မိုင်းနားရွာအနိီး အမျိုးသားတစ်ဦး ဓားအချက်ပေါင်းများစွာဖြင့် သတ်ဖြတ်ခံထားရ
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် မိုင်းနားရွာအနီးမှာ ဓားအချက်ပေါင်းများစွာနဲ့ သတ်ဖြတ်ခံထားရတဲ့ အမျိုးသားတစ်ဦးရဲ့အလောင်းကို တွေ့ရှိခဲ့ရတယ်လို့ မွန်မြတ်စေတနာလူမှုကယ်ဆယ်ရေးအသင်းကနေ သိရပါတယ်။
ဖြစ်စဉ်ကတော့ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၁ ရက်(တနင်္ဂနွေ)ည ၉ နာရီအချိန် မိုင်းနားကျေးရွာအနီးရှိ ရာဘာခြံတစ်ခုမှာ သူငယ်ချင်းနှစ်ဦး အရက်အတူသောက်ရင်းစကားများရာကနေ စစ်ကိုင်းတိုင်းဒေသကြီး အသက် ၄၃ နှစ်အရွယ် ဦးမင်းအောင်မှာ ဓားအချက်ပေါင်းများစွာနဲ့ သတ်ဖြတ်ခံခဲ့ရတာ ဖြစ်တယ်လို့ မွန်မြတ်လူမူကူညီရေးအသင်းတာဝန်ရှိသူက KNG ကို ပြောပါတယ်။
“သူက ဓားနဲ့ မွှန်းထားတာဗျ။ ငါးမွှန်းသလို မွှန်းထားတာ။ ပြောရမယ်ဆိုရင်တော့ အချက် ၄၀ လောက်တော့ရှိမယ်ထင်တယ်။ လည်ပင်းမှာ ခုတ်ထားတဲ့ဒဏ်ရာက ပြင်းတယ်”လို့ ဆိုပါတယ်။
ပြစ်မှုကျုးလွန်သူအမျိုးသားနဲ့ ကျူးလွန်ခံရတဲ့အမျိုးသားတို့ သောက်တဲ့အရက်က (တရုတ်တ ဆေး)ဆေးပြားအရက်လို့သိရပြီး သတ်ဖြတ်မှုဖြစ်စေတဲ့အကြောင်းရင်းကိုတော့ သေချာမသိရှိသေးပါဘူး။
ပြစ်မှုကျူးလွန်တဲ့အမျိုးသား ထွက်မပြေးဘဲ အခင်းဖြစ်တဲ့နေရာမှာ ဓားကိုင်ပြီးရှိနေတဲ့အတွက် ရဲတွေဖမ်းဆီးသွားတယ်လို့ သိပါတယ်။
ဝိုင်းမော်မြို့ဟာ ငှက်ပျော်လုပ်ကွက်တွေ အများအပြားရှိတဲ့အတွက် မြန်မာနိုင်ငံအောက်ပိုင်းကနေ အလုပ်လာလုပ်ကြတဲ့ ရွှေ့ပြောင်းလုပ်သားများစွာရှိတဲ့ နေရာတစ်ခုလဲ ဖြစ်ပါတယ်။
ဒါ့အပြင် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူ အများအပြားရှိတဲ့ မြို့ဖြစ်သလို ခိုးဆိုးလုယက်မှုအပြင် ခုလိုသတ်ဖြတ်မှုတွေလည်း မကြာခနဖြစ်နေတဲ့နေရာ ဖြစ်ပါတယ်။
ဝိုင်းမော်မြို့မှာ ပြီးခဲ့တဲ့ ဩဂုတ်လအမျိုးသားတစ်ဦး ရိုက်သတ်ခံရတဲ့ ဖြစ်စဉ်နဲ့ လူငယ်တစ်ဦး ဓားခုတ်ခံရတဲ့ ဖြစ်စဉ်၊ မတ်လမှာဝိုင်းမော်မြို့အမှတ် ၅ ရက်ကွက် နေအိမ်တစ်အိမ်မှာ အမျိုးသမီးရဲ့ တစ်ဦးသတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်၊ဖေဖော်ဝါရီလ စန်းကားကျေးရွာအနီးရှိ အာလူးဘာရီကျေးရွာမှာလည်း အသက် ၁၅ နှစ်အရွယ် လူငယ်တစ်ဦးဖြစ်တဲ့ မောင်ကံချား နေအိမ်ရေတွင်းမှာနောက်ပြန်ကြိုးတုပ်ခံထားရတဲ့အနေအထားနဲ့ သတ်ခံရတဲ့ ဖြစ်စဥ်တွေရှိခဲ့ပါတယ်။
ဝိုင်းမော်မြို့ဟာ လူသတ်မှု၊ ပိုင်ရှင်မဲ့အလောင်းတွေ့ရှိမှုနဲ့ ရာဇဝတ်မှု အမျိုးမျိုးကို ခပ်စိပ်စိပ်မြင်တွေ့နေရတာ ဖြစ်ပါတယ်။
ခုလို ဖြစ်စဉ်တွေကြောင့် နောက်ဆက်တွဲအနေနဲ့ ဒေသခံပြည်သူတွေအတွက် လုံခြံမှုနည်းပါးလာပြီး သွားရလာရတာလည်း ပိုမိုခက်ခဲလာတယ်လို့ သိရပါတယ်။
By – Hope



