စစ်ရေးအရှိန်ပိုပြင်းထန်လာတဲ့ ဖားကန့်ဒေသ ဘယ်လိုဆက်ဖြစ်လာနိုင်မလဲ
စစ်တပ်အာဏာပြန်ရဖို့ အပြင်းထန်ကြိုးပမ်းနေတဲ့ ကချင်ပြည်နယ်ရဲ့ အဖိုးတန်ကျောက်စိမ်းထွက်ရှိရာ ဖားကန့်ဒေသမှာ စစ်တပ်က အင်အားထောင်ချီဖြည့်တင်းနေရာယူလိုက်ပြီးနောက် ဖားကန့်ပြည်သူတွေကြား စစ်ရေးစိုးရိမ်မှုဟာ တစ်ထစ်တိုးလို့လာပါတယ်။
လတ်တလော ဖားကန့်ဒေသထဲကို ဝင်ရောက်ထားတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းတွေဟာ လက်လွတ်လိုက်ရတဲ့နေရာတစ်ချို့ပြန်ရဖို့နဲ့ စစ်ရေးအရ အရေးပါတဲ့ လမ်းကြောင်းတွေကိုထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အပြင် ကားမိုင်း – နန့်ယား ဖားကန့်လမ်းပိုင်း လမ်းကြောင်းတစ်လျှောက်လည်း နေရာယူထားတာဖြစ်ပါတယ်။
ဒီစစ်ကြောင်းတွေက ပြီးခဲ့တဲ့ ဧပြီလကစလို့ ဩဂုတ်လထိ စစ်ကြောင်း ၄ ကြိမ်တိတိ ထိုးစစ်ဆင်ဝင်ရောက်လာခဲ့ကြတာဖြစ်ပြီး ဝင်ရောက်တဲ့နေရာတွေမှာ တပ်ချနေရာယူထားကြတာလည်းဖြစ်ပါတယ်။
ဖားကန့်ဒေသဟာ ကချင်ပြည်နယ်ထဲမှာ ဗန်းမော်ပြီးရင် တိုက်ပွဲအရှိန်ကြာမြင့်လာတဲ့ ဒုတိယမြို့နယ်အဖြစ် ရပ်တည်လာနေပါတယ်။
စစ်တပ်အနေနဲ့ ခုလိုဖားကန့်ဒေသဘက်ထိုးစစ်ဆင်တိုက်ခိုက်လာတာဟာ ဒီဇင်ဘာလရွေးကောက်ပွဲကျင်းပနိုင်ဖို့အတွက် ပြင်ဆင်ဖို့၊ စစ်တပ်အာဏာသိမ်းပြီး ပျက်စီးသွားတဲ့ အုပ်ချုပ်ရေးယန္တရားတွေပြန်လည်တည်ဆောက်ဖို့၊ လက်လွတ်လိုက်ရတဲ့ နေရာတွေကို ပြန်ရဖို့အပါအဝင် KIO/KIA ရရှိနေတဲ့ အခွန်ဝင်ငွေတွေကိုဖြတ်တောက်ပေးဖို့ဖြစ်တယ်လို့ ပြည်သူတွေအကြား သုံးသပ်နေကြပါတယ်။
“ဖားကန့်က ပြီးခဲ့တဲ့ တစ်နှစ်လောက်အထိ KIO အစိုးရရဲ့ ပုံဆောင်အောက်မှာပဲရှိခဲ့တယ်။ စစ်တပ်က ရှိတယ်ဆိုရင်တောင် တပ်ပြင်တောင်မထွက်နိုင်ဘူး။ အခုက အဲထက်ပိုသွားမယ်ပေါ့။ မြို့ကို စစ်တပ်က ထိန်းချုပ်နိုင်ရင် ရွာတွေကိုတော့ KIA ပြန်ထိန်းချုပ်မှာပဲ။အဓိကတော့ ရွေးကောက်ပွဲကို ဦးတည်လိမ့်မယ်။ ပြီးရင် လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ရွေးမယ်။ ဖားကန့်ရဲ့ ကျောက်မျက်လုပ်ငန်းတွေကို အထိုက်အလျှောက် ထိန်းချုပ်လာမယ်။ သဘောက ဥပဒေပြုလမ်းကြောင်းကနေ သွားမယ်ပေါ့။ တရားဝင်အစိုးရပုံစံနဲ့ သွားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ မြင်ပါတယ်”လို့ ဖားကန့်ပြည်သူ အမျိုးသားတစ်ဦးက အခုလို သုံးသပ်ပါတယ်။
ဖားကန့်ဒေသခံပြည်သူတွေရဲ့ ပြောဆိုချက်အရ ပြီးခဲ့တဲ့၂၀၂၄ ဧပြီလထဲကနေ ဖားကန့်မြို့နယ်တစ်ခုလုံးနီးပါးကို KIO/KIA အစိုးရရဲ့ အုပ်ချုပ်ယန္တရားဖော်ဆောင်လိုက်နိုင်ပြီး ယခင် အမျိုးသားညီညွှတ်ရေးအစိုးရ NLD လက်ထပ်မှာ ဖွဲ့စည်းထားတဲ့ အုပ်ချုပ်ရေးယန္တရားတွေ အားလုံးပျက်စီးသွားတယ်လို့လည်း ဆိုပါတယ်။
ဒါကြောင့် လက်ရှိမှာ စစ်တပ်က အုပ်ချုပ်ရေးယန္တရားယားတွေ ပြန်လည်ပတ်ဖို့ စစ်အင်အားဖြည့်တင်းပြီး စစ်ကြောင်းထိုးထားသလို တစ်ဖက်မှာ အုပ်ချုပ်ရေးဆိုင်ရာ ဌာနအသီးသီးက တာဝန်ရှိသူတွေကို ခေါ်ယူပြီး မြစ်ကြီးနားမြို့မှာ တဖန်မွမ်းမံသင်တန်းတွေ ပြန်လည်ပို့ချပေးတာတွေလည်းလုပ်နေတယ်လို့ ဖားကန့်ဒေသခံတွေပြောပါတယ်။
အဲဒီထဲမှာ လူဝင်ကြီးကြပ်ရေးဌာန (လဝက)၊ ထွေအုပ်၊ ပညာရေးဝန်ထမ်း၊ ပြန်ဆက် နဲ့ စီမံကိန်းဌာနတွေ အားလုံးပါဝင်တယ်လို့ သိရပါတယ်။
ဒါကြောင့် စစ်တပ်ဟာ စစ်အင်အားအလုံးအရင်းနဲ့ ဖြည့်တင်းပြီး စစ်ရေးအပြင် လုံခြုံရေးအတွက် ဖားကန့်ဒေသကို ထိန်းချုပ်ဖို့ လုပ်ဆောင်နေတာမြင်တွေ့ရပါတယ်။
ပြီးခဲ့တဲ့ မေလနဲ့ ဇူလိုင်လထဲမှာ စစ်ကြောင်းထိုးလာတဲ့ ပထမ စစ်ကြောင်း နဲ့ ဒုတိယစစ်ကြောင်းတွေက ဖားကန့် ကျောက်စိမ်းမှော်ထဲက မှော်ဆီစာ၊ ဆွတ်ဘွမ့်(အမှိုက်ပုံ) ၊ ရှရော်ခ၊ မှော်ဝမ်းကြီး၊ မှော်ဝမ်းကလေး၊ အင်မိုင်းယန်နဲ့ မော်မောလယန် စတဲ့ ကျေးရွာတွေမှာ ဝင်ရောက်နေရာယူထားကြပြီး KIA တပ်နဲ့ တိုက်ပွဲဖြစ်နေတာ ၃ လခန့်ကြာမြင့်လာပြီဖြစ်ပါတယ်။
အဲဒီစစ်ကြောင်းတွေဟာ ဖားကန့်ထဲကို ဝင်ရောက်လာချိန် ကျောက်စိမ်းမှော်အသီးသီးမှာရှိတဲ့ ကျောက်စိမ်းလုပ်ငန်းရှင်တွေရဲ့ စက်ယန္တရားတွေကို မီးရှို့ဖျက်ဆီးတာတွေ၊ ယမ်းဂိုဒေါင်ဖောက်ခွဲဖျက်ဆီးတာတွေ၊ အရပ်သားတွေကို လူသားဒိုင်းပြုလုပ်ပြီး ပစ်သတ်ကျူးလွန်တာတွေ ဆက်တိုက်လုပ်ဆောင်ခဲ့ပါတယ်။
နောက်ထပ် ဩဂုတ်လ ဆန်းပိုင်းအတွင်းမှာပဲ စစ်အင်အား ၃၀၀ နဲ့ ၅၀၀ ရှိတဲ့ စစ်ကြောင်း၊ ၁၅ ရက်နေ့နောက်ပိုင်း ၃၀၀ လောက်ရှိတဲ့ စစ်ကြောင်း ၊ စစ်ကြောင်း နှစ်ခု တပြိုင်နက် ပြန်လည်ထိုးစစ်ဆင်လာခဲ့ပါတယ်။
အခု ဩဂုတ်လထဲမှာ ထပ်မံတက်လာတဲ့ စစ်ကြောင်း နှစ်ကြောင်းက လက်ရှိမှာ ကားမိုင်း – နန့်ယား တစ်လျှောက်ရှိ ကျေးရွာအသီးသီးမှာ ဝင်ရောက်နေရာယူထားပြီးတော့ စစ်အင်အားတစ်ချို့က ဖားကန့်ထဲကို နေ့တိုင်းလိုလို လမ်းထောက်ပြီး ဖြည်းဖြည်းချင်းဝင်ရောက်နေတာဖြစ်ပါတယ်။
စစ်တပ်ရဲ့ စစ်အင်အား ထောင်ချီ ရှိတဲ့ စစ်ကြောင်းတွေကို KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ လမ်းကြောင်းမှာ ခုခံတိုက်ခိုက်တာတွေရှိပေမယ့် အင်အားမမျှတဲ့အတွက် ဟန့်တားနိုင်ခြင်းမရှိဘဲ ကျော်ဖြတ်နိုင်ခဲ့ကြတာဖြစ်ပါတယ်။
ဒါကြောင့် ကားမိုင်း – နန့်ယား ဖားကန့်လမ်းကို အသုံးပြုပြီး စစ်ကောင်စီတပ်တွေ ဖားကန့်လမ်းပိုင်းအပြင် ဖားကန့်ထဲအထိ ဝင်ရောက်နေရာယူလိုက်တာကြောင့် KIA နဲ့တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နေရာတွေကို ပြန်လည် လက်လွတ်လိုက်မလားဆိုပြီး ပြည်သူတွေ မေးခွန်းထုတ်နေကြတာလည်းဖြစ်ပါတယ်။
စစ်တပ်ဟာ ဖားကန့်ကို စစ်အင်အားဖြည့်တင်းတဲ့အခါမှာလည်း စစ်တပ်က ၁၂ ဘီးကား၊ အိမ်စီးကားတွေအသုံးပြုပြီး စစ်အင်အားအပါ စစ်ရိက္ခာတွေကို တင်ဆောင်ပြီး ခြေလျင်နဲ့ ထိုးတက်လာခဲ့ကြတာဖြစ်ပါတယ်။
စစ်တပ်ရဲ့ တန်ပြန်ထိုးစစ်မှာ များသောအားဖြင့် စစ်တပ် လက်အောက် ပြည်သူ့စစ်အဖွဲ့တွေသာ များပြားပြီး မိုင်းညှင်း၊ မိုးကောင်း၊ ဝါရာဇွပ် စတဲ့ ဒေသက ရှမ်းနီအမည်ခံ SNA တပ်နဲ့ မင်းဇေသန့်ပြည်သူ့စစ် အများဆုံးပါဝင်တယ်လို့ သိရပါတယ်။
မေလ နဲ့ ဇူလိုင် ပထမအကြိမ်နဲ့ ဒုတိယအကြိမ် စစ်ကြောင်းတက်လာချိန် ကားမိုင်း – နန့်ယား ဖားကန့်လမ်းပေါ် ရှိ ကျေးရွာတွေမှာ စစ်တပ်က ဝင်ရောက်နေရာယူတာမျိုးမရှိဘဲ ဖားကန့်အထိ စစ်ကြောင်းရောက်သွားနိုင်ခဲ့ပြီး ယခုဩဂုတ်လထဲမှာ တက်လာတဲ့ စစ်ကြောင်းတွေက တစ်လျှောက်မှာ နေရာယူထားကြတာဖြစ်ပါတယ်။
ဒါကြောင့် လက်ရှိမှာ KIA ထိန်းချုပ်ထားတဲ့ ဖားကန့်လမ်းပိုင်းအားလုံးကို စစ်တပ်က ပြန်လည်း နေရာရယူလိုက်တဲ့ အနေအထားမှာရောက်သွားပြီး လမ်းပိုင်းကိုလည်း စစ်တပ်က ဖွင့်လိုက် ပိတ်လိုက်တဲ့ ထိန်းချုပ်ထားတာဖြစ်ပါတယ်။
အခုလို ဖားကန့်ဒေသကို ပြန်လည်ထိန်းချုပ်ဖို့ စစ်တပ်က လက်အောက်ခံဖြစ်တဲ့ ပြည်သူ့စစ်အဖွဲ့တွေကို အင်အားစုဆောင်ပြီး ထိုးစစ်ဆင်တိုက်ခိုက်နေသလို တစ်ဖက်မှာ ထိန်းချုပ်ထားတဲ့ နေရာတစ်ချို့ကို ပြန်လည်လက်လွတ်လိုက်ရတဲ့ KIA အနေနဲ့လည်း စစ်ရှိုန်မြင့်တင့်ပြီး တိုက်ခိုက်လာပါက ဖားကန့်ဟာ ကြီးမားတဲ့ တိုက်ပွဲနယ်မြေ ဖြစ်လာဖွယ်ရှိတယ်လို့ နောက်ထပ် ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက အခုလို သုံးသပ်ပြောဆိုထားပါတယ်။
“ကျနော်တို့ ပြည်သူအမြင်နဲ့ပြောရမယ်ဆိုရင် သလောက်အင်အားကြီးတဲ့ စစ်ကြောင်းဝင်ရောက်လာတယ်ဆိုကတည်းက အခုထက်ပိုပြီး တိုက်ပွဲတွေ ပိုဖြစ်လာမယ်လို့ပဲထင်ပါတယ်။ ပြီးရင် စိုးရိမ်စိတ်တွေလည်း အများကြီးရှိပါတယ်။ ဒါကြောင့် တိမ်းရှောင်သွားကြတဲ့ ပြည်သူတွေလည်း အများကြီးရှိသွားပြီ။ အရင်က စစ်တပ်နဲ့ KIA နှစ်ဖွဲ့တည်းဖြစ်နေတာမဟုတ်ဘူးလေ။ စစ်တပ်ကလည်း သူ့ရဲ့အပေါင်းဖော်တွေနဲ့ တိုက်တယ်။ ဒီလိုပဲ KIA ကလည်း ပူးပေါင်းတပ်တွေနဲ့ ချတယ်။ ဒီအခြေနေကို ကြည့်ရင် နှစ်ဖက်စလုံးက အဖြေတစ်ခုခုမရတရွေ့က အပြန်အလှန် ဖြစ်နေပမယ့် အခြေအနေရှိတယ်”လို့ပြောပါတယ်။
ဒါကြောင့် ဖားကန့်ဒေသမှာ ဖြစ်ပွားနေတဲ့ စစ်ရေးအခြေအနေဟာ စစ်တပ်နဲ့ KIA လက်နက်ကိုင် အစိုးရနှစ်ခုရဲ့ သယံဇာတခွဲဝေရေးပြဿနာ ခေါင်းစဉ်အောက်မှာ စစ်ရေးဖြစ်ပေါ်နေတာကြောင့် စစ်ရှိုန်ပိုပြီး မြင့်မားလာနိုင်တယ်လို့ ဆက်ပြီးသုံးသပ်ထားပါတယ်။
ပြီးခဲ့တဲ့ ဧပြီလအတွင်းကနေ စတင်ဖြစ်ပွားလာတဲ့ ဖားကန့်စစ်ရေးဟာ ယခုဆိုရင် ၄ လထဲရောက်လာနေပြီး တိုက်ပွဲကာလကြာမြင့်လာတာနဲ့အညီ တစ်ဖက်မှာ အရပ်သားပြည်သူတွေ သေဆုံးမှုတွေလည်း ပိုပြီး မြင့်တက်လာနေပါတယ်။
ယခုဩဂုတ်လအတွင်းမှာပဲ စစ်ကြောင်းဝင်ရောက်လာချိန် လမ်းကြောင်းမှာ အကြောင်းမဲ့ ပစ်သတ်ခံရတဲ့ ဖြစ်စဉ်၊ တိုက်ပွဲဖြစ်ပွားတဲ့ နေရာဘက်ကို ဦးတည်ပြီး ဖားကန့်ဗျူဟာကုန်းနဲ့ ကံဆီ စစ်တပ်ကုန်းကနေ ပစ်လိုက်တဲ့ လက်နက်ကြီးတွေကြောင့် အရပ်သားသေဆုံးသူ ၁၀ ဦးကျော်အထိ ရှိလာပြီး ထိခိုက်ဒဏ်ရာရရှိသူ ၃၀ ကျော်ထက်မနည်းရှိလာပြီဖြစ်ပါတယ်။
ဖားကန့်ဒေသမှာ စစ်ကောင်စီတပ် ဝင်ရောက်လာတဲ့ မေလကတည်းကနေ ယခု ဩဂုတ်လအထိ စစ်ကြောင်းဝင်ရောက်လာချိန် လူသားဒိုင်းဖမ်းဆီးခံရပြီး ပစ်သတ်ခံရသူ၊ စစ်ကြောင်းဝင်ရောက်သွားတဲ့ နေရာတွေမှာ အကြောင်းမဲ့ ပစ်သတ်ခံရတဲ့ဖြစ်စဉ်၊ တိုက်ပွဲအတွင်းက လက်နက်ကြီးကြောင့် သေဆုံးသွားတဲ့ဖြစ်စဉ်၊ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် သေဆုံးသွားတဲ့ ဖြစ်စဉ်တွေကြောင့် အရပ်သားပြည်သူတွေ အကြောင်းမဲ့သေဆုံးတာတွေ ဖြစ်ပေါ်နေတာလည်းဖြစ်ပါတယ်။
အလားတူ ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော်အဖြစ် တည်ရှိနေတဲ့ တရုတ်နယ်စပ်နဲ့ မိုင် ၄၀ အကွာမှာရှိတဲ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲကလည်း ယခုဩဂုတ်လအတွင်းမှာ ပြန်ပြီး တိုက်ပွဲပြင်းထန်နေပါတယ်။
ဗန်းမော်တိုက်ပွဲဆိုရင်လည်း ကချင်ပြည်နယ်ရဲ့ မြို့သိမ်းတိုက်ပွဲအဖြစ် ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလဆန်းပိုင်းကနေ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိုးစစ်ဆင်တိုက်ပွဲဖော်ဆောင်လိုက်တာဖြစ်ပြီး ယခုဆိုရင် တိုက်ပွဲကာလ ၉ လခန့်ကြာမြင့်လာပြီဖြစ်ပါတယ်။
By – နော်ထွယ့်(ဟူးကောင့်)



