သတင်း

လိုင်စင်မဲ့ယာဉ်ဖမ်းဆီးရာမှာ စစ်အစိုးရဝန်ထမ်းတွေကို ဖမ်းဆီးခြင်းမရှိပဲ လွတ်ပေးနေ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း စစ်တပ်၊ယာဉ်ထိန်းနဲ့ရဲတပ်ဖွဲ့ဝင်တွေဟာ လိုင်စင်မဲ့မော်တော်ယာဉ်တွေကို ဖမ်းဆီးရာမှာ အစိုးရဝန်ထမ်းတွေကို ဖမ်းဆီးခြင်းမရှိဘဲ လွတ်ပေးနေတာကြောင့် တရားမျှတမှုမရှိဘူးလို့ မြစ်ကြီးနားမြို့နေ ပြည်သူတွေပြောဆိုနေပါတယ်။

ပြီးခဲ့တဲ့ ဇွန်လကစပြီး မြစ်ကြီးနားမြို့အပါအဝင် စစ်တပ်ထိန်းချုပ်မှုအောက်ရှိ မြို့အားလုံးနီးပါးမှာ စစ်တပ်၊ရဲ၊ ယာဉ်ထိန်းအဖွဲ့ပူးပေါင်းပြီး လိုင်စင်မဲ့ ကား၊ဆိုင်ကယ်ဖမ်းဆီး‌တာ ဆက်တိုက်လုပ်နေပါတယ်။

ဒါပေမယ့် မြစ်ကြီးနားမြို့အတွင်းမှာတော့ လိုင်စင်မဲ့ယာဉ်ဖမ်းဆီးခံရခြင်းအတူတူ စစ်အစိုးရရဲ့ဌာနဆိုင်ရာရုံးဝန်ထမ်းတွေကို ဖမ်းဆီးမိ‌ပေမယ့် အရေးယူခြင်းမရှိပဲ ပြန်လွှတ်ပေးနေတယ်လို့ လိုင်စင်မဲ့ဆိုင်ကယ် ဖမ်းခံရပြီး ပြန်လွှတ်လာတဲ့ မြို့ခံအမျိုးသားတစ်ဦး KNG ကို ခုလိုပြောပါတယ်။

သူတို့ရဲ့ဝန်ထမ်းတွေဆို ဆိုင်ကယ်ဦးထုပ်မဆောင်းလည်း ဝန်ထမ်းကဒ်ပြရင် မဖမ်းဘူး။ ကား နဲ့လာတဲ့သူကလည်း ခါးပတ် မပတ်လည်းမဖမ်းဘူး။ ဝန်ထမ်းလို့ပြောပြီး ကဒ်ပြရင် မဖမ်းဘူး။ ပြောချင်တာက ဝန်ထမ်းဖြစ်ဖြစ် ဥပဒေချိုးဖောက်ရင် ထိုက်သင့်တဲ့ပြစ်ဒဏ်တော့ ပေးရမယ်လေ။ ဒါကို ခုလိုလုပ်နေတဲ့ဟာတော့ လုံးဝမတရားဘူးလို့ ပြောချင်တယ်လို့ ပြောပါတယ်။

မြစ်ကြီးနားမြို့အတွင်း လိုင်စင်မဲ့ယာဉ်ဖမ်းဆီးတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ လမ်းကြို၊လမ်းကြားပါမကျန် ပြည်သူတွေကို ဂျောင်ပိတ်ဖမ်းနေပေမယ့် စစ်အစိုးရရဲ့ရုံးဝန်ထမ်းဖြစ်ပါက ဆိုင်ကယ်ဦးထုပ်၊နံပါတ်ပြားစစ်‌ဆေးခံရခြင်းမရှိတဲ့အပြင် ကားလည်း ထိုနည်းတူ မည်သည့်လိုင်စင်မှ စစ်ဆေးခြင်းမရှိပဲ လွှတ်ပေးနေတယ်လို့ သူကဆက်ပြောပါတယ်။

စစ်တပ်အာဏာမသိမ်းမှီ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် မေလ ၂၆ ရက်နေ့ ပြဌာန်းလိုက်တဲ့ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့်မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၈၅ (က)မှာဖော်ပြထားချက်အရ လိုင်စင်မဲ့ ကားမောင်းတယ်ဆိုရင် ၃ နှစ်မပိုတဲ့ထောင်ဒဏ်ဖြစ်စေ၊ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ပြဌာန်းထားပါတယ်။

ဒါပေမယ့် အဲဒီထဲမှာငွေဒဏ်ကို တိတိကျကျဖော်ပြထားခြင်းမရှိတဲ့အတွက် ငွေကျပ်သိန်းပေါင်းများစွာ ဒဏ်ရိုက်လို့ရသလို နောက်တစ်ချက်က အဲဒီပုဒ်မ ပြစ်မှုကျူးလွန်မှုကို ရဲအရေးယူပိုင်ခွင့်ရှိတဲ့ပုဒ်မအဖြစ် သတ်မှတ်ထားခြင်းဖြစ်ပါတယ်။

ဒါကြောင့် ဆိုလိုချင်တာကတော့ Without မော်တော်ယာဉ်မောင်းတာကို မိတာနဲ့ရဲကဖမ်းပြီး ချက်ချင်းအချုပ်ထဲထည့်ထားရုံမကပဲ ထောင် ၃ နှစ်၊အကန့်သတ်မဲ့ ငွေဒဏ်ချမှတ်နိုင်တဲ့ ဥပဒေမျိုးဖြစ်ပါတယ်။

ဒါပေမယ့် စစ်ကောင်စီတပ်ဖွဲ့ဟာ ဥပဒေကိုလိုက်နာခြင်းမရှိပဲ ပေါ်ပေါ်တင်တင်ချိုးဖောက်နေတဲ့အ‌ေပေါ် မြစ်ကြီးနားမြို့ခံ အမျိုးသမီးတစ်ဦး ခုလိုပြောပါတယ်။

ငါတို့လုပ်ချင်သလိုလုပ်လို့ရတယ်ဆိုတဲ့သဘာလုပ်ပြတာဖြစ်တယ်။ သူတို့ကိုယ်၌ ဥပဒေကိုချိုးဖောက်နေပြီး ကျမတို့ပြည်သူတွေကိုကျ ယာဉ်စည်းကမ်းဥပဒေအတိုင်းလုပ်နေတာလို့ ပြောနေတာ ရှက်ဖို့ကောင်းတယ်လို့ ပြောပါတယ်။

ဒီဥပဒေကို ယခင် သမ္မတဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၅ ခုနှစ် ပြဌာန်းခဲ့တဲ့ မော်တော်ယာဉ်ဥပဒေကို အစားထိုးလိုက်တာလည်းဖြစ်ပါတယ်။

လတ်တလော မြစ်ကြီးနားမှာ ကား၊ ဆိုင်ကယ်လိုင်စင်မဲ့ယာဉ်တွေဖမ်းဆီးနေတာ ၃ လဝန်းကျင်ရှိလာပြီး ဖမ်းဆီးမိတဲ့ ဆိုင်ကယ်တစ်စီးကို ကျပ်သုံးသောင်းကနေ ကျပ် ၅သိန်းဝန်းကျင်ထိ ပေးဆောင်ရသလို ကားတစ်စီး ကျပ်သိန်း ၅၀ထိ ဒဏ်ကျေးပေးဆောင်ခိုင်းတာမျိုးရှိတယ်လို့ မြစ်ကြီးနားဒေသခံတွေပြောပါတယ်။

တစ်ဖက်မှာလည်း လိုင်စင်မဲ့တွေကို ဖမ်းဆီးတဲ့ခေါင်းစဉ်အောက်က‌နေ လုပ်ဆောင်နေပေမယ့် လူမှုကွန်ယက် စာမျက်နှာ ပေါ်မှာတော့ လိုင်စင်ရှိတဲ့ ယာဉ်တွေကိုလည်း ဖမ်းဆီးမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပြီး လိုင်စင်ရုံးကလည်း လိုင်စင်တွေလုပ်ဆောင်ပေးခြင်းမရှိသေးဘူးလို့ သိရပါတယ်။

ဖမ်းဆီးရမိတဲ့ ဆိုင်ကယ်နဲ့ မော်တော်ယာဉ်တစ်ချို့ကို စစ်ကောင်စီတပ်ဖွဲ့‌‌တွေက နံပါတ်ပြားတောင် မဖြုတ်ဘဲ ပြန်လည် အသုံးပြုနေတာကို တွေ့ရတယ်လို့ ယာဉ်ပိုင်ရှင်တချို့ လူမှုကွန်ယက် စာမျက်နှာပေါ်တွေမှာ ရေးသားထားတာကို တွေ့ရပါတယ်။

ဒီလိုင်စင်မဲ့ယာဉ်ဖမ်း‌ဆီးလာတာဟာ ပြီးခဲ့တဲ့ မေလ ၂၀ ရက်နေ့ နေပြည်တော်မှာပြုလုပ်တဲ့ အစည်းဝေးတစ်ခုမှာ စစ်ခေါင်းဆောင်က နိုင်ငံတဝန်း လိုင်စင်မဲ့ကားနှင့် ဆိုင်ကယ်များကြောင့် အခွန်အခနစ်နာနေကြောင်းနှင့် လုံခြုံရေးဆိုင်ရာ အခက်ခဲများလည်း ဖြစ်ပေါ်လာတဲ့အတွက် ကြပ်မတ်ကြဖို့ ညွန်ကြားခဲ့ပြီးနောက် ကချင်ဒေသမှာလည်း ဇွန်လဆန်းပိုင်းကစပြီး လိုင်စင်မဲ့ ကား၊ဆိုင်ကယ်ဖမ်းဆီးတာတွေ စတင်လုပ်ဆောင်လာတာဖြစ်ပါတယ်။

By – Zami

Show More

Related Articles

Back to top button