သတင်း

မြစ်ဆုံစီမံကိန်းအကြောင်းပြုပြီး တရုတ်အကူညီပိုရအောင်လုပ်‌နေတယ်လို့ နိုင်ငံရေးသုံးသပ်သူတွေပြော

အာဏာသိမ်းစစ်‌ခေါင်းဆောင်ဟာ မြစ်ဆုံစီမံကိန်းကိုဆက်ပြီး အကောင်အထည်ဖော်ဖို့ ကြိုးစားနေတာက တရုတ်အစိုးရရဲ့အကူအညီပိုရလာအောင် လုပ်ဆောင်နေတာဖြစ်တယ်လို့ ကချင်ဒေသခံနိုင်ငံရေးလေ့လာသုံးသပ်သူတွေ ပြောပါတယ်။

တရုတ်အနေနဲ့ ဒီစီမံကိန်းကို လုပ်ချင်အုံးမယ်ဆိုတဲ့အတွေး မင်းအောင်လှိုင်ဆီမှာ ရှိပုံရတာကြောင့် ဒါကို ခေါင်းစဉ်တပ်ပြီး တရုတ်ရဲ့ ထောက်ပံ့အားပေးမှုကို ပိုရဖို့ ရှာဖွေတာဖြစ်တယ်လို့ သုံးသပ်မိတယ်။ဆိုတော့ လုပ်လို့ရမယ်၊ မရဘူးဆိုတာထက် တရုတ်တွေပိုပြီး စိတ်ဝင်စားလာအောင် ပိုပြီးရင်းနှီးမြုပ်နှံမှုလုပ်လာအောင် နည်းလမ်းရှာတာ၊ ဒီခေါင်းစဉ်တွေ ထုတ်ပြောတာ ဖြစ်နိုင်တယ်လို့ မြင်တယ်လို့ကချင်နိုင်ငံရေးသုံးသပ်သူတစ်ဦးပြောပါတယ်။

ဒီမြစ်ဆုံစီမံကိန်းကို ယခင် ၂၀၁၁ ခုနှစ် ဦးသိန်းစိန်လက်ထပ်မှာ ပြည်သူလူထုတစ်ရပ်လုံးရဲ့ကန့်ကွက်မှုကြောင့် ရပ်နားထားရတဲ့အပြင် NLD အစိုးရလက်ထက်မှာလည်း ရှေ့ဆက်မတိုးပဲ ရပ်နားထားတာဖြစ်ပါတယ်။

ဆယ်စုနှစ်ကျော်အကြာ ရပ်နားထားတဲ့ ဒီမြစ်ဆုံစီမံကိန်းကို ပြန်လည်အကောင်အထည်ဖော်နိုင်ဖို့ စစ်ခေါင်းဆောင်က နည်းအမျိုးမျိုးနဲ့ကြိုးစားနေတယ်လို့ ကချင်လူထုကပြောဆိုပါတယ်။ 

အကြိမ်ကြိမ် အခါခါရှိပြီ သူ ဒီစကားကို ပြောနေတာ။ အခု တရုတ်ဆီသွားပြီးတောင် လူကိုယ်တိုင်ပြောတာ။ ဒါကြောင့် မင်းအောင်လှိုင်ဟာ သူပြောချင်တာ ပြောနေတယ်လို့ပဲ မြင်တယ်။ ဘယ်လိုမှ ဒီမြစ်ဆုံစီမံကိန်း ဖြစ်လာမှာမဟုတ်ဘူး။ ဘာလို့ဆို ဒီမေခ မလိခ မြစ်ပေါင်းဆုံရာ မြစ်ဆုံဟာ ကချင်ပြည်နယ် တစ်ခုတည်းနဲ့ဆိုင်နေတာ မဟုတ်ဘူး။ မြန်မာတစ်နိုင်ငံလုံးနဲ့ သက်ဆိုင်နေတဲ့နေရာဖြစ်တာကြောင့် တစ်နိုင်ငံလုံး ကချင်ပြည်တစ်ခုလုံး ဘယ်သူမှ ဒါကို လက်ခံမှာ မဟုတ်ပါဘူးလို့ မြစ်‌ဆုံဒေသခံတစ်ဦး ပြောပါတယ်။

မြစ်ကြီးနားမြို့ရဲ့မြောက်ဘက် ၂၈ မိုင်အကွာရှိ မေခမြစ်နဲ့မလိခမြစ်တို့ပေါင်းဆုံရာမြစ်ဆုံမှာ ရေကာတာတည်ဆောက်ရေးစီမံကိန်းဟာ ပြည်သူလူထုတစ်ရပ်လုံးကန့်ကွက်နေတဲ့အပြင် မြန်မာတစ်နိုင်ငံလုံးနဲ့ သက်ဆိုင်နေတာကြောင့် စစ်တပ်ဖြစ်ချင်သလို ဖြစ်လာနိုင်မှာမဟုတ်ဘူးလို့ မြစ်ဆုံဒေသခံတွေ ဆက်ဆိုပါတယ်။

ဒါ့အပြင်စီမံကိန်းတည်ရှိတဲ့နေရာဟာလည်း လတ်တလော စစ်‌ရေးတင်းမာနေတဲ့ ကချင်ဒေသတွင်းရှိတာဖြစ်ပြီး မြစ်ဆုံအနီးဝန်းကျင်မှာလည်း နယ်မြေအနေအထားအရစစ်တပ်အပြည့်အဝထိန်းချုပ်ထားနိုင်တဲ့နေရာမဟုတ်တဲ့အတွက် စစ်ခေါင်းဆောင်ရည်မှန်းထားသလိုဖြစ်လာမှာမဟုတ်ပဲ စစ်တပ်အနေနဲ့ တရုတ်ရဲ့အာရုံစိုက်မှုရဖို့သာလုပ်နေတာဖြစ်တယ်လို့ ဆိုကြပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လနောက်ဆုံးအပတ်ကစပြီး စက်တင်ဘာလ လဆန်းပိုင်းအထိ တရုတ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ရှန်ဟိုင်းပူး‌ပေါင်း ဆောင်ရွက်ရေးအဖွဲ့( SCO) အစည်းအဝေးမှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ H.E. Mr. Vladimir Putin 3 : H.E. Mr. Shri Narendra Modi တို့အပါအဝင် နိုင်ငံပေါင်း ၂၀ ကျော်မှ နိုင်ငံ့ခေါင်းဆောင်များ၊ နိုင်ငံတကာအဖွဲ့အစည်း ၁၀ ခုမှအကြီးအကဲများတက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။ 

ဒီအစည်းဝေးမှာ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်းတက်ခဲ့ပြီး တရုတ်နိုင်ငံ သမ္မတနဲ့တွေ့ဆုံချိန် ကချင်ပြည်နယ်က မြစ်ဆုံစီမံကိန်းအကြောင်းကို ထည့်သွင်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။ 

အလားတူ ကချင်ပြည်သူတစ်ရပ်လုံးအပြင် မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကန့်ကွက်ထားတဲ့ မြစ်ဆုံစီမံကိန်းကို ဘယ်အစိုးရဖြစ်ဖြစ် ခွင့်ပြုကာအကောင်အထည်ဖော်လာသည်ရှိသော် နည်းလမ်းအမျိုးမျိုးနဲ့ ကန့်ကွက်သွားရမှာဖြစ်တယ်လို့ ကချင်နိုင်ငံရေးခေါင်းဆောင်တစ်ဦးကလည်း ပြောပါတယ်။ 

ဘယ်အစိုးရပဲဖြစ်ဖြစ် ဒီစီမံကိန်းကို ဆောက်လုပ်ဖို့ အခွင့် ဘယ်လိုမှ မပေးနိုင်ပါဘူး။ အကြိမ်ကြိမ် အခါအခါ ဒါကို ကန့်ကွက်ခဲ့ကြပြီးပြီ။ ဆိုတော့ အခုလည်း ဒါကို ကန့်ကွက်ဖို့က နည်းလမ်းအမျိုးမျိုးသုံးပြီး ကန့်ကွက်သွားမှာပဲ။ ဆက်လက်ပြီးလည်း အကယ်လို့ စစ်တပ်အာဏာနဲ့ လုပ်လာသည်ရှိသော် ကျနော်တို့တွေကတော့ နည်းလမ်းအမျိုးမျိုးနဲ့ ဒီစီမံကိန်း မဖြစ်မြောက်အောင် ကန့်ကွက်သွားမှာပဲလို့ ပြောချင်ပါတယ်လို့ ကချင်နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦး ပြောပါတယ်။ 

ဒါပေမယ့် စစ်တပ်ထောက်ခံသူတွေနဲ့ စစ်တပ်အသိုင်းအဝိုင်းက တော့ မြစ်ဆုံစီမံကိန်းအကောင်အထည် ဖော်သင့်ကြောင်းပြောဆိုမှုတွေရှိနေပါတယ်။ 

မဲမသမာမှုရှိတယ်ဆိုတဲ့ အရပ်သားအစိုးရကို အာဏာသိမ်းခဲ့တဲ့ စစ်ခေါင်းဆောင်ဟာ ပြီးခဲ့တဲ့ မေလမှာလည်း မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း ရပ်ဆိုင်းခဲ့ရတာကြောင့် ပြည်တွင်း လျှပ်စစ်ဓာတ်အားဖူလုံမှုမရှိတဲ့အတွက် မြစ်ဆုံစီမံကိန်းဖော်ဆောင်ဖို့ ပြောဆိုခဲ့ပါတယ်။

By – Hope

Show More

Related Articles

Back to top button