ကသာမှာ သံခွန်သင်္ဘော၅စီး ဗန်းမော်ကိုဆန်တက်ဖို့ပြင်ဆင်နေ
စစ်ကိုင်းနဲ့ကချင်အစပ် ကသာမြို့နယ် သဖန်းကိုင်းဆိပ်ကမ်းတစ်ဝှိုက်မှာ သံခွန်သင်္ဘော ၅ စီး ဗန်းမော်မြို့ကိုဆန်တက်ဖို့အတွက်ပြင်ဆင်မှုတွေလုပ်နေတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၇ ရက်နေ့နဲ့ ၂၂ ရက်နေ့တွေမှာ မန္တလေးဂေါဝန်ဆိပ်ကမ်းကနေ–ကချင်ပြည်နယ်ဗန်းမော်မြို့အထိမြစ်ကြောင်းတစ်လျှောက်က စစ်ကောင်စီတပ်ရင်း၊တပ်ဖွဲ့တွေဆီ ရိက္ခာ၊ဆေးဝါး၊လူအင်အားအပါအဝင် လက်နက်ခဲယမ်းတွေကိုစစ်သင်္ဘောနဲ့သံခွန်သင်္ဘောအစီး ၂၀ ကျော်နဲ့ နှစ်သုတ်ခွဲပြီးတင်ပို့ခဲ့ပါတယ်။
အဲ့ဒီထဲက သံခွန်သင်္ဘောတစ်ချို့ဟာ ကသာမြို့ဆိပ်ကမ်းမှာရပ်နားထားခဲ့တာ ဒီနေ့အထိဖြစ်ပြီး ဒီရက်ပိုင်းအတွင်းမှာဘဲ ဗန်းမော်မြို့ဆီဆန်တက်ဖို့အတွက်ပြင်ဆင်နေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။
“အဲ့တုန်းက ၄ စီးကျန်ထားခဲ့တာ။ အဲ့တာကိုကသာအတွက်လိုအပ်လို့ချန်တယ်လို့ဘဲထင်တာ။ အခုကအဲ့လိုမဟုတ်ဘဲ ၄ စီးကို သဲအိတ်တွေတအားပြင်ဆင်နေကြတာ။ အဲ့တာကိုဗန်းမော်ကိုတက်ပြီးတော့မှကျန်တဲ့ပစ္စည်းတွေ နောက်ထပ် စစ်ကူတစ်ချို့တွေ ဗန်းမော်ကိုထပ်ပို့မယ်အဲ့လိုယူဆနေကြတယ်။ သတင်းကလည်းအဲ့လိုရနေတာ”လို့ပြောပါတယ်။
စစ်ကောင်စီက ဗန်းမော်မြို့ကိုဆန်တက်ဖို့အတွက် ကသာမြို့ဧရာဝတီမြစ်နံဘေးက အရပ်သားတွေဆီကသံခွန်တစ်စီးကိုချောဆွဲထားပြီးအထက်ကိုဆန်တက်ဖို့ပြင်ဆင်နေတဲ့သံခွန်သင်္ဘော ၅ စီးထိရှိပြီး ပြင်ဆင်နေတာတစ်ပတ်ဝန်းကျင်ရှိလာပြီလို့သိရပါတယ်။
“ဒီလအတွင်းလောက်ကိုအောက်ကိုစုန်ဆင်းမယ်လို့တော့ အဲ့လိုတော့သိထားရတယ်။ ရေကြောင်းကလည်း ကိုးလပိုင်းနောက်ပိုင်းဆိုရေကြောင်းကကြပ်ပြီဆိုတော့လေ။ ဒီလကိုစုန်ဆင်းမယ်လို့ကြားထားရတယ်”လို့အထက်ပါ ကာကွယ်ရေးတပ်ဖွဲ့ဝင်ကဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းမန္တလေးဂေါဝန်ဆိပ်ကမ်းကနေ ကချင်ပြည်နယ်ဗန်းမော်မြို့အထိစစ်သင်္ဘောတွေဆန်တက်ဖို့အတွက် စစ်ကောင်စီကရေလမ်းကြောင်းရှင်းပစ်ခတ်မှုတွေကြောင့် အရပ်သား ၃၁ ဦးသေဆုံးခဲ့ရတယ်လို့ဒေသခံတွေနဲ့မြစ်ကြောင်းအခြေနေစောင့်ကြည့်တဲ့ကာကွယ်ရေးတပ်တွေဆီကသိရပါတယ်။
ဒါ့အပြင် ကသာမြို့နယ် မိုးတားလေးတိုက်နယ်ကကျေးရွာတစ်ခုမှာတော့ စေတီပုထိုးတွေအပါအဝင် အဆော်ကအဦးများပျက်ဆီးခဲ့ရပြီး စစ်ကောင်စီကစစ်သင်္ဘောပေါ်ကနေလက်နက်ကြီးလက်နက်ငယ်တွေနဲ့ပစ်ခတ်သလိုY 12 အမျိုးအစားရဟတ်ယာဥ်တွေအပါအဝင်၊ ဂျက်ဖိုက်တာတွေအဓိကအသုံးပြုပစ်ခတ်ခဲ့တာဖြစ်ပါတယ်။
စစ်ကောင်စီရဲ့စစ်သင်္ဘောတွေကတော့ ပြီးခဲ့တဲ့ ဩဂုတ်လ ၁ ရက်နေ့ကပဲ ဗန်းမော်မြို့ကိုရောက်ရှိလာခဲ့ပြီး ဗန်းမော်မြို့အပါအဝင်ဆန်တက်လာတဲ့မြစ်ကြောင်းတစ်လျှောက်က ထီးချိုင့်၊ ကသာ၊ ရွှေကူမြို့တွေမှာပါလက်နက်ရိက္ခာနဲ့ လူအင်အားတချို့ဖြည့်တင်းနိုင်ခဲ့သလို ဗန်းမော်မြို့မှာ အဆိုပါစစ်သင်္ဘောတွေရောက်ပြီးနောက်တိုက်ပွဲတွေပိုပြီးပြင်းထန်နေတယ်လို့သိရပါတယ်။
စစ်ကောင်စီတပ်ဟာ အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတစ်ဝှမ်းစစ်ရေးပြင်းထန်လာတာနဲ့အမျှ ကုန်ကြောင်း၊လေကြောင်းတင်မက ရေကြောင်းကနေပါစစ်ရေးအတွက်အသုံးပြုလာတာဖြစ်ပြီး နှစ်စဥ်ဧရာဝတီမြစ်ကြောင်းအတိုင်းစစ်သင်္ဘောတွေဆန်တက်လေ့ရှိတာဖြစ်ပါတယ်။
By – အမိုး



