သတင်း

မန္တလေး – မြစ်ကြီးနားကားလမ်းပိုင်းတိုက်ပွဲကြောင့် အဆင်းကားထောင်နဲ့ချီပိတ်မိနေ

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့သိမ်းတိုက်ပွဲပြီးနောက် မန္တလေးမြစ်ကြီးနားလမ်းပိုင်းက ပိတ်ဆို့ထားတဲ့နေရာကို စစ်ကောင်စီကရုတ်တရက်ဖွင့်ပေးခဲ့ပေမဲ့ လမ်းပိုင်းနှစ်ဖက်တိုက်ပွဲတွေအကြား အဆင်းကားထောင်နဲ့ချီပိတ်မိနေတယ်လို့ ကားသမားတွေကပြောပါတယ်။

၂၀၂၄ခုနှစ် ဩဂုတ်လကစတင်တဲ့ အင်းတော်မြို့သိမ်းစစ်ဆင်ရေးကြောင့် ကာကွယ်ရေးပူးပေါင်းတပ်တွေဟာ မန္တလေးမြစ်ကြီးနားလမ်းပိုင်းကိုသွားလာခွင့်ကန့်သတ်ခဲ့ပြီးပေကြီးကွင်းလမ်းလို့သိကြတဲ့ မိုင် ၄၀ ကျော်ရှိတဲ့ကွင်းလမ်းကိုကားသမားတွေအသုံးပြုခဲ့ရတာဖြစ်ပါတယ်။

ဒီနှစ် ၂၀၂၅ ခုနှစ် ဧပြီလ ၇ ရက်နေ့မှာတော့ အင်းတော်မြို့ကိုကာကွယ်ရေးပူးပေါင်းတပ်တွေသိမ်းပိုက်ခဲ့တဲ့နောက် မန္တလေးမြစ်ကြီးနားဗျူဟာလမ်းပိုင်းအသုံးပြုနိုင်မယ်လို့မျှော်လင့်ခဲ့ကြပေမဲ့ စစ်ကောင်စီက ကန့်ဘလူမြို့နယ်တစ်နေရာကနေပိတ်ထားခဲ့ပြန်ပြီး ကွင်းလမ်းကိုသာဆက်လက်အသုံးပြုခဲ့ရတာပါ။

ဒါပေမဲ့ ဒီလ ဩဂုတ် ၂၃ ရက်နေ့မှာ စစ်ကောင်စီကပိတ်ထားတဲ့ မန္တလေးမြစ်ကြီးနားလမ်းပိုင်းတစ်နေရာကိုပြန်ဖွင့်ပေးခဲ့တာဖြစ်ပါတယ်။

ကားသမားတစ်ယောက်ကကွင်းလမ်းကတော့သွားစရာမလိုတော့ဘူး။ မန္တလေးမြစ်ကြီးနားတော့သွားလို့ရတယ်။ စစ်တပ်ဘက်က ဒဲ့လွှတ်နေတာပေါ့နော်။ မြစ်ကြီးနားကနေ မန္တလေးအဆင်းကိုတော့ပိတ်ထားတယ်လို့ပြောပါတယ်။

ဩဂုတ်လ ၂၃ ရက်နေ့ကစလို့ မန္တလေးမြစ်ကြီးနားလမ်းပိုင်း ကန့်ဘလူမြို့နယ်တွင် စစ်တပ်က အင်အား ၃၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးနေပြီး နှစ်ဖက်ထိတွေ့တိုက်ပွဲတွေဖြစ်နေတာကြောင့် အဆင်းကားတွေပိတ်မိနေတယ်လို့သိရပါတယ်။

ဒါ့အပြင် မန္တလေးမြစ်ကြီးနားလမ်းပိုင်းကန့်ဘလူမြို့နယ်ကျီကျင်းကျေးရွာအနီးက နှစ်ဖက်တိုက်ပွဲအကြား ကားသမား၂ယောက်သေဆုံးခဲ့ရသေးတယ်လို့ကားသမားတွေကပြောပါတယ်။

လမ်းပိုင်းမှာလည်းတိုက်ပွဲတွေဖြစ်ရင်းကားသမားတွေထိတာလည်းရှိတယ်။ အခုလောလောဆယ်တော့တိုက်ပွဲတွေဖြစ်တယ်။ ဘယ်ဘက်ကဘယ်နေရာကိုထိန်းချုပ်ထားတယ်ဆိုတာတော့ဒီရက်ပိုင်းတော့သိရအုံးမှာမဟုတ်ဘူး။ အဆင်းကားပိတ်ထားတာကတော့ကာကွယ်ရေးတပ်တွေလို့ပြောတယ်လို့အထက်ပါကားသမားကဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းမှာတော့ မန္တလေးမြစ်ကြီးနားလမ်းပိုင်းမှာ မိုးဆက်တိုက်ရွာသွန်းမှုတွေကြောင့် ကွင်းလမ်းအသုံးပြုခဲ့ရတဲ့ကားသမားတွေဟာ ဧရာဝတီမြစ်ကိုဇက်ကူးပြီးဖြတ်သန်းခဲ့ကြရတာဖြစ်ပါတယ်။

ဒါပေမဲ့ ဒီရက်ပိုင်းအတွင်းမှာတော့ နှစ်ဖက်တိုက်ပွဲတွေကြောင့် တစ်ချို့ဇက်ကူးတဲ့ဆိပ်တွေပိတ်ထားရပြီး အင်းရွာ၊ကလုံရွာတစ်ဝှိုက်ကနေတော့ ဇက်ကူးလို့ရတယ်လို့သိရပါတယ်။

ဇက်ကူးတဲ့လမ်းပိုင်းကိုအသုံးပြုမယ်ဆိုရင် ခရီးစရိတ်ကပုံမှန်ထက် ကျပ် ၁၀ သိန်းပိုကုန်ကျပြီး ကုန်ကားကြီးတွေနဲ့ခရီးသွားကားကြီးတွေကတော့ အဆိုပါဇာတ်ကူးရတဲ့လမ်းပိုင်းကိုအသုံးပြုလို့မရဘူးလို့ပြောပါတယ်။

By – အမိုး

Show More

Related Articles

Back to top button