနေပြီဖြစ်တာကြောင့် ရေဘေးသင့်စစ်ဘေးရှောင်တွေကို နေရပ်ပြန်ပို့ရေးသာ လုပ်ဆောင်ပေးမယ်လို့ဆိုထားသလို စစ်ဘေးရှောင်တွေဘက်ကလည်း KIO အစိုးရအနေနဲ့ နေရပ်ပြန်လည်နေထိုင်ရေးလုပ်ဆောင်ပေးမယ်ဆိုပါက အဓိက ပညာရေး၊ကျန်းမာရေးနဲ့ဒေသတွင်းလိုအပ်ချက်တွေကို ဦးစားပေးပြင်ဆင်ပေးကြဖို့ တောင်းဆိုနေကြပါတယ်။

“နေရပ်ပြန်ရမယ်ဆိုလည်း ပြန်ချင်ပါတယ်။ ဒါပေမယ့် ပြန်တာတော့ဟုတ်ပီ ကျောင်းတွေ၊ဆေးခန်းတွေမရှိရင် အဆင်မပြေဘူးလေ ကျမတို့မိဘတွေက ကလေးပညာရေးကိုဦးစားပေးရမှာဆိုတော့ ကျောင်းရှိတဲ့နေရာမှာလိုက်နေရတာဟုတ်တယ်။အဲဒါကြောင့် ရွာပြန်နေရမယ်ဆိုရင် ကျောင်းတွေ၊ဆေးခန်းတွေသေချာဆောက်ပေးစေချင်တယ်”လို့ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦး ပြောပါတယ်။

ချီဖွေမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် စက်တင်ဘာလမှာ သိမ်းပိုက်ထားပြီး  အုပ်ချုပ်ရေးယန္တရားလည်ပတ်နေတာ ၉ လခန့်ကြာမြင့်လာချိန် KIO/KIA အစိုးရအတွက် ပထမဆုံးကြုံတွေ့ရတဲ့ ရေဘေးအန္တရယ်ဖြစ်ပါတယ်။

ဒီရေဘေးအန္တရယ်စတင်ကြုံတွေ့ရချိန် KIO အစိုးရအောက် ချီဖွေအုပ်ချုပ်ရေးတာဝန်ရှိတွေဟာ ရေဘေးသင့်ပြည်သူများအား အချိန်နဲ့တပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းမှာ အားနည်းခဲ့ကြတဲ့အတွက် ဒေသတွင်းဝေဖန်မှုတစ်ချို့ရှိခဲ့ပါတယ်။

“ကျနော်တို့စစ်ရှောင်စခန်းတွေကအားလုံးရေမြုပ်ကုန်တယ် မိုးကလည်း လုံးဝမတိတ်ဘူး အဲဒီချိန် ထင်းကခက်၊ထမင်းချက်စားဖို့ကလည်း အရမ်းခက်ခဲခဲ့တယ်။ အစိုးရဘက်ကလည်း စဖြစ်ဖြစ်ချင်းတော့ ထမင်းထုပ်တစ်ထုပ်တောင် မမြင်ရဘူး။ စာရင်းကောက်နေတယ်လို့ပြောကြတာပဲ။ ၄ ရက်လောက်ကြာမှ ဆန်နဲ့ငွေသားထောက်ပံ့ပေးကြတယ်။”လို့ စစ်ဘေးရှောင်အမျိုးသားတစ်ဦးပြောပါတယ်။

မြစ်ကြီးနားကနေ ၈၈ မိုင်အကွာမှာရှိတဲ့ ချီဖွေမြို့ဟာ တရုတ်နယ်စပ် ပန်ဝါသွားလမ်းမပေါ်မှာရှိပြီး ၂၀၁၁ ခုနှစ် စစ်တပ်နဲ့ KIA တပ်အကြားတိုက်ပွဲကြောင့် ချီဖွေအနီးပတ်ဝန်းကျင်မှပြည်သူများမြို့ထဲစစ်ရှောင်လာတာ ဆယ်စုနှစ်တစ်ခုရှိပြီး ဒီစစ်ရှောင်အားလုံးကို ကချင်လွတ်လပ်ရေးအစိုးရအဖွဲ့ KIO/KIA ဘက်က နေရပ်ပြန်နိုင်ရေးအတွက် လိုအပ်တာတွေ ပြင်ဆင်ထောက်ပံ့သွားမယ်လို့ ပြောပါတယ်။

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button