မြစ်ကြီးနား-မန္တလေးလမ်းမကြီးတစ်နေရာ လေကြောင်းတိုက်ခိုက်ခံရ
စစ်ကိုင်း၊ ကောလင်းမြို့နယ် ဒိုးပင်ကျေးရွာအပိုင်းကို စစ်ကောင်စီတပ်က မနေ့က ဇူလိုင်လ ၁၄ ရက်နေ့မှာပဲလေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးငယ်တစ်ဦးအပါအဝင် ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေကထုတ်ပြန်ထားကြပါတယ်။
ဒိုးပင်ကျေးရွာအပိုင်း မြစ်ကြီးနား–မန္တလေးလမ်းမကြီးတစ်နေရာမှာ လေကြောင်းတိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး ခရီးသွားတစ်ချို့ထိခိုက်ဒဏ်ရာရှိခဲ့သလို စက်သုံးဆီကား ၂ စီးနဲ့ ထမင်းဆိုင်တစ်ဆိုင်လည်း မီးလောင်ပျက်ဆီးသွားတယ်လို့သိရပါတယ်။
ဇူလိုင်လ ၁၄ ရက် မနေ့က ညနေပိုင်း ၅ နာရီဝန်းကျင်လောက်မှာတိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး တံတားဦးကတက်လာတဲ့ဂျက်ဖိုက်တာဖြစ်တယ်လို့Kawlin People Defense Force- KPDF ကသတင်းထုတ်ပြန်ထားပါတယ်။
“ကောလင်းနဲ့ထီးချိုင့်အစပ်ကပေါ့လေ။ ဒါပေမဲ့အဲ့ဒီရွာကကောလင်းနယ်ထဲက ရွာနာမည်ကဒိုးပင်ရွာလို့ခေါ်တယ်။ အမျိုးသား၂ ယောက်၊ အမျိုးသမီးတစ်ယောက်နဲ့ ကလေးတစ်ယောက်ဒဏ်ရာရသွားတယ်။ တစ်ယောက်ကတော့ဒဏ်ရာကပြင်းတယ်”လို့စစ်ကိုင်းနဲ့ကချင်အစပ်က ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကအတည်ပြုပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၅ ရက်နေ့ကလည်း မြစ်ကြီးနား–မန္တလေးလမ်းပိုင်း ကန့်ဘလူမြို့နယ်၊သီရိမွန်ကျေးရွာလမ်းဆုံကို စစ်ကောင်စီတပ်ကဂျက်ဖိုက်တာနှစ်စီးနဲ့ဗုံးသီး ၃ လုံးအသုံးပြုကြဲချတိုက်ခိုက်ခဲ့ပြီး အရပ်သား၂ဦးသေဆုံးခဲ့ရပါသေးတယ်။
အဲ့ဒီဖြစ်စဥ်ကြောင့် လမ်းခရီးနှောင့်နှေးမှုတွေလည်းရှိခဲ့သလို လေကြောင်းတိုက်ခိုက်ခံရတဲ့ သီရိမွန်ကျေးရွာလမ်းဆုံဟာ မြစ်ကြီးနား–မန္တလေးကားလမ်းရဲ့ ပေကြီးတောလမ်းရဲ့ လမ်းပိုင်းတစ်နေရာဖြစ်တယ်လို့ သိရပါတယ်။
ပေကြီးကွင်းလမ်းလို့လူသိများတဲ့ တောလမ်းဟာ ဒီရက်ပိုင်းအတွင်းမိုးရွာသွန်းမှုတွေကြောင့် လမ်းပိုင်းဆိုးရွားစွာပျက်ဆီးနေပြီး မြစ်ကြီးနား–မန္တလေးခရီးစဥ်ဟာ အနည်းဆုံး ၂ ညအိပ် ၃ ရက်နဲ့ ခရီးနှင်နေကြရတယ်လို့ကားသမားတွေကပြောပါတယ်။
မန္တလေး–မြစ်ကြီးနားလမ်းပိုင်းမှာရှိတဲ့ အင်းတော်မြို့ကိုကာကွယ်ရေးပူးပေါင်းတပ်တွေကမြို့သိမ်းတိုက်ပွဲဆင်နွှဲနေချိန်အတွင်း ၉ လကျော်အထိကွင်းလမ်းအသုံးပြုသွားလာခဲ့ကြရပါတယ်။
ဧပြီလ ၇ ရက်နေ့မှာတော့ အင်းတော်မြို့ကို ကာကွယ်ရေးပူးပေါင်းတပ်တွေအပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာကြောင့် ပြည်ထောင်စုလမ်းမကြီးကိုပုံမှန်အသုံးပြုလို့ရနိုင်မယ်လို့ဒေသခံတွေမျှော်လင့်ခဲ့ကြပေမဲ့ မိုင် ၄၀ ကျော်ရှိတဲ့ကွင်းလမ်းကိုသာဆက်လက် အသုံးပြုနေကြရတာဖြစ်ပါတယ်။
By – အမိုး



