KIO/KIA အစိုးရသိမ်းပိုက်ထားတဲ့နယ်မြေတွင်း ပညာရေးအခြေနေ

ကချင်လွတ်လပ်ရေးတပ်မတော် KIA ရဲ့ တိုက်ခိုက်သိမ်းပိုက်ရရှိတဲ့ နေရာဒေသတွေများလာတာနဲ့အတူ အဲဒီနေရာဒေသတွင်းမှာလည်း စာသင်ကျောင်းတွေ ပိုမိုတိုးချဲ့ဖွင့်လှစ်လာနိုင်ပြီဖြစ်ပါတယ်။
ပြီးခဲ့ ၂၀၂၄– ၂၅ ပညာသင်နှစ်အထိ KIO အစိုးရအောက် အထက်တန်းကျောင်း ၂၅ ကျောင်း၊ အလယ်တန်းကျောင်း ၄၅ ကျောင်း၊ မူလတန်းကျောင်း ၁၇၁ ကျောင်း ပြန်လည်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ကျောင်းပေါင်း ၄၄၄ ကျောင်းထိရှိလာခဲ့တာဘဲ ဖြစ်ပါတယ်။
ဒီနှစ်၂၀၂၅–၂၆ စာသင်နှစ်မှာတော့ စာသင်ကျောင်းတွေ ဘယ်လောက်ထိထပ်တိုးထားနိုင်ပြီလဲ။ KIO အစိုးရအောက် ပညာရေးဌာနကနေပြီးတော့ ဘယ်လိုသင်ကြားမှုပုံစံတွေနဲ့သင်ကြားနေလဲဆိုတာနဲ့ ပတ်သက်ပြီး KIO ပညာရေးဌာန ဒုတာဝန်ခံ ဆရာကြီး မလန်ဘရန်တောင်( Malang Brang Tawng) ကို KNG ကနေပြီးတော့ ဆက်သွယ်မေးမြန်းထားပါတယ်။
မေး။ ။ ပထမဦးဆုံးအနေနဲ့ ၂၀၂၅–၂၆ပညာသင်နှစ်မှာ စာသင်ကျောင်းတွေဘယ်လောက်ထိပြန်လည်တိုးချဲ့ ဖွင့်လှစ်ထားနိုင်ပြီလဲ ဆရာ။
ဖြေ။ ။ အထက်တန်းကျောင်းအနေနဲ့ကတော့ ကေအိုင်အို ထိန်းချုပ်ရာ အရှေ့မြောက်ဒေသ(ချီဖွေ ပန်ဝါဒေသ)မှာ အထက်တန်းကျောင်း ၂ကျောင်း၊ အနောက်တောင်ဒေသ (တာမခံ၊ဆယ်ဇင်း)ဘက် ၂ကျောင်း၊ တပ်မဟာ၉(ဖားကန့်ဒေသ) ၁ကျောင်း၊ တပ်မဟာ ၁၁( မန်းဝင်းကြီးဒေသ)မှာ ၅ကျောင်း၊ ကေအိုင်အို ဗဟိုဌာနချုပ် ဒေသတစ်ဝိုက် ၃ကျောင်းထိ အသစ်ပြန်လည်ဖွင့်လှစ်ထားတယ်။ အလယ်တန်းကျောင်းကတော့ အရှေ့မြောက်ဒေသ(ချီဖွေ ၊ ပန်ဝါဒေသ)မှာ ၇ကျောင်း၊ တပ်မဟာ၉ (ဖားကန့်ဒေသ) ၃ကျောင်း၊ တပ်မဟာ၁၁(မန်းဝင်းကြီးဒေသ)ဘက်မှာတော့ ၁၅ကျောင်း၊, ဗဟိုဌာကချုပ်ဒေသ ဒေသတစ်ဝိုက် ၈ကျောင်း၊ တပ်မဟာ၁ မြောက်ပိုင်းဒေသ( ဆွမ်ပရာဘွမ်)ဘက်မှာတော့၂ကျောင်းထိ တိုးချဲ့ဖွင့်လှစ်ထားပါတယ်။ မူလတန်းကျောင်းတော့ အရမ်းများတော့ အတိအကျ မသိဘူး ၆၀ ဝန်းကျင်လောက်တော့ ရှိမယ်ထင်တယ်။
မေး။ ။ ဒီနှစ်ကျောင်းတက်မယ့်သူတွေအနေနဲ့ကော ကျောင်းအပ်ခတွေသွင်းရလားဗျ အဲတာနဲ့ ပက်သက်ပြီးတော့မှကော ဘယ်လိုညွှန်ကြားထားလဲ။
ဖြေ။ ။ ကျောင်းအပ်ခဆိုတာက ကျွန်တော်တို့အနေနဲ့ ကျောင်းခန်းမှာ လိုအပ်တဲ့ဟာသုံးဖို့အတွက် လုံလုံလောက်လောက်တော့ မပေးနိုင်ဘူး။ဒါကြောင့် ကျောင်းတိုင်းမှာ ကျောင်းကော်မတီဆိုတာရှိတယ်။ အဲဒီကျောင်းကော်မတီကနေပြီးတော့ ကျောင်းသားတစ်ဦးကိုတော့ ဘယ်လောက်လေးတော့ ထည့်ဝင်ခိုင်းရအောင်ဆိုပြီး ဆုံးဖြတ်တာမျိုးတော့ ရှိပါတယ်။ လုံးဝပိုက်ဆံ မကောက်ဘဲ ကျောင်းတက်နိုင်အောင် အရမ်းတော့ ကြိုးစားကြည့်ပေမယ့် မဖြစ်နိုင်ဘူး။ ကျွန်တော်တို့ရုံးက ပိုက်ဆံက လုံလောက်စွာ မထုတ်ပေးနိုင်တဲ့အတွက် ကျောင်းလည်ပတ်နိုင်ဖို့အတွက်တော့ကျောင်းသားတွေဆီက နည်းနည်းပါးပါးတော့ကောက်ဖို့ လုပ်ထားပါတယ်။ ကျောင်းစာအုပ်တွေလည်း တချို့ အလကားပေးလို့ရတဲ့ဟာတွေ ရှိသလို အလကားပေးလို့ မရတဲ့စာအုပ်တွေကိုတော့ ပရင့်ပြန်ရိုက်ရတဲ့အတွက် ပရင့်တဲ့ကြေးကောက်တာတွေရှိပါတယ်။
မေး။ ။ ဒီနှစ်စာသင်နှစ်မှာက ဘယ်လိုသင်ရိုးတွေကို အသုံးပြုပြီး သင်ကြားပေးနေလဲ။
ဖြေ။ ။ သင်ရိုးနဲ့ ပက်သက်ပြီးပြောရမယ်ဆိုရင် KG ကနေ Grade 9 အထိတော့ အရင်က သင်ရိုးအဟောင်းကိုဘဲ ပြန်သုံးခိုင်းထားတယ်။ ၁၁ တန်းရဲ့ သင်ရိုးကိုကတော့ ကျွန်တောတို့ IED ကဆရာတွေ၊ မိုင်ဂျာယန်ကောလိပ်က အားလုံးစုပေါင်းပြီး ပညာတွေစုပြီး ဝိုင်းဆွဲထားပါတယ်။ ပြီးတော့ အဲဒီသင်ရိုးတွေက ၁၁ တန်း နဲ့ ၁၂အတွက် ရည်ရွယ်တာဖြစ်ပါတယ်။
မေး။ ။ လက်ရှိအချိန်ထိ ကျန်တဲ့အတန်းတွေ သင်ရိုးအသစ်တွေကို မသင်ကြားနိုင်သေးတာက ဘယ်လိုအခက်အခဲတွေရှိနေလဲ။
ဖြေ။ ။ အဆင်သင့်မဖြစ်သေးလို့ပေါ့။ အခုချိန်ထိလည်း Grade-6 အထိဘဲ သင်ရိုးကဆွဲပြီးသေးတယ်။ ဒီသင်ရိုးအသစ်တောင်မှ ဒီနှစ်၂၀၂၅–၂၆ စာသင်နှစ်ကျောင်းပိတ်တဲ့ အချိန်မှာမှသင်တန်းစပေးဖြစ်မှာပါ။ ကျွန်တော်တို့အနေနဲ့ တစ်ခါတည်းပြောင်းဖို့ခက်သေးတဲ့အတွက် အရင်က သင်ရိုးအဟောင်းကိုဘဲ သုံးနေသေးတာဖြစ်ပါတယ်။ ဆယ်တန်းကနေစပြီးတော့ သင်ရိုးသစ်တွေနဲ့ အပြောင်းအလဲတွေ လုပ်နေပါပြီ ၁၁ တန်းထိ နောက်နှစ်ကတော့ ၁၂ တန်းကိုပြန်လုပ်မယ်။ နောက်နှစ်ကနေစပြီးတော့ KG Grade 1တွေကိုလည်း သင်ရိုးအသစ်စသုံးတော့မှာဖြစ်ပါတယ်”။
မေး။ ။ ကျောင်းဝတ်စုံကော ဘယ်လိုပုံစံမျိုးဝတ်ဆင်ဖို့ စည်းကမ်းချမှတ်ထားလဲဗျ။
ဖြေ။ ။ ကျောင်းဝတ်စုံကိုတော့ ကျွန်တော်တို့က ကချင်ခခူးလုံချည်နဲ့ အင်္ကျီဖြူဆိုပြီး သတ်မှတ်ထားတာပေါ့။ အသစ်ပြန်တိုးချဲဖွင့်လှစ်ထားတဲ့ ကျောင်းတွေမှာလည်း အဲလိုဘဲ ဝတ်ဆင်ဖို့ ညွှန်ကြားထားပေမယ့်လည်း ကျောင်းနဲ့အဆင်ပြေပြီး တူညီစွာဖြစ်စေဖို့ ကျောင်းကော်မတီတွေက ဆုံးဖြတ်ပြီး သင့်တော်တဲ့ ဝတ်စုံတွေ ပြန်ဝတ်တာတွေလည်း ရှိပါတယ်။ ကျွန်တော်တို့ရဲ့ ခခူးလုံချည်နဲ့ အင်္ကျီဖြူကိုဘဲ ဝတ်ရမယ်လို့တော့ အတင်းတော့မလုပ်ခိုင်းဘူးပေါ့။
မေး။ ။ KIO ပညာရေးဌာနဘက်က လက်လှမ်းမမှီတဲ့ နေရာဒေသတွေမှာ NUG ပညာရေးဌာနတွေနဲ့ ဘယ်လိုပူးပေါင်းဆောင်ရွက်လဲ။
ဖြေ။ ။ ကျွန်တော်တို့ ကေအိုင်အိုနဲ့ KED ကနေပြီးတော့ဘဲ ကျောင်းအားလုံးကို ဖွင့်လှစ်နိုင်ဖို့ မနိုင်ဘူး။အခုတောင် ကျောင်းတွေက ၆ ရာကျော်နေပြီ။ ကေအိုင်အိုအစိုးရကနေပြီးတော့လည်း အဆင်သင့်မဖြစ်သေးတဲ့အတွက် NUG က မြို့နယ်ဘုတ်အဖွဲ့တွေကို သူတို့ရဲ့ သင်ရိုးအတိုင်း ကျောင်းတွေဖွင့်လှစ်ပြီး သင်ခိုင်းထားပါတယ်။ သင်ထားခိုင်းတယ်ဆိုပေမယ့်လည်း သူတို့နဲ့ တိုင်ပင်ဆွေးနွေးရမယ့်ဟာတွေလည်း ရှိပါသေးတယ်။ ကျွန်တော်တို့ဘက်ကလည်း အရမ်းထိန်းချုပ်တာမျိုးမဟုတ်ဘဲ ကျောင်းကော်မတီတွေ ဒေသခံတွေလိုလားတဲ့ ကျောင်းကို ဖွင့်လှစ်ထားခိုင်းပါတယ်။ ကလေးတွေရဲ့ ပညာရေးနဲ့ သက်ဆိုင်တာဖြစ်တဲ့အတွက် ပြည်သူလူထုမကြိုက်တဲ့ မလိုလားတဲ့ အရာတွေကိုတော့ လိုက်မလုပ်ပါဘူး။ ဒေသခံတွေက လိုလားတယ်ဆိုရင်တော့ ကျွန်တော်တို့ ကေအိုင်အိုကျောင်းဖွင့်ပေးတယ်။ ပြည်သူ့ပညာရေး ကျောင်းတွေဘက်ကတော့ ကျောင်းဆရာ/မ နဲ့ ကျောင်းသား/သူ ဘယ်လောက်ထိ ရှိလာတယ်ဆိုတာကို တော့တင်ပြတယ်။ ကျွန်တော်တို့ ဘက်ကလည်း အဓိကတော့ ကျောင်းသားတွေ ကျောင်းမတက်နိုင်တာမျိုးတွေ မဖြစ်အောင်ကြိုးစားပေးကြပါလို့ဘဲ ပြောကြားထားပါတယ်။
မေး။ ။ နောက်ဆုံးအနေနဲ့ မေးချင်တာကတော့ KIO ရဲ့ အနာဂတ်ပညာရေးပေါ်လစီက ဘာတွေဖြစ်မလဲ။
ဖြေ။ ။ ကေအိုင်အိုရဲ့ ရည်မှန်းထားတဲ့အရာကတော့ တိုက်ခိုက်သိမ်းပိုက်ထားတဲ့ စကစကျောင်းတွေအားလုံးက ကေအိုင်အိုကျောင်းဖြစ်ရမယ်လို့ စီမံချက်ချထားတာပေါ့။ ကျွန်တော်တို့ဘက်ကလည်း အဲဒီနေရာအထိ မရောက်နိုင်းသေးတဲ့အပြင် သင်ရိုးတွေလည်း အဆင်သင့်မဖြစ်သေးတဲ့အတွက် ဒီ ၁ နှစ်၂နှစ်အတွင်းတော့ အလျော့အတင်းလုပ်ထားပါတယ်။
By – Hope