ပူတာအိုခရိုင်တွင်းရှိ စာသင်ကျောင်းအားလုံးမှာ ကျောင်းသုံးပုံနှိပ်စာအုပ်များ မရရှိသေး

ကချင်ပြည်နယ် ပူတာအိုခရိုင်တွင်းရှိ အခြေံခံစာသင်ကျောင်းအားလုံးမှာ ကျောင်းသုံးပုံနှိပ် စာအုပ်မရရှိတဲ့အတွက် ကျောင်းသား၊ကျောင်းသူတွေ စာသင်ကြားရေးမှာ အခက်အခဲ ဖြစ်နေတယ်လို့သိရပါတယ်။
ဇွန်လ ၂ ရက်ကစပြီး ပူတာအိုခရိုင်တွင်း အခြေခံစာသင်ကျောင်းအားလုံးဖွင့်လှစ်ထားပြီဖြစ်ပေမယ့် ကျောင်းကနေ ကျောင်းသုံးပုံနှိပ်စာအုပ်ထုတ်မပေးတဲ့အပြင်၊ အပြင်မှာဝယ်ယူဖို့လည်းခက်ခဲနေတယ်လို့ ပူတာအိုမြို့ခံ ကျောင်းသားမိဘတစ်ဦး KNG ကိုပြောပါတယ်။
“မူလတန်း၊အလယ်၊ အထက်တန်းကျောင်းတွေကော အခုချိန်ထိပုံနှိပ်စာအုပ်ထုတ်မပေးသေးဘူး။ တချို့ကတော့မနှစ်ကအဟောင်းသုံးကြတယ်။ အဲ့တာတောင်ဘာသာစုံမရှိဘူးတချို့ကလေးတွေဆို ဗလစာအုပ်ထည့်ပြီးမှပဲကျောင်းတက်နေကြတယ်ပုံနှိပ်စာအုပ်မရှိဘူး”လို့ အထက်ဖော်ပြပါ အမျိုးသမီးတစ်ဦးကပြောပါတယ်။
ပူတာအိုမြို့ခံတွေပြောချက်အရ ပူတာအိုမြို့တွင်း စျေးဆိုင်တစ်ချို့မှာ ပုံနှိပ်စာအုပ်ရောင်းတာရှိပေမယ့် အလုအယက်လုဝယ်နေရတဲ့အပြင် ဘာသာစုံတစ်တွဲမှာ ကျပ် တစ်သိန်းဝန်းကျင်ထိပေးဝယ်နေရတယ်လို့ ပူတာအိုမြို့ခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။
“ဒီနှစ်တော့ပုံနှိပ်စာအုပ်မရောက်သေးတာလား မပေးတော့တာလားမသိဘူးကွာ။ ကလေးတွေက ကျောင်းတော့တက်နေတယ်။ ပုံနှိပ်စာအုပ်ကမရှိကြတာများတယ်အပြင်ဆိုင်မှာလည်းမရောင်းကြဘူး။ တစ်ယောက်စနှစ်ယောက်စတော့တင်ရောင်းတဲ့သူရှိတယ်ရောက်တာနဲ့ကုန်တော့အလုအယက်ပဲ။ အများကြီးလည်းမတင်ကြဘူးဝယ်ရခက်တယ်ပြောတယ်စျေးလည်းကြီးတယ်”လို့ အသက် ၄၀ ကျော်အရွယ်အမျိုးသားတစ်ဦးက ပြောပါတယ်။
အလားတူ နောင်မွန်းမြို့နယ်နဲ့ခေါင်လန်ဖူး၊မချမ်းဘောမြို့နယ်ရှိ စာသင်ကျောင်းတွေမှာလည်းပုံနှိပ်ဖတ်စာအုပ်ချမပေးတာကြောင့် ကျောင်းသား/သူတွေဟာ ယခင်နှစ်က ပုံနှိပ်ဖတ်စာအုပ်အဟောင်းတွေကိုလက်ဆင့်ကမ်းသုံးရသူတွေရှိပေမယ့် ကျောင်းသားကျောင်းသူအများပိုင်းက ပုံနှိပ်ဖတ်စာအုပ်မရရှိကြဘူးလို့သိရပါတယ်။
“ဒီလကုန်ရင် စာမေးပွဲဖြေရမယ်တဲ့ ပုံနှိပ်မရှိတဲ့ကလေးတွေကျတော့ စာပဲကျက်ရမလား စာပဲကူးရမလားဖြစ်နေကြတာ။ ပုံနှိပ်ဖတ်စာအုပ်မရှိတဲ့ကလေးတွေကအများဆုံးပဲ အဲ့ရှိတဲ့ကလေးတွေလည်း ဟိုသူငယ်ကိုပေးငှားလိုက် ဒီသူငယ်ချင်းကိုပေးငှားလိုက်နဲ့စာတောင်မကျက်ရဘူး”လို့ အထက်မှာဖော်ပြခဲ့တဲ့နောင်မွန်မြို့ခံအမျိုးသမီးတစ်ဦးကပြောပါတယ်။
နောင်မွန်၊ခေါင်လန်ဖူး၊မချမ်းဘောမြို့နယ်တွေဟာ လမ်းပမ်းဆက်သွယ်ရေးခက်ခဲတာကြောင့် ပုံနှိပ်စာအုပ်တွေမရောက်ရှိနိုင်သလို ဗလာစာအုပ်တွေလည်းအရောက်နည်းတာကြောင့် ဗလာစာအုပ်အချောတစ်ဒါဇင်ကျပ် ၃၀၀၀၀ ၊အကြမ်းတစ်ဒါဇင် ကျပ် ၂၅၀၀၀ အထိရှိတယ်လို့သိရပါတယ်။
ပူတာအိုခရိုင်တွင်း အထက်တန်းကျောင်း (၇)ကျောင်း၊ အထကခွဲကျောင်း( ၆)၊ အလယ်တန်းကျောင်း (၆)၊အလကခွဲ (၈)၊မူလွန်ကျောင်း (၁၀)၊ မူလတန်းကျောင်း (၅၉) ကျောင်းရှိတယ်လို့ ပူတာအိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနရဲ့ ၂၀၂၃ ခုနှစ်မှာ ထုတ်ပြန်ထားပါတယ်။
By – Hope