မြစ်ကြီးနားမှာ လိုင်စင်မဲ့ယာဉ်ဖမ်းဆီးမှုကြောင့် ပြည်သူတွေ ပိုကြပ်တည်းနေ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ကား၊ဆိုင်ကယ်ဖမ်းဆီးတာကို ပြင်းပြင်းထန်ထန်လုပ်နေတဲ့အတွက် မြစ်ကြီးနားမြို့ပြည်သူတွေ သွားလာရေးပိုခက်လာတယ်လို့ ဒေသခံပြည်သူတွေ ပြောပါတယ်။
ခုဆိုရင် ကား၊ ဆိုင်ကယ်လိုင်စင်မဲ့ယာဉ်တွေဖမ်းဆီးနေတာ ၃ လဝန်းကျင်ရှိလာပြီး ဖမ်းဆီးမိတဲ့ ဆိုင်ကယ်တစ်စီးကို ကျပ်သုံးသောင်းကနေ ကျပ် ၅သိန်းဝန်းကျင်ထိ တစ်နေရာနဲ့ တစ်နေရာ မတူညီတဲ့ ပုံစံနဲ့ ကောက်ခံနေတယ်လို့ မြစ်ကြီးနားဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် ကားတွေကိုတော့ အနည်းဆုံး ကျပ်သိန်း ၅၀ထိ ဒဏ်ကျေးပေးဆောင်ခိုင်းတာဖြစ်ပြီး တချို့ ကောင်းတဲ့ကားအမျိုးအစားတွေကိုတော့ သိန်းရာနဲ့ချီ တောင်းခံတာမျိုးလည်း ရှိတယ်လို့ မြစ်ကြီးနားဒေသခံအမျိုးသားတစ်ဦး ခုလိုပြောပါတယ်။
“မလွယ်ပါဘူးကွာ အခုက သူတို့လက်ခုပ်ထဲကရေ သွန်ချင်သလိုသွန် မှောက်ချင်သလိုမှောက် မလွယ်ပါဘူး။ ကြားထဲ ကျွန်တော်တို့ ပြည်သူတွေဘဲ ခံရတာ။ ဆိုင်ကယ်တွေ ဖမ်းမယ်ဆိုရင်လည်း တရားဝင်ကြေညာလိုက် သူတို့က တရားဝင်လည်း မကြေညာဘူး ဖမ်းချင်တဲ့အခါ ဖမ်းတယ် ဒဏ်ရိုက်ချင်တဲ့အရာ ဒဏ်ရိုက်တယ် အဲလိုဆိုအဆင့်မပြောဘူးလေ ပြည်သူတွေ ဒုက္ခရောက်တာပေါ့”လို့ ဆိုပါတယ်။
မြို့နေပြည်သူတွေရဲ့ပြောချက်အရ လတ်တလော မြစ်ကြီးနားမြို့ပေါ်ရပ်ကွက်တွေမှာ အများဆုံးဖမ်းဆီးပြီး ယာဉ်ထိန်းရဲဖမ်းရင်ဒဏ်ရိုက်တာလုပ်ဆောင်ပေမယ့် ယာဉ်ထိန်းရဲနဲ့ ရဲတပ်ဖွဲ့ဝင်တွေ အတူရှိနေတဲ့ အချိန်ဖမ်းမိပါက ဒဏ်မရိုက်ဘဲ ယာဉ်တွေကို ချက်ချင်းသိမ်းဆည်း သွားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မေလ ၂၀ ရက်နေ့ နေပြည်တော်မှာပြုလုပ်တဲ့ အစည်းဝေးတစ်ခုမှာ စစ်ခေါင်းဆောင်က နိုင်ငံတဝန်း လိုင်စင်မဲ့ကားနှင့် ဆိုင်ကယ်များကြောင့် အခွန်အခနစ်နာနေကြောင်းနှင့် လုံခြုံရေးဆိုင်ရာ အခက်ခဲများလည်း ဖြစ်ပေါ်လာတဲ့အတွက် ကြပ်မတ်ကြဖို့ ညွန်ကြားခဲ့ပြီးနောက် ကချင်ဒေသမှာလည်း ဇွန်လဆန်းပိုင်းကစပြီး လိုင်စင်မဲ့ ကား၊ဆိုင်ကယ်ဖမ်းဆီးတာတွေ စတင်လုပ်ဆောင်လာတာဖြစ်ပါတယ်။
စစ်တပ်ဟာ ခုလို ဖမ်းဆီးခဲ့တဲ့ ယာဉ်တွေကနေ ရရှိတဲ့ ဒဏ်ငွေတွေကိုတော့ စစ်အသုံးစရိတ်အဖြစ် ပြန်လည် အသုံးပြုနိုင်ချေ ရှိတယ်လို့ ကချင်နိုင်ငံရေး လေ့လာသုံးသပ်သူက ဆိုပါတယ်။
“အခုလိုမျိုးဆိုရင် သူတို့အတွက် အကျိုးအမြတ်က ပိုရတယ်။ သိမ်းချင်တဲ့ဟာသိမ်း ယူချင်တဲ့ဟာယူ။ တချို့ ကားတွေဆိုရင် သိန်းထောင်နဲ့ချီတန်တယ် ဒါတွေကိုလည်း ခနလေးအတွင်း သိမ်းဆည်း လိုက်နိုင်တယ်။ လိုင်စင်နဲ့ဆိုရင် သိမ်းယူနိုင်ဖို့ မလွယ်ဘူးလေ”လို့ ဆိုပါတယ်။
ဒါ့အပြင် ခုလို ဖမ်းဆီးမှုတွေကို မပြုလုပ်သေးခင် တရားဝင် ထုတ်ပြန်ချက်တစ်ခုကို အရင်ထုတ်ပြီး အချိန်ကာလတစ်ခု သတ်မှတ်ကာ သက်ဆိုင်ရာ ကုန်းလမ်း ပို့ဆောင်ရေးဘက်ကနေပြီးတော့ လိုင်စင်တွေပြုလုပ်ပေးခြင်းက မှန်ကန်တဲ့ နည်းလမ်းဖြစ်တယ်လို့ ပြောပါတယ်။
ဒါကြောင့် ပြည်သူတွေအတွက် ငွေကုန်ကြေးကျ သက်သာပြီး ပိုမိုကောင်းမွန်တဲ့ အခြေအနေကို ရရှိမှာ ဖြစ်တယ်လို့ သုံးသပ်ပြောဆိုပါတယ်။
တစ်ဖက်မှာလည်း လိုင်စင်မဲ့တွေကို ဖမ်းဆီးတဲ့ခေါင်းစဉ်အောက်ကနေ လုပ်ဆောင်နေပေမယ့် လူမှုကွန်ယက် စာမျက်နှာ ပေါ်မှာတော့ လိုင်စင်ရှိတဲ့ ယာဉ်တွေကိုလည်း ဖမ်းဆီးမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပြီး လိုင်စင်ရုံးကလည်း လိုင်စင်တွေလုပ်ဆောင်ပေးခြင်းမရှိသေးဘူးလို့ သိရပါတယ်။
ဖမ်းဆီးရမိတဲ့ ဆိုင်ကယ်နဲ့ မော်တော်ယာဉ်တစ်ချို့ကို စစ်ကောင်စီတပ်ဖွဲ့တွေက နံပါတ်ပြားတောင် မဖြုတ်ဘဲ ပြန်လည် အသုံးပြုနေတာကို တွေ့ရတယ်လို့ ယာဉ်ပိုင်ရှင်တချို့ လူမှုကွန်ယက် စာမျက်နှာပေါ်တွေမှာ ရေးသားထားတာကို တွေ့ရပါတယ်။
စစ်တပ်အာဏာမသိမ်းမှီ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် မေလ ၂၆ ရက်နေ့ ပြဌာန်းလိုက်တဲ့ “ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့်မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေ”ပုဒ်မ ၈၅ (က)မှာဖော်ပြထားချက်အရ လိုင်စင်မဲ့ ကားမောင်းတယ်ဆိုရင် ၃ နှစ်မပိုတဲ့ထောင်ဒဏ်ဖြစ်စေ၊ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ပြဌာန်းထားပါတယ်။
ဒါပေမယ့် အဲဒီထဲမှာငွေဒဏ်ကို တိတိကျကျဖော်ပြထားခြင်းမရှိတဲ့အတွက် ငွေကျပ်သိန်းပေါင်းများစွာ ဒဏ်ရိုက်လို့ရသလို နောက်တစ်ချက်က အဲဒီပုဒ်မ ပြစ်မှုကျူးလွန်မှုကို ရဲအရေးယူပိုင်ခွင့်ရှိတဲ့ပုဒ်မအဖြစ် သတ်မှတ်ထားခြင်းဖြစ်ပါတယ်။
ဒါကြောင့် ဆိုလိုချင်တာကတော့ Without မော်တော်ယာဉ်မောင်းတာကို မိတာနဲ့ရဲကဖမ်းပြီး ချက်ချင်းအချုပ်ထဲထည့်ထားရုံမကပဲ ထောင် ၃ နှစ်၊အကန့်သတ်မဲ့ ငွေဒဏ်ချမှတ်နိုင်တဲ့ ဥပဒေမျိုးဖြစ်ပါတယ်။
ဒီဥပဒေကို ယခင် သမ္မတဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၅ ခုနှစ် ပြဌာန်းခဲ့တဲ့ မော်တော်ယာဉ်ဥပဒေကို အစားထိုးလိုက်တာလည်းဖြစ်ပါတယ်။
ဒီဥပဒေအရလို့ဆိုကာ စစ်ကောင်စီရဲ့ပူးပေါင်းစစ်ဆင်ရေးအဖွဲ့တွေဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်မှာလည်း ပြည်နယ်နဲ့တိုင်းဒေသကြီးတွေမှာ လိုင်စင်မဲ့ကားတွေနဲ့ဆိုင်ကယ်တွေကိုဖမ်းဆီးခဲ့ရာ မန်းလေး၊စစ်ကိုင်း၊နေပြည်တော်နဲ့ရှမ်းဒေသတွေမှာ အများဆုံးဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
၂၀၂၁ ခုနှစ် စစ်တပ်ဏာသိမ်းပြီးနောက်ပိုင်း ကချင်ဒေသတွင်း စစ်တပ်နဲ့ကချင်လွတ်လပ်ရေးတပ်မတော်တို့အကြား တိုက်ပွဲကြောင့် တိုက်ပွဲနယ်မြေက ပြည်သူတွေဟာ ဘေးလွှတ်ရာတိမ်းရှောင်နေကြရင်း မြို့ပေါ်မှာလည်း စစ်ရှောင်တွေအများအပြား ခိုလှုံနေကြတာဖြစ်ပါတယ်။
စစ်ဘေး၊ရေဘေးအမျိုးမျိုးကြုံတွေ့နေရတဲ့ဒေသတွေမှာ ယခုလို လိုင်စင်မဲ့ယာဉ်ဖမ်းဆီးခြင်းက ပြည်သူတွေကို ပိုခက်ခဲကြပ်တည်းသွားစေတယ်လို့ ပြည်သူတွေက ဆိုပါတယ်။
By – Hope



