မြစ်ကြီးနားမြို့မှာ My Tel ဖုန်းလိုင်းပြန်ရ

တစ်နှစ်နီးပါး ဖုန်းနဲ့အင်တာနက်လိုင်းတွေဖြတ်တောက်ခံထားရတဲ့ ကချင်ပြည်နယ်ရဲ့ မြို့တော်မြစ်ကြီးနားမြို့မှာ Mytel အော်ပရေတာရဲ့ ဖုန်းလိုင်းတွေပြန်လည်ရရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။
မနေ့က ဇွန်လ ၁၆ ရက်နေ့ မနက်ပိုင်း ၈ နာရီလောက်ကစပြီး Mytel ဖုန်းလိုင်းတွေပြန်ရနေတာဖြစ်ပြီး အင်တာနက်လိုင်းတော့ပြန်မရသေးဘူးလို့ မြို့ခံတစ်ယောက်ကပြောပါတယ်။
“ကောင်းနေတာပဲ ကြည်နေတာပဲ အင်တာနက်လိုင်းတွေရတော့မှာလားမသိဘူး။ အခုတော့ အင်တာနက်လိုင်းတွေမရသေး ဘူး။ ဖုန်းလိုင်းကအပြည့်တက်တာ။ တစ်ချို့ရပ်ကွက်တွေတော့မရဘူးလို့ပြောတာပဲ။ မနေ့က မနက် ၈ နာရီလောက်တည်းက ထင်တယ် လိုင်းပြန်ရတာ“လို့ပြောပါတယ်။
လက်ရှိမြစ်ကြီးနားမြို့မှာ Mytel ဖုန်းလိုင်းဟာ နေရာတော်တော်များများမှာရရှိနေပေမဲ့ မြစ်ကြီးနားမြို့ရဲ့တစ်ဖက်ကမ်း ဝိုင်းမော်ကိုကူးလိုက်တာနဲ့ လိုင်းကမရတော့ဘူးလို့ဒေသခံတွေကပြောပါတယ်။
တစ်ဖက်မှာ တစ်ခြားသောအော်ပရေတာတွေဖြစ်တဲ့ MPT၊ Ooredoo၊ ATOM ဖုန်းလိုင်းတွေကတော့ စစ်ကောင်စီရဲ့ ဌာန ဆိုင်ရာ ရုံးတွေနဲ့ ရပ်ကွက်တစ်ချို့မှာသာအကန့်အသတ်နဲ့ဆက်လက်ရရှိနေပြီး လိုင်းတွေဆက်လက်ပြတ်တောက်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့ကစလို့ ကချင်ပြည်နယ်ရဲ့မြို့တော်မြစ်ကြီးနားမြို့အပါအဝင် တစ်ပြည်နယ်လုံးအတိုင်း အတာနဲ့ ဖုန်းနဲ့အင်တာနက်လိုင်းတွေဖြတ်တောက်ခံခဲ့ရတာကြောင့် Starlink အင်တာနက်ကို အဓိကအသုံးပြုနေကြရတာ ဖြစ်ပါတယ်။
“အခုက စတားလင့်က ၁ နာရီ ၁ ထောင်ပဲ။ စက်ရဲ့ဈေးနှုန်းကလည်း သိန်း ၆၀ ဝန်းကျင်လောက်နဲ့ရတယ်။ အရင်ကတော့ သိန်း ၁၀၀ ကျော်တယ်လေ”
လက်ရှိ Starlink အင်တာနက်ကို ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုလာတာနဲ့အတူ ဈေးနှုန်းတွေကျသွားတဲ့အကြောင်း မြို့ခံတစ်ဦး က ပြောပြပါတယ်။
အခုလို အင်တာနက်နဲ့ဖုန်းလိုင်းတွေကို နည်းလမ်းတစ်စုံတစ်ရာနဲ့အသုံးပြုလို့ရနေပေမဲ့လည်း ကချင်ပြည်နယ်အတွင်း နေထိုင်သူဒေသခံတွေဟာ သတင်းရရှိမှုနှေးကွေးတာ၊ မရရှိတာ စတဲ့အခြေနေတွေနဲ့ကြုံတွေ့နေကြရပြီး ဖုန်းနဲ့အင်တာနက် လိုင်းဖြတ်တောက်မှုရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကိုကြုံနေကြရပါတယ်။
ကချင်ပြည်နယ်တစ်ပြည်နယ်လုံးအတိုင်းအတာနဲ့ ပြီးခဲ့တဲ့ ၂၀၂၄ မတ်လ ကစလို့ စတင်ခဲ့တဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ပူးပေါင်းတပ်တွေရဲ့ထိုးစစ်ဟာ ယနေ့အထိအရှိန်မြင့်နေဆဲဖြစ်သလို နှစ်ဖက်တပ်တွေအကြား စစ်ရေးတင်းမာနေကြဆဲ ဖြစ်ပါတယ်။
လက်တလောမှာတော့ ဒုတိယမြို့တော် ဗန်းမော်မြို့၊ ကျောက်စိမ်းမြေ ဖားကန့်မြို့နဲ့ မြို့တော်မြစ်ကြီးနားမြို့ရဲ့တစ်ဖက်ကမ်း ဝိုင်းမော်မြို့တွေမှာ မကြာခဏ နှစ်ဖက်တပ်တွေထိတွေ့တိုက်ပွဲတွေဖြစ်နေကြပါတယ်။
By – အမိုး