KIO သိမ်းပိုက်ထားတဲ့ ဒေသတွေမှာ အိမ်ထောင်စု၊ မှတ်ပုံတင် စတင်လုပ်ပေးနေ

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) အစိုးရက သိမ်းပိုက်ရရှိထားတဲ့ ဒေသတွေမှာ အိမ်ထောင်စုနဲ့ မှတ်ပုံတင် စလုပ်ပေးနေပြီလို့ ဒေသခံတွေဆီကနေ သိရပါတယ်။
၂၀၁၉ သန်းခေါင်စာရင်းအရ ကချင်ပြည်နယ်မှာ လူဦးရေ တစ်သန်းကျော်ရှိပြီး ခရိုင်လေးခု၊ မြို့နယ်ပေါင်း ၁၈ မြို့၊ မြို့နယ်ခွဲပေါင်း ၃၃ မြို့နဲ့ဖွဲ့စည်းထားတာဖြစ်ပါတယ်။
အဲဒီထဲက KIA ပူးပေါင်းတပ်တွေက ဧရာဝတီမြစ်အရှေ့ဘက်ခြမ်း တရုတ်နယ်စပ်ရှိ ကံပိုင်တည်၊ ပန်ဝါ၊ လွယ်ဂျယ်၊ ချီဖွေ၊ဆော့လော်၊ ဆဒုံးနဲ့ ဆွမ်ပရာဘွမ်၊အင်ဂျန်းယန်၊ မိုးမောက်၊ဆင်ဘိုမြို့နယ်နဲ့ ရှမ်းပြည်နယ် မဘိမ်းမြို့၊ မြို့နယ်ခွဲတွေဖြစ်တဲ့ ဒေါ့ဖုန်းယန်၊လန်ဆယ်၊ကမ်းဖန့်၊မြို့လှ စတဲ့မြို့တွေကို သိမ်းပိုက်ထားပြီး အစိုးရယန္တရား လည်ပတ်ဖို့ အိမ်ထောင်စုနဲ့ မှတ်ပုံတင်လုပ်ပေးနေတာရှိသလို တစ်ချို့မြို့တွေမှာတော့ လုပ်ပေးဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
KIO သတင်းနဲ့ပြန်ကြားရေးဝာာဝန်ခံ ဗိုလ်မှူကြီးနော်ဘူကတော့ မှတ်ပုံတင်နဲ့ အိမ်ထောင်စုတွေကို ယခင်ကတည်းကနေ အမြဲလုပ်ဆောင်ပေးနေတာဖြစ်ပြီး လက်ရှိမှာလည်း ပြန်လည်သိမ်းပိုက်ရရှိထားတဲ့ ဒေသတွေမှာ လုပ်ဆောင်ပေးနေကြောင်း ခုလိုပြောပါတယ်။
“ကိုယ့်ရဲ့ ပြည်သူတွေကို အသိအမှတ်ပြုမှု လုပ်ဆောင်ခြင်းဖြစ်ပါတယ်။ အလုပ်တွေလျှောက်တဲ့အချိန်တွေမှာ ကိုင်ဆောင်အသုံးပြုရမှာ ဖြစ်ပြီး KIO ထိန်းချုပ်နယ်မြေတွေမှာ အဲဒီဟာတွေပြလို့ရှိရင်က သွားလာလို့ရတာပေါ့။ ဒါပေမယ့်ဖြတ်သန်းသွားလာခွင့်လက်မှတ်တော့ မဟုတ်ဘူးပေါ့”လို့ ဆိုပါတယ်။
KIO အစိုးရထိန်းချုပ်နယ်မြေကျယ်ပြန့်လာတာနဲ့အမျှ အဲဒီဒေသတွေမှာ အစိုးရယန္တယားတွေ လည်ပတ်ဖို့အတွက် မှတ်ပုံတင်နဲ့ အိမ်ထောင်စုတွေ လုပ်ပေးလာတာဖြစ်ပါတယ်။
“ကျမတို့ဆီမှာလည်း အိမ်ထောင်စု စကောက်နေပြီ။ မှတ်ပုံတင်လုပ်ပေးဖို့တဲ့ ဟိုနေ့က နာမည်တွေတော့သွားထည့်ထားပြီ” လို့ ချီဖွေမြို့ခံ အမျိုးသမီးတစ်ဦးပြောပါတယ်။
ကချင်မှာ ယခင်ကတည်းကနေ KIO ရဲ့စိုးမိုးနယ်မြေရှိ ပြည်သူအားလုံး KIO အစိုးရလုပ်ပေးတဲ့ နိုင်ငံသားအသိအမှတ်ပြု ( မှတ်ပုံတင်) ကိုင်ဆောင်ကြသလို၊ ၎င်းတို့စိုးမိုးနယ်မြေ ပြင်ပ ပြည်သူတွေကလည်း မြန်မာအစိုးရဘက်ကလုပ်ပေးတဲ့ မှတ်ပုံတင်၊ အိမ်ထောင်စုကိုင်ကြပါတယ်။
ဒါပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ဘက်က အစစ်ဆေးများလာတာကြောင့် အစိုးရနှစ်ရပ်ကြား ပြည်သူတွေသွားလာရေးမှာ စိုးရိမ်မှုတွေရှိနေကြပြီး အထူးသဖြင့် စစ်တပ်ဘက်က ဖမ်းဆီးစစ်ဆေးမှာ စိုးရိမ်ကြပါတယ်။
ဒီအပေါ်မှာ Public Policy နဲ့ Analysis လုပ်နေတဲ့ ပညာရှင်တစ်ဦးဖြစ်တဲ့ ကို လဂန်း(Lagan)တော့ တိုင်းပြည်တစ်ခုရဲ့ နိုင်ငံသားဖြစ်မှုကို အသိအမှတ်ပြုတဲ့ မှတ်ပုံတင်လိုအရာတွေကို ပိုင်ဆိုင်ထားတာဟာ အဲဒီတိုင်းပြည် ၊နေရာဒေသရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေအားလုံးကို ရယူပိုင်ခွင့်ရှိတာမျိုး ဖြစ်တယ်လို့ ခုလို သုံးသပ်ပြောဆိုပါတယ်။
“လက်ခံရရှိမယ့် အခွင့်အရေးတွေရှိသလို နိုင်ငံသားတစ်ယောက်နဲ့ တာဝန်နဲ့ အကျိုးပြုရမယ့်တာဝန်တွေ အကုန်စုပေါင်းနေတာမျိုးဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ အခြေအနေကောင်းတဲ့ အပေါ်မူတည်ပြီးတော့လည်း နိုင်ငံသားဖြစ်တဲ့ ဂုဏ်ရှိန်ဂုဏ်ဝါရှိလာတာ မျိုးဖြစ်ပါတယ်”လို့ ဆိုပါတယ်။
ခုလို မှတ်ပုံတင်၊ အိမ်ထောင်စုတွေ ပြုလုပ်တာကနေ ရရှိလာတဲ့ အချက်အလက်တွေကို အသုံးပြုပြီး အစိုးရတစ်ရပ်အနေနဲ့ အဲဒီဒေသက ပြည်သူတွေရဲ့ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးစတဲ့ အခွင့်အလမ်း တွေကို ဖန်တီးပေးရတာ ဖြစ်ပါတယ်။
ဒါကြောင့် အစိုးရတစ်ရပ်အနေနဲ့ ဖြစ်လာလို့ရှိရင် ကိုယ်ရေး အချက်အလက်တွေကို သေချာထိန်းသိမ်းပေးဖို့ လိုအပ်ပြီး ပေါ်လစီတွေ ရေးဆွဲတဲ့အခါတွေမှာ ပြည်သူတွေရဲ့အကျိုးကို အခြေပြုပြီး ရေးဆွဲတာမျိုး ဖြစ်သင့်တယ်လို့ ဆိုပါတယ်။
By – Hope