
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဘူးဂါးလျှပ်စစ်မီးမကြာခဏပြတ်တောက်မှုကြောင့် ပြည်သူတွေ အဖက်ဖက်ကအခက်တွေ့နေတယ်လို့ သိရပါတယ်။
မြစ်ကြီးနားမြို့မှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်းလျှပ်စစ်မီးတွေကို ရပ်ကွက်အလိုက် ရပ်ကွက်တစ်ခု ၈ နာရီကြာအလှည့်စီပေးနေရာကနေ ၂၀၂၅ ဇန်နဝါရီလပိုင်းကစပြီး ရပ်ကွက်တစ်ခုကို မီးလာချိန် ၆ နာရီနဲ့ မီးပြတ်ချိန် ၁၂ နာရီဆိုပြီး အလှည့်ကျပေးနေတာဖြစ်တယ်လို့ မြစ်ကြီးနားမြို့ဒေသခံတွေဆီကနေ သိရပါတယ်။
မြစ်ကြီးနားမြို့မှာ နှစ်စဉ် နွေရာသီရောက်တိုင်း လျှပ်စစ်မီး လုံလောက်စွာမရရှိတဲ့ ပြဿနာကြုံတွေ့ နေရပေမယ့် ၂၀၂၄ ရေကြီးပြီး နောက်ပိုင်း လျှပ်စစ်မီးရရှိမှုဟာ တဖြည်းဖြည်းလျှော့နည်းလာပြီး တစ်ရက်လုံးမှာမှ ၃ နာရီခန့်သာ မီးရရှိတဲ့ ရပ်ကွက်လည်း ရှိတယ်လို့ သိရပါတယ်။
ဒီလို အခြေအနေတွေကြောင့် နောက်ဆက်တွဲအနေနဲ့ မြစ်ကြီးနားဒေသခံတွေအတွက် သောက်ရေသုံးရေခက်ခဲမှုတွေ၊ လျှပ်စစ်ပစ္စည်းတွေ ဖြစ်တဲ့ ဆက်သွယ်ရေးဖုန်းနဲ့ ဘတ္ထရီဆိုင်ကယ်တွေသုံးစွဲဖို့ထိ ခက်ခဲလာတာဘဲ ဖြစ်ပါတယ်။
ဒါကြောင့် လက်ရှိမြစ်ကြီးနားမြို့မှာ လျှပ်စစ်မီးမကြာခန ပြတ်တောက်မှုကြောင့် ဒေသခံပြည်သူတွေနဲ့ လုပ်ငန်းလုပ်ကိုင်သူတွေအပြင် လူမှုကယ်ဆယ်ရေး အဖွဲ့တွေအတွက် ဘယ်လို အခက်အခဲတွေ ကြုံတွေ့နေရလဲ ဆိုတာနဲ့ ပက်သက်ပြီး KNGကနေပြီးတော့ မေးမြန်းတင်ဆက်ထားပါတယ်။
မြစ်ကြီးနားမြို့က ကျောင်းဆရာမတစ်ဦး
“ဟိုတလောတုန်းက မီးမှိတ်တုပ်မှိတ်တုပ်နဲ့ ။မီးအားနည်းတဲ့အချိန်တုန်းကတော့ ဘာမလုပ်လို့မရဘူး မီးတောင်ထွန်းလို့မရဘူး။ ဒီမနက်တော့ မီးပြန်လာတယ် ၉ နာရီခွဲလောက်မှာ ပြန်သေသွားတယ် ခနဘဲ။ ကျွန်မတို့ရပ်ကွက်တော့ မီးသိပ်မလာဘူး။ ကျွန်မတို့ ကျောင်းဘက်မှာတော့ မီးက ပုံမှန်ပုံစံတော့ ဖြစ်တယ်။ ဒါပေမယ့် မနေ့ညကတော့ ကျွန်မတို့ကျောင်းဘက်မှာလည်း မီးက မှိတ်တုပ်မှိတ်တုပ်နဲ့ လာလိုက် ပြန်ပြတ်လိုက်နဲ့ မီးမမှန်ဘူးကွာ စိတ်တောင်ပျက်တယ်”
လူမှုကယ်ဆယ်ရေးအသင်းက အဖွဲ့ဝင်အမျိုးသားတစ်ဦး
“ခက်တာက အဆက်အသွယ်ပေါ့ ဖုန်းတွေစကားပြောစက်တွေ အားတွေကုန်လာတော့ နားမကျန်းတဲ့သူတွေ အကူအညီတောင်းရင် ခက်ခဲလာတာပေါ့။ တစ်ခြားတစ်ခုကတော့ ကျွန်တော်တို့နဲ့ သွယ်ဝိုက်သောအားဖြင့် ဆက်စပ်တဲ့ အောက်ဆီဂျင်ပေါ့။ မြစ်ကြီးနားမြို့မှာ စက်ရုံလည်ပတ်တာက နှစ်ခုဘဲ ဖြစ်နေတယ်။ အခုမီးတွေ မမှန်တော့ အောက်ဆီဂျင်ပြတ်နေတဲ့ အဆင့်ဖြစ်နေတယ်။ အောက်ဆီဂျင်တွေမဖြည့်နိုင်ဘူး ဖြစ်နေတာ မီးပုံမှန်မလာတော့ အောက်ဆီဂျင်တွေ အရမ်းခက်နေတယ်”
မြစ်ကြီးနားဒေသခံ လူငယ်အမျိုးသမီး
“ကျွန်မတို့က ဘက်ထရီဆိုင်ကယ်မောင်းတယ်လေ ဒီတလောက ဆီဈေးကြီးတဲ့အတွက်။ ဘက်ထရီဆိုင်ကယ် အားမရှိတော့ ကိုယ်သွားချင်တဲ့ဘက်လည်း မသွားနိုင်တော့ဘူးလေ။ ဖုန်းကလည်း မရဘူးကော အားမရှိတော့။ ပြီးတော့ ကျွန်မတို့က ရေတွင်း ရေဘုံဘိုင်တွေမသုံးဘဲ မော်တာဘဲသုံးတော့ ရေပြန်တင်လို့မရတော့ ဟိုနေ့ကဆိုရင် သူများအိမ်က ရေတွင်းမှာ တစ်နေကုန်ရေပြန်သွားခပ်ရတယ်။ ချက်ပြုပ်စားသောက်တဲ့အခါ သုံးတဲ့ ရေတွေလည်း အဲလိုဖြစ်သွားတော့ ခက်တယ်လေ လုပ်ရတာက ပြီးတော့ အိမ်သာရေတွေလည်း မရှိတော့ဘူး ဖြစ်သွားတော့ အရမ်းခက်တယ်”
မြစ်ကြီးနား ဒေသခံ လူငယ်အမျိုးသားတစ်ဦး
“ပိုခက်လာတဲ့ဘက်ကို ရောက်လာတာပေါ့။ ကျွန်တော်တို့အတွက်တော့ ပုံမှန်လို ဖြစ်သွားပြီ။ လုပ်ငန်းကြီး လုပ်တဲ့သူတွေကတော့ မီးစက်နဲ့ဘဲ ဖြစ်သွားကြပြီ။ အလူမီနီယမ် လုပ်တဲ့သူတွေနဲ့ သံဗန်းလုပ်တဲ့ သူတွေအတွက်က ခက်တယ်လေ။ မကိုက်ဘူးလေ မီးစက်နဲ့ လုပ်ရင်က။ မြစ်ကြီးနားမှာက ဓာတ်ဆီနဲ့ ဒီဇယ်ဆီက တစ်ဂါလံကို သုံးသောင်းသုံးထောင် ဝန်းကျင်လောက် ဖြစ်နေတော့”
မြစ်ကြီးနားဒေသခံ မိခင်တစ်ဦး
“မီးလာတဲ့အချိန်က ညဆိုရင် မီးထွန်းနိုင်တယ် အားတွေသွင်းလို့ရတယ် ဒါပါဘဲ တခြား မီးအားအသုံးပြုရတဲ့ ချက်ပြုတ်တာတွေ ရေတင်တာတွေက အရမ်းအဆင်မပြေဘူး။ အရမ်းဒုက္ခရောက်တယ် လျှပ်စစ်မီးက ရသလိုလို မရသလိုလို ပိုက်ဆံရှိတဲ့သူတွေက ဆိုလာပြားသုံးနေကြပြီ။ ကျွန်မတို့က အဲလိုလုပ်နိုင်ဖို့ ငွေကြေးမတက်နိုင်တော့ ခက်နေတာပေါ့။ မီးကလာရင်တောင်အားမရှိတော့ ဘာမှလုပ်လို့မရဘူး တခြားဟာမရရင်တောင် ရေမော်တာ ဘဲဖြစ်ဖြစ်တင်နိုင်ရင်တော့ အဆင်ပြေမှာ”
By – Hope