ဒေသမျိုးစေ့ထိန်းသိမ်းဖို့ ခက်ခဲလာတဲ့အထိ ကြွက်ဘေးဆိုးရွားနေ
ကချင်ပြည်နယ် ဆွမ့်ပရာဘွမ့် ၊ အင်ဂျန့်ယန်ဒေသတွေမှာ ကြွက်ဘေးဒဏ်ကို ဆိုးဆိုးရွာရွာ ကြုံတွေ့နေရတဲ့အတွက် ဒေသခံတောင်သူတွေ စိုက်ပျိုးထားတဲ့ စပါးနဲ့ ကောက်ပဲသီးနှံများ ပြန်ရိတ်သိမ်းယူဖို့မရနိုင်တဲ့အထိ ဖျက်ဆီးခံနေရတယ်လို့ သိရပါတယ်။
စိုက်ပျိုးပြီးစီးထားပြီဖြစ်တဲ့ တောင်းယာစပါးခင်း၊ ဟင်းသီးဟင်းရွက်အခင်းတွေမှာ အစုလိုက် အပြုံလိုက် ကြွက်သောင်းကျန်းနေတာကြောင့် တစ်ညလျှင် ကြွက်အကောင်ရေ ၁၀၀ နဲ့ ၂၀၀ အထိ သတ်နေရတယ်လို့ ဆွမ်ပရာဘွမ့် မြို့နယ် မိုင်ထောင်းကျေးရွာဒေသခံ အမျိုးသားတစ်ဦးက KNG ကို ပြောပါတယ်။
“အခုမြင်တွေ့နေရတဲ့ ကြွက်ပုံတွေက တောင်ယာတစ်ခုထဲကနေ တစ်နာရီ၊ နှစ်ရာရီ အတွင်းမှာပဲ ရိုက်သတ်နိုင်တဲ့ ကြွက်တွေဖြစ်တယ်။ တစ်ညလုံးရိုက်မယ်ဆိုရင် အကောင် ၁၀၀ ၊ ၂၀၀ မကဘူး။ အရမ်းဆိုးရွားနေတဲ့ အခြေအနေမှာဖြစ်နေတယ်”လို့ပြောပါတယ်။
လက်ရှိ ဒေသခံတောင်သူတွေ ကြွက်ဘေးဒဏ်ကြုံတွေ့နေရတဲ့အခြေအနေမှာ တစ်ရက်စာ စပါး တစ်တင်း၊ နှစ်တင်းခန့် ရိတ်သိမ်းပြီး စုပုံထားတဲ့အခါ တစ်ညအတွင်းမှာပဲ ပြန်ယူလို့မရအောင် ကိုက်ဖြတ် ဖျက်ဆီးပေးလိုက်တယ်လို့ ပြောပါတယ်။
ရိတ်သိမ်းထားတဲ့ စပါးပုံတွေကို အိပ်စောင့်ပြီး တစ်ညမှာ ကြွက်အကောင်ရာနဲ့ ချီ ရိုက်သတ်နေရပေမယ့် ကြွက်ဘေးက ပိုမိုးဆိုးရွာလာနေတယ်လို့ သိရပါတယ်။

ဆွမ့်ပရာဘွမ့်၊ အင်ဂျန့်ယန် မြို့နယ်တစ်လျှောက်လုံးမှာ နေထိုင်ကြတဲ့ ဒေသခံတောင်သူတွေဟာ စားဝတ်နေရေးအတွက် တစ်နှစ်စာဖူလုံဖို့ တောင်ယာလုပ်ငန်းတွေကိုသာ အဓိက လုပ်ကိုင်ကြတာဖြစ်ပါတယ်။
ယခုနှစ်မှာ ကြုံတွေနေရတဲ့ ကြွက်ဘေးဒဏ်ဟာ မျိုးစေ့တွေ ပြန်မရနိုင်တဲ့အထိ ဖျက်ဆီးခံနေရတာကြောင့် လာမယ့်နှစ်တွေမှာ အစားအသောက်ခက်ခဲလာမှာကို စိုးရိမ်နေကြပါတယ်။
“ဒီနှစ်မှာတော့ တောင်ယာက စပါးနဲ့ ကောက်ပဲသီးနှံတွေကို ပြန်ရဖို့ လုံးဝ မျှော်လင့်ချက်မရှိတော့ဘူး။ ကျနော်တို့ဘက်ကမှာ စားဝတ်နေရေးအတွက် တောင်ယာလုပ်ငန်းတွေကိုသာ အဓိကလုပ်ကိုင်ကြတာဟုတ်တယ်။ အခုလို ကြွက်ဘေးဒဏ်ကို ဆိုးဆိုးရွားရွား ကြုံနေရလို့ စပါးတွေဆိုရင် အရင်နှစ်တွေလို ပြန်ရဖို့က မဖြစ်နိုင်တော့ဘူး။ နောက်ဆုံး စိုက်ထားတဲ့ မျိုးစေ့တောင်ပြန်မရနိုင်တော့ဘူး။ ဒီလိုဆို လာမယ့်နှစ်အတွက် စိုးရိမ်နေရပြီ”လို့ပြောပါတယ်။
ယခုနှစ်မှာကြွက်ဘေးဒဏ်ကြုံတွေ့ရတဲ့ အခြေအနေဟာ အဆိုးရွားဆုံးဖြစ်နေသလို ကြွက်ဘေးဒဏ်ကာကွယ်နိုင်ဖို့ရန်အတွက်လည်း ဒေသခံပြည်သူတွေက လိုအပ်တဲ့ နည်းပညာ ၊ အသိပညာတွေ ကူညီပေးဖို့ တောင်းဆိုနေကြပါတယ်။
ဆွမ်ပရာဘွမ့်၊ အင်ဂျန့်ယန်ဒေသတွေမှာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်လောက်နေ ကြွက်ဘေးကို စတင်ကြုံတွေ့လာခဲ့ပေမယ့် သုံး၊ လေးနှစ်အတွင်း ပိုပြီး ဆိုးရွာလာတဲ့ အခြေအနေဖြစ်တယ်လို့ ဒေသခံတွေပြောပါတယ်။
လေးနှစ်ခန့်အကြာ ကြွက်ဘေးဒဏ်ကို ကြုံတွေ့လာခဲ့ပေမယ့် ကြွက်ဘေးကာကွယ်ဖို့ နည်းလမ်းရှာမတွေ့နိုင်းသေးတာလည်းဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၁၉၇၇ ခုနှစ်လောက်မှာ တစ်ကြိမ် ဆိုးရွားတဲ့ ကြွက်ဘေးဒဏ်ကို ကြုံတွေ့ခဲ့ပြီးနောက် ယခုတစ်ဖန်ပြန်လည် ကြုံတွေ့နေရတာလည်းဖြစ်ပါတယ်။
By – နော်ထွယ့်(ဟူးကောင့်)


