ထောင်ဒဏ်တစ်သက်တစ်ကျွန်းချခံထားရတဲ့ နိုင်ကျဥ်း ၃ ဦးထွက်ပြေးလွတ်မြောက်
စစ်ကိုင်း နဲ့ ကချင်အစပ် ဗန်းမောက်မြို့ပေါ်ကို တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်လိုက်ပြီးနောက် အချုပ်ထောင်မှာ ထောင်ဒဏ်တစ်သက်တစ်ကျွန်းချခံထားရတဲ့ နိုင်ကျဥ်း ၃ဦး ထွက်ပြေးလွတ်မြောက်လာတယ်လို့ နီးစပ်သူတွေဆီကသိရပါတယ်။
လွတ်မြောက်လာသူနိုင်ငံရေးအကျဥ်းသား ၃ ဦးဟာ ဗန်းမောက်မြို့မှာဘဲ ဖမ်းဆီးခံခဲ့ရသူတွေဖြစ်ပြီး ထောက်ပို့အမျိုးသားတစ်ဦး၊ CDM ပညာရေးဝန်ထမ်းအမျိုးသမီးတစ်ဦး နဲ့ နောက်ထပ်နိုင်ငံရေးမှုနဲ့အကျဥ်းချခံရတဲ့အမျိုးသားတစ်ဦးတို့ဖြစ်တယ်လို့သိရပါတယ်။
“လွတ်လာတာမှန်ပါတယ်။ နိုင်ငံရေးမှုနဲ့ဘဲ ၃ ယောက်ပါ။ တစ်ယောက်ကထောက်ပို့ အဲ့တစ်ယောက်ကလည်း ထောင်ဒဏ် တစ်သက်ကျထားတာ။ သူတို့ကိုကထောင်တွေလွှဲပြောင်းတာမရှိဘူး။ တကယ်ဆိုကသာပို့ရမှာ လမ်းကြောတစ်လျှောက်လုံးကတော်လှန်ရေးတပ်ကစိုးမိုးနယ်မြေဆိုတော့ မပို့ဘဲအဲ့မှာဘဲထားထားတာ”လို့လွတ်မြောက်လာတဲ့သူတွေနဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။
လွတ်မြောက်လာသူအားလုံးဟာ ဗန်းမောက်မြို့ကိုတော်လှန်ရေးအင်အားစုတွေသိမ်းပိုက်တဲ့ စက်တင်ဘာလ ၂၀ ရက်နေ့ညပိုင်းမှာဘဲလွတ်မြောက်လာခဲ့ကြတာလို့သိရပါတယ်။
ထောက်ပို့လုပ်ရင်းဖမ်းဆီးခံခဲ့ရတဲ့အမျိုးသားနဲ့ နောက်ထပ်နိုင်ငံရေးအကျဥ်းသားအမျိုးသားဟာ ၂၀၂၃ ခုနှစ် ဇွန်လ ဝန်းကျင်မှာဘဲ ရှေ့ဆင့်နောက်ဆင့်ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး CDM ပညာရေးဝန်ထမ်းအမျိုးသမီးကတော့ ၂၀၂၄ ဖမ်းဆီးခံခဲ့ရတာလို့ သိရပါတယ်။
ဒါ့အပြင် နောက်ထပ်ဆေးမှုနဲ့ထောင်ကျနေတဲ့အမျိုးသားတစ်ဦးလည်းလွတ်မြောက်လာသေးတယ်လို့လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဥ်းသားတွေနဲ့နီးစပ်သူတွေကအတည်ပြုပါတယ်။
လက်ရှိ ဗန်းမောက်မြို့ပေါ်ကို တော်လှန်ရေးအင်အားစုတွေထိန်းချုပ်ပြီးတဲ့နောက် ရှမ်းနီအမျိုးသားများတပ်မတော် SNA နဲ့ စစ်ကောင်စီပူးပေါင်းတပ်တွေဟာ ဗန်းမောက်မြို့ရဲ့အနောက်ဘက်ခြမ်း၊ မြောက်ဘမ်းခြမ်းကကျေးရွာတွေမှာနေရာယူထားကြပြီးအချိန်မရွေးနှစ်ဖက်တပ်တွေတိုက်ပွဲဖြစ်လာနိုင်တယ်လို့စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။
By – အမိုး



