လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းသတင်း

စစ်ကောင်စီတပ် ဖားကန့်မြို့သို့ ထိုးဖောက်ဝင်ရောက်လာပြီးနောက် အရပ်သားသေဆုံးမှု နဲ့ ဒဏ်ရာ ရရှိမှု များပြားလာ

ဖားကန့်မြို့သို့ စစ်ကောင်စီတပ် စစ်ကြောင်း ပထမဆုံး ထိုးဖောက်ဝင်ရောက်သွားတဲ့ ရက်သတ္တပတ် နှစ်ပတ်ကျော်အတွင်းမှာ အရပ်သား ထိခိုက်ဒဏ်ရာရရှိသူ နဲ့ သေဆုံးသူ စုစုပေါင်း ၁၀၀ ကျော်အထိ ရှိလာတယ်လို့ ဖားကန့်ပြည်သူတွေ ပြောပါတယ်။

လဝါးကားမိုင်း ဖားကန့်လမ်းအတိုင်း စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီ ပထမဆုံး စစ်ကြောင်းက မေလ ၂၈ ရက်နေ့ ဖားကန့် လုံးခင်းကျေးရွာအုပ်စုထဲ ဝင်ရောက်လာပြီး အရပ်သားသေဆုံးမှုတွေ နေ့စဉ်ဖြစ်ပွားခဲ့ပါတယ်။

စစ်ကောင်စီတပ် ဝင်ရောက်နေရာယူ စစ်ရေးလှုပ်ရှားနေတဲ့ လုံးခင်း၊ မှော်ဆီစာ၊ ဆန်ခါ၊ မဇွပ်ယန်နဲ့ ကုဋေမှော်ရှိ ပြည်သူတွေ အများဆုံး သေဆုံးမှုရှိခဲ့တာ ဖြစ်ပါတယ်။

စစ်ကြောင်းဝင်လာတဲ့ ဒီတလောမှာပဲ အရပ်သားပြည်သူတွေ ထိခိုက်ဒဏ်ရာရတဲ့သူတွေနဲ့ သေဆုံးသွားတဲ့ သူတွေက စုစုပေါင်း ၁၀၀ ကျော်လောက်တော့ရှိလာတော့မှာပဲ။ အဲ့ထဲမှာ ထိခိုက်ဒဏ်ရာရတဲ့သူတွေက ပိုများတယ်။ ဒဏ်ရာရတဲ့ သူတွေက မရှိဆုံး ၇၀ နဲ့ ၈၀ ကြားမှာရှိလိမ့်မယ်။ သေဆုံးသွားတဲ့ သူတွေက တွက်ကြည့်ရင် ၂၀ ကျော်လောက်ရှိတယ်။ ဒါတောင်တစ်ချို့က စားရင်းသေချာရမရ မသိရဘူးလို့  ဖားကန့် ဒေသခံ အမျိုးသားတစ်ဦးက အခုလိုပြောပြလာပါတယ်။

စစ်ကြောင်းဝင်ရောက်လာတဲ့အချိန် ရမ်သမ်းပစ်ခတ်ခံရမှု၊ လူသားဒိုင်အဖြစ်ဖမ်းဆီးထားချိန် တိုက်ပွဲဖြစ်ပွားပြီးသေဆုံးမှု ၊ ကျောက်စိမ်းလုပ်ကွက်ကုမ္ပဏီရှိ ယမ်းဂိုဒေါင် ဖောက်ခွဲခံရမှုကြောင့် သေဆုံးမှု၊ စစ်ကောင်စီတပ်ရဲ့ ဒရုန်းကြောင့် ထိခိုက်သေဆုံးမှု စရှိသဖြင့် ပုံစံမျိုးစုံနဲ့ အရပ်သားသေဆုံးမှု ဖြစ်ပွားခဲ့တာပါ။

အဆိုပါဖြစ်စဉ်တွေကြောင့် သေဆုံးသွားတဲ့ အရပ်သား ၂၅ ဦးဝန်းကျင်အထိရှိခဲ့ပြီး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့တဲ့သူတွေအပါအဝင် စုစုပေါင်း ၇၀ နဲ့ ၈၀ ဝန်းကျင်အထိရှိတယ်လို့ ဖားကန့် လူမှုကူညီရေးအသင်းနဲ့ နီးစပ်တဲ့ သူတွေပြောပြပါတယ်။

အဲဒီသေဆုံးမှုထဲမှာ ပထမ မေလ ၂၈ ရက်နေ့ စစ်ကောင်စီတပ် စစ်ကြောင်းတွေ ဖားကန့်မြို့အဝင် ယမ်းချက်စက်ရုံကနေ လုံးခင်းကျေးရွာထဲကို ဝင်ရောက်လာတဲ့အချိန် အရပ်သားတွေကို ဖမ်းဆီးပြီး လူသားဒိုင်းပြုလုပ်ခဲ့ပြီး သေဆုံးသွားတဲ့ သူတွေ၊ လုံးခင်းကျေးရွာကနေ မှော်ဆီစာ၊ မဇွပ်ယန် ၊ ကုဋေမှော် ကျေးရွာတွေမှာ စစ်ရေးလှုပ်ရှားပြီး လုပ်ငန်းရှင်တွေရဲ့ သိုလှောင်ထားတဲ့ ယမ်ဂိုဒေါင် ၃ နေရာကို ပစ်ခတ်ဖောက်ခွဲ ခဲ့တဲ့ဖြစ်စဉ်မှာ ပြည်သူတွေ ၉ ဦးထက်မနည်း အစုလိုက် အပြုံလိုက် သေဆုံးမှုရှိခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်တွေက မှော်စီဆာ၊ မဇွပ်ယန်၊ ကုဋေမှော် စတဲ့ ကျေးရွာတွေမှာ တစ်ရွာပြီး တစ်ရွာ ဝင်ရောက်ပြီး လုပ်ငန်းရှင်တွေရဲ့ ကျောက်စိမ်းတူးဖော်တဲ့ ဘက်ဟို၊ မြေသယ်ယဉ် နဲ့ တဲအဆောက်အဦးတွေကို တစ်ပတ်ကြာ လိုက်လံမီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်ခဲ့ပြီး စစ်ကြောင်းရောက်ရှိသွားတဲ့ နေရာတွေမှာ ပိုင်ရှင်မပေါ်ဘဲ လှဲကျသေဆုံးနေတဲ့ ရုပ်အလောင်းတွေ မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။

အခုလို စစ်ကြောင်းဝင်ရောက်လာတဲ့ နောက်ပိုင်းမှ အရပ်သားပြည်သူတွေ နေ့တိုင်းလိုလို သေဆုံးမှုဖြစ်ပေါ်နေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး နောက်ထပ် ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက KNG ကို ပြောဆိုပါတယ်။

ဒီဖြစ်စဉ်တွေက စစ်ကောင်စီတပ် ဝင်ရောက်လာကတည်းက ဖြစ်ပျက်လာတဲ့အခြေအနေပါ။ တော်လှန်ရေးအင်အားစုတွေ မြို့ပေါ်လှုပ်ရှားဖို့ ဖွဲ့စည်း သွားလာလှုပ်ရှားနေကြသလိုပဲ စစ်ကောင်စီတပ်ဘက်ကလည်း မြို့နေရာတွေမှာ ပျောက်ကျားစနစ်နဲ့ တန်ပြန် ဆောင်ရွက်လာလို့ အခုသေဆုံးမှုတွေဖြစ်လာတယ်လို့ပဲမြင်ပါတယ်။ နဂိုရှိပြီးသား သူတို့ရဲ့ တပ်တွင်းသတင်းပေးတွေကို တိုးချဲ့လုပ်ဆောင်လာတယ်။ သူတို့ကိုယ်တိုင်ပဲ မထင်မရှားလေးလုပ်နေတယ်။ အဓိကတော့ လူထုကို အကြောက်တရားပေးချင်တယ်။ တော်လှန်ရေးအင်အားစုတွေကို ထင်ယောင်ထင်မှားဖြစ်အောင် ပုံဖျက်ဖို့ ကြိုးစာလာတယ်လို့ပြောပါတယ်။

ယခုရက်ပိုင်းအတွင်း ရုပ်အလောင်းပိုင်ရှင်မပေါ်ဘဲ သတ်ဖြတ်ခံနေရမှု ဖြစ်စဉ်တွေဟာ စစ်ကောင်စီတပ်ရဲ့၏ လက်ချက်သာဖြစ်တယ်လို့ ဖားကန့်ပြည်သူအများပိုင်းက ယူဆ ပြစ်တင် နေကြပါတယ်။

မေလ ၂၈ ရက်နေ့ စစ်ကောင်စီတပ် စစ်ကြောင်း ထိုးဝင်ရောက်လာကတည်းက အရပ်သားသေဆုံးမှုဖြစ်စဉ်တွေထဲမှာ အများစုမှာ သတ်ဖြတ်ခံရမှုတွေ ဖြစ်တဲ့အတွက် အသက်အန္တရာယ်အတွက် စိုးရိမ်တယ်လို့ ဖားကန့်မှာ နေထိုင်တဲ့ ပြည်သူတွေ ပြောပါတယ်။

ဖားကန့် လုံးခင်းကျေးရွာအုပ်စု မှော်ဆီစာထဲမှာ ဝင်ရောက်နေတဲ့ စစ်အင်အား ၂၀၀ ကျော်ခန့်ရှိတဲ့ စစ်ကြောင်းတစ်ချို့က ဇွန်လ ၁၅ ရက်နေ့မှာ ဖားကန့်ကျေးရွာအုပ်စု မှော်ဝမ်းကလေး၊ မှော်ဝမ်းကြီး ကျေးရွာဘက်ကို ဦးတည်ပြီး စစ်ကြောင်း ပြန်လည်ထွက်ခွာချိန် မှော်ဝမ်းသေး ကျေးရွာရှိ ကချင်နှစ်ခြင်းခရစ်ယာန် ဘာသာရေးကျောင်းတွေမှာ တပ်စွဲထားတာဖြစ်ပါတယ်။

မှော်ဆီစာကျေးရွာ ဘုန်းကြီးကျောင်းထဲမှာ ကျန်ရှိနေပြီး စစ်ရေးလှုပ်ရှားမှုပြုလုပ်နေတဲ့ စစ်ကြောင်းအဖွဲ့ကို KIA နဲ့ တော်လှန်ရေး ပူးပေါင်းတွေက ဇွန်လ ၁၈ ရက်နေ့မှာ သွားရောက်တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကြောင်းမှူးအပါ တပ်သား ၂၀ ဦးထက်မနည်း သေဆုံးမှုရှိခဲ့ပါတယ်။

စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုများခဲ့တဲ့အတွက် မှော်ဆီစာကျေးရွာမှာ ဇွန်လ ၁၉ ရက်နေ့စတင်ပြီး ဒီကနေ့ ဇွန်လ ၂၀ ရက်နေ့အထိ နှစ်ဖက်တပ် စစ်ရေးတင်းမာမှုဖြစ်နေဆဲဖြစ်ပြီး တိုက်ပွဲပြင်းထန်လာမှာကိုလည်း ပြည်သူတွေက စိုးရိမ်နေကြပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button