အမျိုးသမီးအဆောင်ဓါးပြဝင်တိုက်တဲ့ ရဲတပ်သားတစ်ဦး သေနတ်နဲ့အတူဖမ်းဆီးရမိ
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ စီတာပူ ရပ်ကွက် (၁) အမျိုးသမီးဘော်ဒါဆောင်တစ်ခုမှာ ဓါးပြဝင်တိုက်တာအပြင် အမျိုးသမီးငယ် တွေကိုမဖွယ်မရာပြုလုပ်ဖို့ကြိုးစားတဲ့ ရဲတပ်သားတစ်ဦးကို ဝိုင်းဝန်းဖမ်းဆီးမိတယ်လို့ အဆောင်နဲ့နီးစပ်သူတွေ ပြောပါတယ်။
ဖြစ်စဉ်မှာ စက်တင်ဘာလ ၂၁ ရက် ည ၁၂ နာရီဝန်းကျင် ကိုယ်ပိုင်အမှတ် တ/၅၉၁၈၁၂ ရဲတပ်သား အောင်မျိုးခန့်ဆိုသူဟာ သေနတ်တစ်လက်နဲ့အတူ အမျိုးသမီးအဆောင်ထဲဝင်ရောက်လာပြီး ဘော်ဒါဆောင်နေ အမျိုးသမီးငယ်တွေကို သေနတ်ထောက်ကာ ဖုန်းနဲ့ ပိုက်ဆံရှိသမျှထုတ်ဖို့ ဓါးပြတိုက်ခြိမ်းခြောက်တာအပြင် အင်္ကျီချွတ်ပြီး ရင်သားကိုင်တာ၊ အမျိုးသမီးငယ်တွေကို မဖွယ်မရာလုပ်ဖို့ကြိုးစားချိန် အဆောင်နေ အမျိုးသမီးငယ်အားလုံးဝိုင်းဖမ်းလိုက်တာလို့ သိရပါတယ်။
“သေနတ်နဲ့ဝင်လာပြီးမှ အဆောင်က ကလေးမတွေကို ဖုန်းထုတ်၊ပိုက်ဆံထုတ်ဆိုပြီးပြောတော့ ကလေးမတွေက ပိုက်ဆံမရှိဘူး၊ ဖုန်းလည်းမရှိဘူး ပြောဝောာ့ အင်္ကျီတွေချွတ်ကြဆိုပြီး ချွတ်ခိုင်းတယ်တဲ့”လို့ အဆောင်နဲ့နီးစပ်တဲ့ အမျိုးသားတစ်ဦး ပြောပါတယ်။
အဲဒီနောက် ပြစ်မှုကျူးလွန်တဲ့ ရဲတပ်သားကလက်ကနေ သေနတ်ပြုတ်ကျသွားတဲ့အတွက် အမျိုးသမီးငယ်တစ်ဦး သေနတ် ကောက်ယူကာ အဆောင်အောက် ပြေးဆင်းသွားတဲ့နောက် ကျန်တဲ့အဆောင်သူအားလုံးဝိုင်းဖမ်းလိုက်တာလို့ သူကဆက်ပြောပါတယ်။
“သေနတ်ကျသွားတာနဲ့ ကလေးမတစ်ယောက်ကကောက်ပြီး အောက်ပြေးဆင်းသွားတာလို့ သိရတယ်။ သေနတ်မရှိတော့ ကျန်တဲ့သူတွေက ဝိုင်းဖမ်းလိုက်တာ”လို့ အထက်မှာပြောပြတဲ့သတင်းရင်းမြစ်က ဆက်ပြောပါတယ်။
ပြစ်မှုကျူးလွန်တဲ့ အဲဒီရဲတပ်သားကို ရဲနဲ့စရဖကက သူတို့ထိန်းသိမ်းထားမယ်လို့ဆိုကာ ဖမ်းဆီးသွားတယ်လို့သိရပါတယ်။
မြစ်ကြီးနားမှာ မကြာခဏဆိုသလို ခိုးဆိုးလုယက်မှုများနေပမယ့် ပြစ်မှူကျူးလွန်သူတွေကို သက်ဆိုင်ရာက ထိထိရောက်ရောက် ဖမ်းဆီးအရေးယူခြင်းမရှိတဲ့အပေါ် မြို့ခံအမျိုးသမီးတစ်ဦး ခုလိုပြောပါတယ်။
“အားလုံးပြောတဲ့အတိုင်း သူတို့လူတွေပဲဆိုတာ ခုသက်သေပဲ။ ခုလည်း ရဲလက်အပ်လိုက်တာ ပြန်လွှတ်လာမှာပဲ”လို့ ပြောပါတယ်။
မြစ်ကြီးနားမြို့မှာ ပြီးခဲ့တဲ့ ဩဂုတ်လက ခိုးဆိုးလုယက်မှုပေါင်း ၇ ကြိမ်ထိ ဖြစ်ပွားခဲ့ပြီး လုယက်သူတွေကနေပြီးတော့ ဓားထိုးမှုကြောင့် အမျိုးသားတစ်ဦး သေဆုံးခဲ့တာဖြစ်ပါတယ်။
မြစ်ကြီးနားမြို့ဟာ ကချင်ပြည်နယ်ရဲ့မြို့တော်ဖြစ်ပြီး မြို့ပေါ်ရပ်ကွက် ၃၀ ဝန်းကျင်နဲ့ဖွဲ့စည်းထားတာလည်း ဖြစ်ပါတယ်။
By – Zami



