သတင်း

ဖားကန့်မြို့နယ်ထဲ စစ်တပ်ကဆန်သယ်ယူခွင့်ပိတ်ဆို့တာ တစ်လဝန်းကျင်ရှိလာ

ကချင်ပြည်နယ် ဖားကန့်မြို့နယ်ထဲကို စစ်ကောင်စီတပ်ကဆန်သယ်ယူခွင့်ပိတ်ဆို့တာ တစ်လဝန်းကျင်ရှိလာတာကြောင့် ဒေသခံတွင်း ဆန်ဝယ်ယူရတာခက်ခဲလာတယ်လို့ဒေသခံတွေကပြောပါတယ်။

ဖားကန့်မြို့နယ်ကို အဓိကကုန်စည်စီးဆင်းရာ ကာမိုင်းဖားကန့်လမ်းကြောင်းမှာတော့ စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ် တွေအကြားတိုက်ပွဲကြောင့် သွားလာခွင့်တွေကိုနှစ်ဖက်တပ်တွေကပိတ်ဆို့ထားတယ်လို့သိရပါတယ်။

တစ်ခုတည်းသော ကုန်စည်စီးဆင်းရာလမ်းကြောင်းဖြစ်တဲ့ အင်းတော်ကြီးဝှေခါ လမ်းကြောင်းမှာတော့ နှစ်ဖက်တပ်တွေရဲ့ အထိုင်ချဂိတ်တွေရှိနေပြီး စစ်ကောင်စီရဲ့အထိုင်ချဂိတ်ဖြစ်တဲ့ နန့်မွန်း၊လုံးတုံ ဂိတ်တွေက ဆန်တွေကိုသယ်ယူခွင့်မပေးတာလို့ ဆိုပါတယ်။

ဆန်ကနှစ်ဖက်တပ်တွေအားလုံးကပိတ်တာမဟုတ်ဘူး။ စစ်ကောင်စီကပိတ်ထားတာ။ ဆန်ကိုအရင်က တပ်မမှူးရဲ့သယ်ယူ ခွင့်လက်မှတ်နဲ့ဆို ဆန်ဟုတ်မဟုတ်စစ်ဆေးတာကိုလွဲပြီးတောက်လျှောက်မောင်းပေါ့။ အခုကတော့ ပိတ်လိုက်တာပေါ့။ လုံးတံနဲ့ နန့်မွန်းစစ်ကောင်စီဂိတ်ကလုံးဝပိတ်ထားတာ တစ်လလောက်ကြာခဲ့ပြီလို့ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။

ဒါ့အပြင် အင်းတော်ကြီးဝှေခါလမ်းပိုင်းဟာ ယခုလိုမိုးရာသီကာလတွေမှာဆိုရင် လမ်းပန်းဆက်သွယ်ရေးခက်ခဲတာကြောင့် ကုန်စည်စီးဆင်းမှုနှေးကွေးတယ်လို့ ဒေသခံတွေကဆိုပါတယ်။

ဖားကန့်မြို့ရဲ့ အခြေစိုက်တပ်မ ၃၃ ရဲ့ တပ်မမှူးဖြစ်တဲ့ ဗိုလ်ကြီးကျော်ဆက်မြင့်နေရာကို ပြီးခဲ့တဲ့လကပဲ အပြောင်းအလဲလုပ် ခဲ့ပြီး မိုးကောင်းစစ်ဆင်ရေးကွပ်ကဲမှူးဌာနချုပ် ဗိုလ်မှူးကြီးဇော်ဝင်းကို တပ်မမှူးအဖြစ်အစားထိုးခဲ့တာဖြစ်ပါတယ်။

အခုလို စစ်ကောင်စီရဲ့ဆန်သယ်ယူခွင့်ပိတ်ဆို့မှုကြောင့် ဒေသခံတွေဟာ ဖားကန့်မြို့တွင်းရှိတဲ့ဆန်ဆိုင်တွေကနေ ဆန်ကို အလုအယက်ဝယ်ယူလာကြတယ်လို့ နောက်ထပ်ဒေသခံအမျိုးသားတစ်ဦးကဆက်ပြောပါတယ်။

ဖားကန့်မှာက ဆန်ကိုအစိုးရိမ်လွန်ပြီးဝယ်ကြတာတွေလည်းရှိတယ်။ ဆန်ဆိုင်တစ်ချို့လည်းဆန်တွေပြတ်သွားတာတွေ ရှိတယ်။ ဆန်တွေဒီလိုဖြစ်ရတာကလည်း စစ်ကောင်စီဂိတ်တွေကနေ အဆမတန်ပိုက်ဆံတောင်းခံတာတွေရှိလို့ ကားတွေ ပြန်လှည့်သွားတယ်လို့လည်းပြောနေကြတယ်လို့ဆိုပါတယ်။

ခုလိုဆန်ကို အလုအယက် ဝယ်ယူသိုလှောင်သူတွေကြောင့် လတ်တလော ဖားကန့်မြို့တွင်း ဆန်ဈေးတွေလည်း မြင့်တက်နေပြီး ဆိုင်တစ်ချို့မှ ဆန်စတင်ပြတ်လပ်လာပြီလို့ သူက ဆက်ပြောပါတယ်။

ဖားကန့်မြို့မှာတော့ ဒီရက်ပိုင်းအတွင်း စစ်ကောင်စီတပ်နဲ့တော်လှန်ရေးအင်အားစုတွေအကြား ထိတွေ့တိုက်ပွဲတွေပိုပြီး ပြင်းထန်လာသလို သေဆုံးဒဏ်ရာရတာတွေလည်းမြင့်တက်လာနေပါတယ်။

တစ်ဖက်မှာ အဲ့ဒီတိုက်ပွဲတွေကြောင့် ဖားကန့်ကာမိုင်းလမ်းပေါ်ကကျေးရွာတွေအပြင် စစ်ကောင်စီစစ်ရေးလှုပ်ရှားနေတဲ့ ဒေသတွေနဲ့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေတဲ့နေရာတစ်ဝှိုက်ကကျေးရွာတွေက ဒေသခံ ၅ ထောင်ဝန်းကျင် စစ်ဘေး တိမ်းရှောင်နေကြရပါတယ်။

အခုလို တိုက်ပွဲတွေအကြားအိုးအိမ်စွန့်ခွာထွက်ပြေးနေကြရတဲ့ဒေသခံတွေအတွက် စစ်ကောင်စီကဆန်သယ်ယူခွင့်ပိတ်ဆို့လိုက်တာဟာ ဖားကန့်ဒေသခံတွေအတွက်ပိုပြီးခက်ခဲလာစေတယ်လို့ ဒေသခံတွေကပြောပါတယ်။

By – အမိုး

Show More

Related Articles

Back to top button