ဗန်းမော်ရောက် စစ်သင်္ဘောများ ပြန်စုန်ဆင်း
မြစ်ကမ်းနံဘေးနေထိုင်သူများစစ်ရေးသတိပြုကြဖို့ ကာကွယ်ရေးတပ်ဖွဲ့တွေတိုက်တွန်း
ကချင်ပြည်နယ် ဗန်းမော်ကို ရောက်ရှိနေတဲ့စစ်သင်္ဘောတွေ ဧရာဝတီမြစ်ကြောင်းအတိုင်း စက်တင်ဘာလ ၅ ရက်နေ့ ဒီကနေ့မနက်ပိုင်းမှာပဲ ပြန်စုန်ဆင်းသွားပြီလို့စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။
စုစုပေါင်းစစ်သင်္ဘော ၆ စီးလို့သိရပြီး ဒီစုန်ဆင်းလာတဲ့ စစ်သင်္ဘောတွေဟာ ပြီးခဲ့တဲ့ဩဂုတ်လ ၁ ရက်နေ့ကပဲ ဗန်းမော်မြို့ကို ရိက္ခာ၊ လက်နက်ခဲယမ်းနဲ့လူအင်အားတွေတင်ပို့ခဲ့တဲ့စစ်သင်္ဘောတွေပဲဖြစ်ပါတယ်။
“သင်္ဘောကတော့အကုန်လုံးစုန်တာပဲ။ လောလောဆယ်သိရတာတော့ ၆ စီးလို့သိရတယ်။ အခုလောက်ဆိုရင်တော့ ဗန်းမော်နယ်ကိုကျော်လောက်ပြီ။ အချိန်နဲ့တပြေးညီသိဖို့ကတော့ခက်ခဲနေပါတယ်”လို့ KIA ရှေ့တန်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။
စစ်ကောင်စီတပ်ဟာ အခုလို စစ်သင်္ဘောတွေစုန်၊ ဆန်တဲ့အခါမှာ လမ်းကြောင်းရှင်းဖို့ မြစ်ကမ်းနဘေးကျေးရွာတွေကိုလေကြောင်းတိုက်ခိုက်တာ၊ လက်နက်ကြီးပစ်ခတ်တာတွေလုပ်လေ့ရှိတဲ့အတွက် မြစ်ကမ်းနဘေးနေထိုင်သူတွေအနေနဲ့အထူးဂရုစိုက်ကြဖို့တိုက်တွန်းလိုက်ပါတယ်။
တစ်ဖက်မှာ ဒီရက်ပိုင်းအတွင်း ကသာမြို့မှာလည်း သံခွန်သင်္ဘော ၅ စီးဟာ ဗန်းမော်မြို့ကိုဆန်တက်ဖို့အတွက် ဘန်ကာသဲအိတ်တွေအခိုင်အမာပြင်ဆင်မှုများပြုလုပ်နေပြီး အဲ့ဒီသံခွန်သင်္ဘောတွေဟာ ပြီးခဲ့တဲ့ဇူလိုင်လကဆန်တက်လာတဲ့ စစ်သင်္ဘောအုပ်စုထဲက သင်္ဘောတွေလို့စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၇ ရက်နေ့ နဲ့ ၂၂ ရက်နေ့တွေမှာ မန္တလေးဂေါဝန်ဆိပ်ကမ်းကနေ – ကချင်ပြည်နယ်ဗန်းမော်မြို့အထိမြစ်ကြောင်းတစ်လျှောက်က စစ်ကောင်စီတပ်ရင်း၊ တပ်ဖွဲ့တွေဆီ ရိက္ခာ၊ဆေးဝါး၊ လူအင်အားအပါအဝင် လက်နက်ခဲယမ်းတွေကိုစစ်သင်္ဘောနဲ့သံခွန်သင်္ဘောအစီး ၂၀ ကျော်နဲ့ နှစ်သုတ်ခွဲပြီးတင်ပို့ခဲ့တာပါ။
အဆိုပါစစ်သင်္ဘောတွေဗန်းမော်ကိုရောက်ပြီးတဲ့နောက်မှာပဲ မြို့သိမ်းတိုက်ပွဲဖြစ်နေတဲ့ ဗန်းမော်မြို့တွင်းမှာ KIA ပူးပေါင်းတပ်နဲ့စစ်ကောင်စီတပ်တွေအကြား နှစ်ဖက်တိုက်ပွဲတွေသိသိသာသာပြင်းထန်လာတာဒီနေ့အထိဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းမန္တလေးဂေါဝန်ဆိပ်ကမ်းကနေ ကချင်ပြည်နယ်ဗန်းမော်မြို့အထိစစ်သင်္ဘောတွေဆန်တက်ဖို့အတွက် စစ်ကောင်စီကရေလမ်းကြောင်းရှင်းပစ်ခတ်မှုတွေကြောင့် အရပ်သား၃၁ ဦးသေဆုံးခဲ့ရတယ်လို့ဒေသခံတွေနဲ့မြစ်ကြောင်းအခြေနေစောင့်ကြည့်တဲ့ကာကွယ်ရေးတပ်တွေဆီကသိရပါတယ်။
ဒါ့အပြင် ကသာမြို့နယ် မိုးတားလေးတိုက်နယ်ကကျေးရွာတစ်ခုမှာတော့ စေတီပုထိုးတွေအပါအဝင် အဆော်ကအဦးများပျက်ဆီးခဲ့ရပြီး စစ်ကောင်စီကစစ်သင်္ဘောပေါ်ကနေလက်နက်ကြီးလက်နက် ငယ်တွေနဲ့ပစ်ခတ်သလိုY 12 အမျိုးအစားရဟတ်ယာဥ်တွေအပါအဝင်၊ ဂျက်ဖိုက်တာတွေအဓိကအသုံးပြုပစ်ခတ်ခဲ့တာဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဟာ အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတစ်ဝှမ်းစစ်ရေးပြင်းထန်လာတာနဲ့အမျှ ကုန်ကြောင်း၊လေကြောင်းတင်မက ရေကြောင်းကနေပါစစ်ရေးအတွက်အသုံးပြုလာတာဖြစ်ပြီး နှစ်စဥ် ဧရာဝတီမြစ်ကြောင်းအတိုင်းစစ်သင်္ဘောတွေဆန်တက်လေ့ရှိတာဖြစ်ပါတယ်။
By – အမိုး



