မြစ်ကြီးနား-မန္တလေးကွင်းလမ်းပျက်စီးလို့ ယာဥ်တန်းထောင်နဲ့ချီပိတ်မိနေ

မိုးရွာသွန်းမှုကြောင့် မြစ်ကြီးနား–မန္တလေးကွင်းလမ်းပျက်စီးနေပြီး ယာဥ်တန်းထောင်နဲ့ချီပိတ်မိနေတာ ၅ ရက်ခန့်ရှိလာပြီလို့ ကားသမားတွေနဲ့ဂိတ်မှူးတွေကပြောပါတယ်။
ကန့်ဘလူမြို့နယ် ဇီးကုန်း၊ ပေကြီး၊ စံပါယ်နံ့သာစတဲ့ကျေးရွာတောက်လျှောက်ဆက်သွယ်ထားတဲ့ မိုင် ၄၀ ကျော်ရှိတဲ့ ပြည်ထောင်စုလမ်းမတစ်နေရာကို စစ်ကောင်စီတပ်ကဖြတ်သန်းခွင့်မပေးဘဲပိတ်ထားတာလို့သိရပါတယ်။
လက်တလော အဆိုပါလမ်းပိုင်းမှာ မိုးသည်းထန်စွာရွာသွန်းတာတွေကြောင့် အသုံးပြုလို့မရအောင်ဆိုးရွားစွာပျက်ဆီးနေပြီး ကချင်ပြည်နယ်အဝင်ကိုကားအဝင်မရှိတဲ့အခြေနေထိဖြစ်နေတယ်လို့ ဂိတ်မှူးတစ်ဦးကပြောပါတယ်။
“လမ်းကဗွက်တွေကြောင့် ကားကြီးတွေပိတ်နေတာ။ နောက်ကကားအသေးတွေကလည်းလုံးဝကျော်မရဘူးဖြစ်နေတယ်။ ကချင်ပြည်နယ်ဘက်ကို အတက်ကားမရောက်တာ ၅ ရက်လောက်ရှိနေပြီ။ အဆင်းကားတွေလည်းအဲ့မှာပဲတန်းစီနေကြတယ် ကားကအတက်အဆင်းမရှိတော့ လောလောဆယ်က ခရီးသွားတွေအခက်အခဲဖြစ်နေကြတယ်”လို့ပြောပါတယ်။
လက်ရှိ မြစ်ကြီးနား–မန္တလေး အတက်အဆင်းကားအားလုံးနီးပါးဟာ အဆိုပါကွင်းလမ်းမှာပိတ်မိနေကြတာဖြစ်ပြီး ကွင်းလမ်းကိုတော့ ကာကွယ်ရေးတပ်တွေကထိန်းချုပ်ထားတယ်လို့ သိရပါတယ်။
အင်းတော်မြို့သိမ်းတိုက်ပွဲအတွင်း ပိတ်ထားတဲ့ပြည်ထောင်စုလမ်းပိုင်းနေရာတစ်ချို့ကို ကာကွယ်ရေးပူးပေါင်းတပ်တွေက ပြန်ဖွင့်ပေးခဲ့ပေမဲ့ စစ်ကောင်စီက ကန့်ဘလူမြို့နယ်တစ်ဝှိုက်ဗျူဟာလမ်းပိုင်းကိုပြန်ထိန်းချုပ်ပိတ်ဆို့လိုက်တာဖြစ်တယ်လို့ စစ်ကိုင်း နဲ့ ကချင်အစပ်က ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကအခုလိုပြောပါတယ်။
“ကန့်ဘလူကစံပါယ်နံ့သာက မြစ်ကြီးနား–မန္တလေးခရီးတစ်ထောက်နားတဲ့နေရာကို စစ်တပ်ကပိတ်ချလိုက်ပြီး ပေးမဖြတ် တော့ အဲ့ဒီရွာကိုကွင်းရတာ ကွင်းတဲ့လမ်းက မိုင် ၄၀ ကျော်ရှိတယ်။ အဲ့ဒီလမ်းက မိုးရွာရင်လစ်ပြီ။ မြေသားလမ်းဆိုတော့ မြေဆီးတွေဆိုတော့ မိုးရွာရင်သွားပြီ“လို့ပြောပါတယ်။
ပြီးခဲ့တဲ့ မေလနောက်ဆုံးအပတ်ကလည်း အခုလိုမိုးရွာသွန်းမှုတွေကြောင့် ကွင်းလမ်းပျက်စီးခဲ့ရပြီး ကချင်ပြည်နယ်အတွင်း ကုန်ဈေးနှုန်းမြင့်တက်ခဲ့ရသလို အခုလည်းကုန်ဈေးနှုန်းမြင့်တက်မယ့်အခြေနေကိုဒေသခံတွေရင်ဆိုင်နေရတာဖြစ်ပါတယ်။
မန္တလေး–မြစ်ကြီးနားလမ်းပိုင်းမှာရှိတဲ့ အင်းတော်မြို့ကိုကာကွယ်ရေးပူးပေါင်းတပ်တွေကမြို့သိမ်းတိုက်ပွဲဆင်နွှဲနေချိန်အတွင်း ၉ လကျော်အထိကွင်းလမ်းအသုံးပြုသွားလာခဲ့ကြရပါတယ်။
ဧပြီလ ၇ ရက်နေ့မှာတော့ အင်းတော်မြို့ကို ကာကွယ်ရေးပူးပေါင်းတပ်တွေအပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာကြောင့် ပြည်ထောင် စုလမ်းမကြီးကို ပုံမှန်အသုံးပြုလို့ရနိုင်မယ်လို့ဒေသခံတွေမျှော်လင့်ခဲ့ကြပေမဲ့ မိုင် ၄၀ ကျော်ရှိတဲ့ကွင်းလမ်းကိုသာဆက်လက် အသုံးပြုနေကြရတာဖြစ်ပါတယ်။
အင်းတော်မြို့သိမ်းတိုက်ပွဲကို NUG ရဲ့ အမှတ် ၁ စစ်ဒေသကွပ်ကဲမှုနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၉ အထူးစစ်ကြောင်း၊ မိုးညှင်း၊ စစ်ကိုင်း၊ ကသာ၊ အင်းတော်၊ ဗန်းမောက်၊ ရွှေဘို၊ ပြင်ဦးလွင်၊ ကလေး၊ မြင်းခြံ၊ ပခုက္ကူ ဒေသတွေက ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအပါအဝင် ကျောင်းသားတပ်မတော် ABSDF တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ NUG ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။
By – Zaw Zaw