သတင်း

မြစ်ကြီးနားမြို့ ကိုယ်ပိုင်ကျောင်းတွေကိုငွေညှစ်ပြီး ဗုံးခွဲတာခပ်စိပ်စိပ်လုပ်လာ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ရှိတဲ့ ကိုယ်ပိုင်ကျောင်းတွေကို ငွေညှစ် ပြီး ဗုံးခွဲတိုက်ခိုက်တာတွေ ခပ်စိပ်စိပ်လုပ်လာတယ်လို့ မြစ်ကြီးနား ဒေသခံတွေဆီကနေ သိရပါတယ်။

ဗုံးခွဲတိုက်ခိုက်မှု မပြုလုပ်သေးခင် ငွေတောင်းတဲ့ ခြိမ်းခြောက်စာအရင်ပို့ပြီး နောက်တစ်ဆင့်အနေနဲ့ကတော့ ကျောင်းအနီးနား ပတ်ဝန်းကျင်မှာ ဗုံးခွဲပြတာမျိုးတွေကို ပြုလုပ်လေ့ရှိတာဖြစ်ပါတယ်။

လက်ရှိချိန်ထိ ဗုံးခွဲတိုက်ခိုက်ခံရတဲ့ကျောင်းတွေဟာ ပြည်ဟိန်း၊ IELTS ALL STAR စတဲ့ ကျောင်းတွေ ဖြစ်တယ်လို့ သိရပြီးကိုယ်ပိုင်‌ကျောင်းတွေ တိုက်ခိုက်ခံရမှုအပေါ် အမည်မဖော်လိုတဲ့ ဆရာမတစ်ဦး ခုလိုဆိုပါတယ်။

ကျွန်မတို့ ဒီကျောင်းတွေကကျတော့ မပေးရင်လည်း မရဘူးလေ ဘာကြောင့်လဲဆိုတော့ ကျောင်းသူကျောင်းသားတွေနဲ့ နေရတဲ့အချိန်ကြတော့ သူတို့ရဲ့ကိစ္စဝစ္စမှန်သမျှကို တာဝန်ယူထားရတာဆိုတော့ သူတို့လည်း ကျောင်းတွေကို ခြိမ်းခြောက်ရင်ရတယ်ဆိုတဲ့ အတွေးကြောင့် လုပ်တယ်လို့ ထင်တယ်လို့ပြောပါတယ်။

ဗုံးခွဲတိုက်ခိုက်မှုကြောင့် ကျောင်းဆောင်တွေနဲ့အနီးပတ်ဝန်းကျင်အုတ်တံတိုင်းတွေမှာ အနည်းငယ် ပျက်စီးသွားတာတွေ ရှိပေမယ့် လူထိခိုက်သေဆုံးမှုတွေတော့ မရှိသေးဘူးလို့ သိရပါတယ်။ 

ဒီလိုငွေညှစ် နေတဲ့အဖွဲ့ဟာ မြစ်ကြီးနား PDFလို့ အမည်ခံထားသူတွေဖြစ်တဲ့အတွက် မြစ်ကြီးနားမြို့ မှာလှုပ်ရှားနေတဲ့ NBPDFရဲ့ တာဝန်ခံ ကို ဆက်သွယ်မေးမြန်းကြည့်ရာ ခုလို ပြောပါတယ်။

ဒါကတော့ မသမာတဲ့သူပေါ့ဗျာ ဒီလိုတွေလုပ်တာပေါ့ ခြိမ်းခြောက်ပြီးမှ လုပ်တာဆိုတော့ ပြည်သူတွေကို သိစေချင်တာက PDFလည်း မဟုတ်ဘူး KIA လည်း မဟုတ်ဘူး ကျွန်တော်တို့ KG လည်း မဟုတ်ဘူးလို့ NBPDFရဲ့ တာဝန်ခံ ပြောပါတယ်။

ဒါပေမယ့် ပြည်သူတွေအနေနဲ့ ခြိမ်းခြောက်ငွေညှစ် တောင်းခံတာတွေကြုံလာပါက NBPDF အဖွဲ့ကို တိုင်တန်းနိုင်ကြောင်း သူကဆိုပါတယ်။

ခုလို ခြိမ်းခြောက်ငွေညှစ်မှုတွေဟာ ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ်လောက်ကနေ စတင်ဖြစ်ပွားခဲ့ပြီး NBPDFအဖွဲ့က ဖမ်းဆီးရမိသူတွေထဲမှာ ပြည်သူ့စစ်အဖွဲ့ဝင်တွေနဲ့ ထောင်ထဲကထွက်လာတဲ့ ခိုးဆိုးလုယက်သူတွေလည်း ပါဝင်‌နေတယ်လို့ သိရပါတယ်။

မြစ်ကြီးနားမြို့ပေါ်မှာ အရင်က လုပ်ငန်းရှင်တွေနဲ့ ဈေးဆိုင်တွေကိုသာ ခြိမ်းခြောက်ငွေညှစ် တာတွေ ရှိခဲ့ပေမယ့်လည်း လက်ရှိမှာတော့ စာသင်ကျောင်းတွေကိုပါ ငွေညစ် ဗုံးခွဲတဲ့အထိ အခြေနေဆိုးရွားလာ နေတာလည်း ဖြစ်ပါတယ်။

ခုလို အခြေအနေတွေကြောင့် ကျောင်းဆရာ/မတွေနဲ့ ကျောင်းသားမိဘတွေဟာ စိုးရိမ်ပူပန်နေကြရတာဘဲ ဖြစ်ပါတယ်။

 UN ကနေ ထုတ်ပြန်ထားတဲ့ (Child Rights Conventions) ကလေးသူငယ်အခွင့်အရေးနဲ့ပက်သက်ပြီးဖော်ပြထားတဲ့ အချက်တွေမှာ ဘယ်နေရာဒေသက ဖြစ်ဖြစ် ကလေးသူငယ်တွေကို အသားအရောင်၊ လူမျိုးရေးခွဲခြားဆက်ဆံမှုမရှိဘဲ ရသင့်ရထိုက်တဲ့ ပညာရေးနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ၊ ညှင်းပန်းနှိပ်စက်တွေ မရှိအောင် ကာကွယ်စောင့်ရှောက်မှုတွေ ရရှိရမယ်လို့ ရေးသားထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် ကလေးတွေအတွက် လုံခြုံစိတ်ချရတဲ့ ပတ်ဝန်းကျင်လည်း ရှိရမှာ ဖြစ်ပြီး အစိုးရအနေနဲ့ ကလေးတွေကို အကြမ်းဖက်မှုကနေ ကာကွယ်ပေးရမယ်ဆိုတဲ့ အချက်တွေလည်း ပါဝင်တာကို တွေ့ရပါတယ်။

By – Hope

Show More

Related Articles

Back to top button