အင်းတော် – ဗန်းမောက်ကို ဆက်သွယ်ထားတဲ့လမ်းအားလုံး အကန့် အသတ်မရှိပိတ်
စစ်ကိုင်းတိုင်း ကချင်အစပ်မှာရှိတဲ့ အင်းတော်–ဗန်းမောက်မြို့ကိုဆက်သွယ်ထားတဲ့ ဗျူဟာလမ်းအပါအဝင် တခြားလမ်းပိုင်းအားလုံးကို စက်တင်ဘာလ ၁၅ ရက်နေ့ကစပြီး အကန့်အသတ်မရှိပိတ်ပင်လိုက်ကြောင်း အင်းတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
အဲ့ဒီလိုထုတ်ပြန်ချက်ထုတ်ပြီးနောက်ပိုင်းမှာလည်း အင်းတော်–ဗန်းမော်မြို့ဆက်သွယ်ထားတဲ့လမ်းပိုင်းအသုံးပြုသူတွေကို ဖြတ်သန်းသွားလာခွင့်မပေးဘဲ ပြန်လှည့်ခိုင်းနေတဲ့အကြောင်းဒေသခံတွေကအတည်ပြုပါတယ်။
“ဗန်းမောက်–အင်းတော်လမ်းပိုင်းကို စစ်ရေးအခြေနေအရသူတို့ကအကန့်အသတ်မရှိပိတ်လိုက်တာဟုတ်တယ်။ ဒီနေ့တောင်ကားတွေဆိုင်ကယ်တွေ ဗန်းမောက်ဘက်ကနေ အင်းတော်ဘက်ကိုသွားတာဖြစ်ဖြစ်၊ အင်းတော်ဘက်ကနေ ဗန်းမောက်ဘက်ကိုဘဲဖြစ်ဖြစ် အဲ့တာအကုန်လုံးကိုပြန်လှည့်ခိုင်းနေတယ်။ လမ်းပိုင်းကတော့ပိတ်လိုက်ပြီ”လို့ ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။
အင်းတော်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်ထဲမှာတော့ အခုလိုလမ်းပိုင်းပိတ်ရတာဟာ စစ်ရေးအခြေနေအရဖြစ်ကြောင်းသာရေးသားထားပြီး တခြားအသေးစိတ်ဖော်ပြထားတာတော့မတွေ့ရပါဘူး။
လက်တလောမှာတော့ ဗန်းမော်မြို့နယ်ထဲမှာ SNA၊ စစ်ကောင်စီပူးပေါင်းတပ်တွေ နဲ့ KIA၊ PDF ပူးပေါင်းတပ်တွေအကြား ထိတွေ့ တိုက်ပွဲတွေတော့ရှိနေပြီး အင်းတော်မြို့နယ်မှာတော့စစ်ရေးအခြေနေထူးခြားတာမရှိသေးဘူးလို့ သိရပါတယ်။
“စစ်ရေးအခြေနေကတော့ ဗန်းမောက်မှာက SNA တပ်တွေရှိနေတယ်။ ဗန်းမောက်မြောက်ပိုင်းမှာဆိုရင် SNA က စစ်ကြောင်းထိုးလို့ တော်လှန်ရေးအင်အားစုတွေနဲ့တိုက်ပွဲဖြစ်တာတော့ရှိတယ်။ တိုက်ပွဲအခြေနေကဘယ်လိုဖြစ်လာမလည်းမသိဘူး။ စစ်ရေး အခြေနေကြောင့်ပိတ်တာဆိုတော့ ဘယ်လိုတွေဖြစ်လာမလည်းစောင့်ကြည့်ရမှာပေါ့”လို့ ဒေသခံအမျိုးသားတစ်ဦးကဆက်ပြောပါတယ်။
အင်းတော်မြို့နဲ့ဗန်းမောက်မြို့နယ်တို့ဟာ ကချင်နဲ့စစ်ကိုင်းအစပ်မှာရှိတဲ့မြို့နယ်တွေဖြစ်ပြီး အင်းတော်မြို့နယ်ကိုတော့ KIA နဲ့ ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ ဧပြီလကတည်းကသိမ်းပိုက်နိုင်ခဲ့ပြီး ဒီနေ့အထိထိန်းချုပ်ထားဆဲဖြစ်ပါတယ်။
ဗန်းမောက်မြို့နယ်ကိုတော့ တော်လှန်ရေးအင်အားစုတွေဘက်က အပြည့်အဝထိန်းချုပ်ထားခြင်းမရှိသေးဘဲ နယ်မြေခံ SNA တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကစိုးမိုးထားတဲ့နယ်မြေတွေရှိပြီး နှစ်ဖက်တပ်တွေအကြားမကြာခဏထိတွေ့တိုက်ပွဲများဖြစ်ပွားလေ့ရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။
By – အမိုး



