လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

လုံးခင်းမှာလက်နက်ကြီးကျ ပေါက်ကွဲလို့ မိသားစုဝင် ၃ ဦးထိခိုက်ဒဏ်ရာရ

ဖားကန့်မြို့နယ် လုံးခင်းအုပ်စု ကုဋေမှော်ကျေးရွာထဲမှာ စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးက နတ်စင်အနောက်ဘက်ခြမ်းရှိ လူနေအိမ်မှာကျမှန်ပေါက်ကွဲလို့ မိသားစုဝင် ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင် လူနေအိမ်တွေလည်း တစ်စစီပျက်စီးသွားတယ်လို့ သိရပါတယ်။

ဒီကနေ့ ဇွန်လ ၁၇ ရက်နေ့ မနက်ပိုင်း ၁၀ နာရီခွဲအချိန် မှော်ဆီစာကျေးရွာထဲမှာရှိနေတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA PDF အဖွဲ့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ဖားကန့်ဗျူဟာကုန်းကနေ လက်နက်ကြီး ပစ်ခတ်ရာကနေ ထိခိုက်မှုဖြစ်သွားခဲ့တာလို့ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။

မှော်ဆီစာထဲမှာ ကျန်ရှိနေတဲ့ စစ်ကြောင်းနဲ့ KIA က ထိတွေ့မှုဖြစ်နေတာ။ ထိတွေ့မှုဖြစ်တော့ စစ်တပ်ဘက်က ထိခိုက်မှုရှိတာထင်တယ် ဘုရားကုန်းဘက်ကို ပြန်ဆုတ်သွားကြတာ။ တိုက်ပွဲဖြစ်တော့ အပြန်အလှန် လက်နက်ကြီးတွေပစ်ကြတာ။ တိုက်ပွဲဖြစ်တဲ့ဘက်ကို ဖားကန့်ဗျူဟာကုန်းကနေ လက်နက်ကြီးတွေပြန်ပစ်တာ။ အဲ့မှာ လက်နက်ကြီးထိမှန်သွားတာလို့ပြောပါတယ်။

လက်နက်ကြီးကျမှန်ပြီး ထိခိုက်ဒဏ်ရာရရှိသွားတဲ့ မိသားစုဝင် ၃ ဦးထဲမှာ အသက်မပြည့်သေးတဲ့ ကလေးငယ်တစ်ဦးပါဝင်တယ်လို့သိရပါတယ်။

ဒီကနေ့ မနက်ပိုင်း ဖြစ်တဲ့ တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုရှိတဲ့အတွက် အခုလိုတိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ နေရာဘက်ကို ရမ်းသမ်းပစ်ခတ်မှုကြောင့် လူနေအိမ် ထိခိုက်ပျက်စီးမှုရှိခဲ့တဲ့အပြင် အရပ်သားထိခိုက်သွားတာဖြစ်တယ်လို့ ဖားကန့် ဒေသခံတွေပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ KIA နှစ်ဖက်တပ် အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့တဲ့ တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ကံဆီးစစ်တပ်ကုန်းက ဗိုလ်မှူးအဆင့်ရှိသူ ၂ ဦးအပါ တပ်သား ၂၀ ကျော်ခန့် ထိခိုက် သေဆုံးမှုရှိခဲ့တယ်လို့လည်း သတင်းအရင်းအမြစ်တွေ ပြောပြပါတယ်။

တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးခဲ့တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး KNG ဆက်စုံစမ်းနေဆဲဖြစ်ပါတယ်။

မှော်ဆီစာကျေးရွာထဲမှာ ပြီးခဲ့တဲ့ မေလ ကုန်ပိုင်းမှာ ဝင်ရောက်လာတဲ့ စစ်ကြောင်းအများပိုင်းက ဇွန်လ ၁၆ ရက်နေ့ ဖားကန့်ကျေးရွာအုပ်စု မှော်ဝမ်းကလေး၊ မှော်ဝမ်းကြီး ကျေးရွာဘက်ကို ဦးတည် ထွက်ခွာသွားကြပေမယ့် စစ်ကြောင်းတစ်ချို့ကျန်ရှိနေသေးတဲ့အတွက် KIA နဲ့ တော်လှန်တပ်ဖွဲ့တွေကြား ထိတွေ့တိုက်ပွဲရှိနေဆဲဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ စစ်အင်အား ၁၀၀ ကျော်ခန့်ရှိတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းတစ်ချို့ ဖားကန့် မှော်ဝမ်းကလေးကျေးရွာရှိ ကချင်နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းဝင်းနေရာတွေမှာ တပ်စွဲထားပြီး KIA နဲ့ PDF လာရောက်ပစ်ခတ်တာတွေ မလုပ်ဖို့လည်း ခြိမ်းခြောက်ပြောဆိုထားတာတွေလည်းရှိနေပါတယ်။

စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့ မေလကုန်ပိုင်းကနေ ဖားကန့်ဒေသမှာ လက်လွတ်လိုက်ရတဲ့နေရာတွေကို ပြန်ရယူဖို့ ကြိုးစားနေတဲ့အတွက် စစ်အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုး ဝင်ရောက်ကာ ဖားကန့် လုံးခင်းကျေးရွာ အုပ်စုထဲမှာရှိတဲ့ မှော်ဆီစာ၊ မဇွပ်ယန်၊ ကဋေမှော်နဲ့ ဆန်ခါ ကျေးရွာတွေဘက်မှာ စစ်ရေးလှုပ်ရှားနေတာ နှစ်ပတ်ကျော်ခန့် ကြာမြင့်လာပြီဖြစ်ပါတယ်။

ဖားကန့်ဒေသမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေကြား စစ်ရေးတင်းမာမှု အချိန်ကြာမြင့်လာတဲ့တာနဲ့အညီ အရပ်သားသေဆုံးမှုတွေလည်း ပိုမိုများပြားလာတာလည်းဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button